ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် “ရဟန်းတို့အကြောင်းနှင့်တကွ အခြံအရံနှင့်တကွ အရိယသမ္မာသမာဓိကို ဟောကြားပေအံ့၊ အရိယသမ္မာသမာဓိ၏အကြောင်းနှင့် အခြံအရံသည် ကျန်မဂ္ဂင်ခုနစ်ပါးဖြစ်ပုံ၊ ထိုမဂ္ဂင် ခုနစ်ပါးတွင် သမ္မာဒိဋ္ဌိသည် ရှေ့သွားခေါင်းဆောင်ဖြစ်ပုံ၊ မိစ္ဆာမဂ္ဂင်ရှစ်ပါး, သမ္မာမဂ္ဂင် ရှစ်ပါး၏ အကျယ်သရုပ်သဘာဝ၊ သမ္မာမဂ္ဂင်ရှစ်ပါး၌ လောကီမဂ္ဂင်, လောကုတ္တရာ မဂ္ဂင် သရုပ်သဘာဝများ၊ သမ္မာမဂ္ဂင်များရရှိပြည့်စုံနေလျှင် မိစ္ဆာမဂ္ဂင်များကို ပယ်စွန့် နိုင်ပုံ၊ သမ္မာမဂ္ဂင်များပြည့်စုံမှု၌ သမ္မာဒိဋ္ဌိ သမ္မာဝါယာမ, သမ္မာသတိ သုံးပါးတို့ ပြေးဝင်(အတူတကွဖြစ်)ခြံရံပုံ၊ သမ္မာမဂ္ဂင်ရှစ်ပါးတွင် ရှေးရှေးမဂ္ဂင်ဖြစ်လျှင် နောက် နောက်မဂ္ဂင်များ ရှေ့နောက်အစဉ်ဖြစ်ပုံ၊ သမ္မာသမာဓိဖြစ်သူအား သမ္မာဉာဏ ဖြစ်သူအား သမ္မာဝိမုတ္တိဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါးနှင့်ပြည့်စုံသူသည် သေက္ခပုဂ္ဂိုလ်ဖြစ်ပြီး မဂ္ဂင်ဆယ်ပါးနှင့်ပြည့်စုံသူသည် ရဟန္တာပုဂ္ဂိုလ်ဖြစ်နိုင်ပုံ၊ သမ္မာဉာဏဖြင့် အကုသိုလ် ဓမ္မအားလုံး ကင်းပျောက်သွားပုံ၊ ဘာဝနာပြည့်ပြည့်စုံစုံဖြစ်ပုံ၊ သမ္မာမဂ္ဂင်ရှစ်ပါးရှိသော ပုဂ္ဂိုလ်တို့အား မိစ္ဆာမဂ္ဂင်ရှစ်ပါးနှင့် မိစ္ဆာမဂ္ဂင်လျှင်ဖြစ်ကြောင်းရှိသော အကုသိုလ် တရားတို့ပျက်စီးပုံ၊ သမ္မာမဂ္ဂင်လျှင်ဖြစ်ကြောင်းရှိသော ကုသိုလ်တရားတို့ ဘာဝနာ ပြည့်စုံခြင်းသို့ရောက်ပုံ၊ မဂ်ကိုဆင်ခြင်သော ပစ္စဝေက္ခဏ(သမ္မာ)ဉာဏ်ရှိသောပုဂ္ဂိုလ်အား မိစ္ဆာဉာဏ်ပျက်စီးပုံ၊ မိစ္ဆာဉာဏ်လျှင်ဖြစ်ကြောင်းရှိသော အကုသိုလ်တရားတို့ ပျက်စီးပုံ၊ သမ္မာဝိမုတ္တိ (အရဟတ္တဖိုလ်)ရှိသောပုဂ္ဂိုလ်အား မိစ္ဆာဝိမုတ္တိပျက်စီးပုံ၊ မိစ္ဆာ ဝိမုတ္တိဟူသော အကြောင်းကြောင့်ဖြစ်ကုန်သော များစွာသောအကုသိုလ်တရားတို့ ပျက်စီးပုံ၊ သမ္မာဝိမုတ္တိ-ဟူသော အကြောင်းကြောင့်ဖြစ်ကုန်သော များစွာသော ကုသိုလ်တရားတို့ တိုးပွားဖြစ်ပေါ်လာပုံ၊

(သမ္မာဒိဋ္ဌိ အစရှိသော ကုသိုလ် ၁၀-ပါး၊ သမ္မာဒိဋ္ဌိ အစရှိသည်တို့ကြောင့် ဖြစ်ပေါ်လာကုန်သော များစွာသော ကုသိုလ် ၁၀-ပါး-ဟူသော) ကုသလပက္ခ ၂၀။ (မိစ္ဆာဒိဋ္ဌိအစရှိသော အကုသိုလ် ၁၀-ပါး၊ မိစ္ဆာဒိဋ္ဌိအစရှိသော အကြောင်းကြောင့်ဖြစ်သော များစွာသော အကုသိုလ်၁၀-ပါးဟူသော) အကုသလပက္ခ ၂၀ (အားဖြင့် ၄၀-သော တရားတို့ကိုပြခြင်းကြောင့်) မဟာစတ္တာရီသက ငါဘုရား ဖြစ်စေတော်မူအပ်ပြီ။ လောက၌ သမဏဖြစ်စေ၊ ဗြဟ္မဏဖြစ်စေ၊ နတ်ဖြစ်စေ၊ ဗြဟ္မာ ဖြစ်စေ၊ မာရ်နတ်ဖြစ်စေ တစ်စုံတစ်ယောက်မျှ မဖြစ်စေနိုင်။

ဤမဟာစတ္တာရီသကသုတ်တော်ကို ကဲ့ရဲ့ပြစ်တင်သူတို့ရရှိနိုင်သော အပြစ်၊ ဥက္ကလဇနပုဒ်၌နေကြကုန်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိဖြစ်ကြကုန်သော ဝဿ, ဘညမည်သော သူနှစ်ယောက်တို့သည်သော်လည်း မဟာစတ္တာရီသက ဒေသနာတော်ကို မကဲ့ရဲ့ထိုက်၊ မပစ်ပယ်ထိုက်ဟု မှတ်ထင်ကြကုန်ပြီ၊ အဘယ့်ကြောင့်နည်းဟူမူ-ကဲ့ရဲ့ခြင်းမှကြောက်ခြင်း၊ ထိပါးချုပ်ချယ်ခြင်းမှကြောက်ခြင်း၊ သူတစ်ပါးစွပ်စွဲခြင်းမှကြောက်ခြင်းကြောင့်တည်းဟု ရဟန်းတို့အား တစ်ပါးစီ တစ်ပါးစီသော ဒေသနာတော်ကို အကျယ်အားဖြင့် ဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များရှိပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၃၊၁၁၆-၁၂၂။ မ၊မြန်၊၃၊၁၁၈-၁၂၅။ မ၊ဋ္ဌ၊၄၊၉၂-၆။ မ၊ဋီ၊၃၊၃၀၅-၃၁၀။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၂-အနုပဒဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ