မဟာစေတီ
မဟာစေတီ သည် ပဲခူးမြို့၊ ပဲခူးမြစ်၏ အနောက်ဘက်ကမ်း၊ ကလျာဏီသိမ်တော်ကြီး၏ အနောက်မြောက် ယွန်းယွန်းတွင် တည်ရှိပြီး ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး၏ကောင်းမှုဖြစ်သည်။
မဟာစေတီ | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 17°20′21″N 96°27′15″E / 17.339151°N 96.454237°Eကိုဩဒိနိတ်: 17°20′21″N 96°27′15″E / 17.339151°N 96.454237°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
Sect | ထေရဝါဒ ဗုဒ္ဓဘာသာ |
မျူနယ်စီပယ် | ပဲခူးမြို့ |
တိုင်း | ပဲခူးတိုင်းဒေသကြီး |
နိုင်ငံ | မြန်မာနိုင်ငံ |
ဗိသုကာ | |
တည်ထောင်သူ | ဘုရင့်နောင် |
ပြီးစီး | ၁၅၆၀ |
သမိုင်းကြောင်း
ပြင်ဆင်ရန်စေတီတည်ရန်အတွက် ဗညားလော၊ ဗညားဒလ၊ ဗညားပရံ၊ ဗညားကျန်းထော မွန်အမတ်ကြီး လေးဦး၊ သိရီဇေယျ နော်ရထာ၊ သိရီဇေယျ ကျော်ထင်၊ နေမျိုး ကျော်ထင်၊ နန္ဒ ကျော်ထင် မြန်မာအမတ်ကြီး လေးဦးတို့ကို လူစရိတ်ငွေ ၄၀၀ ပေးကာ စေတီတော်ကြီးတည်မည့်နေရာတွင် မြေရှင်း၊ မြေညှိလုပ်ငန်းများ လုပ်စေသည်။ ကျောက်တူးရန် ငွေ ၄၀၀ ထပ်မံပေးပြီး ကောင်းမှုတော် အနောက်တွင် နန်းပြာသာဒ်ဆောက်ကာ ကိုယ်တိုင်ပင် ကြပ်မတ်ကာ အပြီးတည်လေသည်။ သက္ကရာဇ် ၉၂၁၊ ဝါဆိုလဆန်း ၅ ရက်၊ ကြာသပတေးနေ့တွင် စေတီတော်ဖိနပ်ရာအတွက် စတင်တွင်းတူးသည်။ ဝါခေါင်လပြည့်ကျော် ၂ ရက်၊ ကြာသပတေးနေ့တွင် ရွှေ၊ ငွေ အုတ်များစီသည်။ ဇောတိယာယံကျောင်းနှင့် ကျောင်းရံပေါင်း ၄၀ စတင်ဆောက်သည်။
နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေနေ့တွင် စေတီတော် ဌာပနာရန် အတွက်ဓာတ်တော်၊ မွေတော်များကို မင်းမျိုးများ၊ မင်းညီမင်းသားများ က ရွှေနန်းတော်မှ ပို့ဆောင်ပွဲကျင်းပသည်။ ထိုနေ့တွင်ပင် ရာဇဒေဝီ မိဖုရားမှ သမီးတော်တစ်ပါးဖွားမြင်ရာ ရာဇဓာတုကလျာ ဟုအမည်ပေးလေသည်။
နတ်တော်လပြည့်ကျော် ၂ ရက်တွင် ပွဲသဘင်ကြီးကျင်းပကာ ပထမ ဌာပနာပွဲကြီးကျင်းပသည်။ ထိုမှ အစပြုကာ နောက် ၅ လအတွင်း ၅ကြိမ်၊စုစုပေါင်း ဌာပနာထည့်သွင်းပွဲကြီး ၆ ကြိမ်တိုင်တိုင်ကျင်းပသည်။ ထိုသို့ဖြင့် ၆ လအကြာတွင် သံတောင် ၁၀၀၊အရပ်တော် ၁၅၀ ရှိသည့် မဟာစေတီကြီး တည်ထားကိုးကွယ်ခြင်းမှာ ပြီးမြောက်အောင်မြင်လေသည်။
၉၂၂၊ ပြာသိုလပြည့်ကျော် ၂ ရက်နေ့တွင် ထီးတော်တင်ပွဲကျင်းပသည်။ မိမိကိုယ်တိုင်ဆောင်းသည့် မင်းဆောင်း မကိုဋ်တော်ကို လည်းလှုသည်။ စေတီတော်ကြီးအရှေ့တွင် ဥယျာဉ်တော်ကြီးဆောက်ကာ တာဝတိံသာ ဟုအမည်ပေးသည်။ ရွှေနန်းတော်ကိုလည်းဖျက်ကာ မဟာစေတီတွင် ဇေတဝန်ကျောင်းကြီး ၄ ကျောင်းနှင့်တကွ ကျောင်းရံ ၁၀၀ ကိုလည်းလှုသည်။ ရွှေကျောင်းကြီး ၄ ကျောင်းတွင် ၅၅၀ ဇာတ်နိပါတ်များကို ရေးဆွဲပူဇော်စေသည်။ မဟာစေတီ တံတိုင်းအတွင်း သုဓမ္မာဇရပ်များဆောက်ကာ ရွှေချရန် ရွှေချိန် ၅၃ ပိဿာ၊ ၅ကျပ်နှင့် တစ်မတ်သား တိတိ လှုသည်။ စေတီတော် တည်စဉ်က စံမြန်းသည့် ပြာသာဒ် သုံးဆောင်ကိုလည်း ဖျက်ကာ ကျောင်းဆောက်လှူသည်။
၁၅၉၉ ခုနှစ်တွင် အနောက်ဘက်လွန်မင်းသည် ပဲခူးအား သိမ်းပိုက်ပြီးသောအခါ တောင်ငူသို့ မွေတော်ဓာတ်တော်တို့အား ပင့်ဆောင်ခဲ့သည်။[၁] ၁၆၃၆ ခုနှစ်တွင် သာလွန်မင်းတရားသည် တောင်ငူသို့ ကျူးကျော်ခဲ့ပြီး မွေတော်ဓာတ်တော်တို့အား အင်းဝသို့ပင်ဆောင်ကာ စစ်ကိုင်းမြို့တွင် ကောင်းမှုတော်စေတီကို တည်ထားခဲ့သည်။[၁] သမိုင်းတစ်လျှောက်တွင် မဟာစေတီတော်ကြီးသည် စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ဖြစ်ပွားသော ငလျင်များကြောင့် ကြိမ်ဖန်များစွာ ပျက်စီးခြင်းသို့ ရောက်ခဲ့ရသည်။ ၁၅၆၄၊ ၁၅၈၃ နှင့် ၈ အောက်တိုဘာ ၁၈၈၈ ခုနှစ်တို့တွင် ငလျင်ဒဏ်ခံစားခဲ့ရပြီး ၁၉၃၀ ခုနှစ်တွင် ပြိုကျခြင်းသို့ ရောက်ခဲ့ရသည်။ [၂][၃]မဟာစေတီကို ၁၉၅၀ ခုနှစ်တွင် ပြန်လည်တည်ထား ကိုးကွယ်ခဲ့ကြသည်။[၄]
မဟာစေတီကို ပုဒ်ခွဲလျှင် မဟာမှာ = များခြင်း၊ မြတ်ခြင် အနက်နှစ်ရပ်လုံးကို ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဌာပနာသော ဓာတ်တော်များအရေအတွက် များပြားလှခြင်း အခြားစေတီများ ထက် သာလွန်ခြင်း ‘မြတ်သည်’ဟု အနက်ကောက်ယူထိုက်ပါသည်။
စေတီတော်ဉာဏ်တော်အမြင့်သည် (၃၃၃)ပေ ဖြစ်ပြီး လုံးပတ်တော်မှာ အဝန်းပေ(၁၅၀၀) ဖြစ်သည်။ စေတီရံများအဆူ(၆၀) ဖြစ်ပြီး ဌာပနာတော်များမှာ- # သီဟိုဠ်ဘုရင်ဆက်သသော ဗုဒ္ဓမြတ်စွယ်တော်များ
- မြသပိတ်တော်
- ဓာတ်တော်ပေါင်း (၆၃၃၈၀)ဆူ
- သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ရေးထိုးထားသော ရွှေပြားပုရပိုက်များ၊ ရွှေပေ၊ ငွေပေ တို့အပေါ် ရေးသားအပ်သော ပိဋကတ်များ ဖြစ်သည်။
ဘွဲ့မည်တော်များမှာ-
- မဟာစေတီ
- ဆုတောင်းပြည်စွယ်တော်ရှင် မဟာစေတီတော် မြတ်ကြီးပရိဘောဂစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ (၃)မျိုး ထိုက်သောကြောင့် ဆုတောင်းပြည့်ပြီး လူ၊ နတ်၊ နိဗ္ဗာန်ချမ်းသာ အကျိုးပြည့်စေသည်။ ဘွဲ့အမည်တူ မဟာစေတီတို့ကို စစ်ကိုင်း၌ လည်းကောင်း၊ ထိုင်းနိုင်ငံ ဇင်းမယ်၌လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ၌လည်းကောင်း လေ့လာတွေ့ရှိရသည်။
စစ်ကိုင်းတွင် (၈၆၃)ခု အင်း၀ရွှေနန်းကျော့ရှင် နရပတိ တည်တော်မူပြီး (၈၇၀)ပြည့်နှစ်တွင် ရွှေထီးတော်တင်လှူခဲ့ပြီး ကျောက်စာလည်းစိုက်ထူခဲ့သည်။ ဉာဏ်တော်သံတောင် (၁၃၀) ရှိ၍ မင်းရဲရန္တမိတ်လက်ထက်က တံတိုင်းကာရံ၍ ပစ္စယာမ်သုံးဆင့်သာ ပြီးခဲ့သည်။
ဇင်းမယ်တွင် ပျက်စီးနေသော မဟာစေတီကို ဘုရင့်နောင်မင်းတရားကြီးသွားရောက်ပြီး (၉၃၅)ခု၊ နတ်တော်လတွင် အသစ်တဖန်ထပ်မံတည်ဆောက်ပြုပြင်ခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ဘုရားဒါယကာ သာသနာပြုမင်းအဖြစ် ကျော်ကြားခဲ့သော ဒုဋ္ဌဂါမဏိမင်း၊ သာသနာနှစ်(၃၇၂)ခုနှစ်တွင် ဉာဏ်တော် သံတောင်(၁၈၀)မှီတည် ထောင် ခဲ့သည်။ အလွန်ရှေးကျပြီး သာသနာနောက်ပိုင်းခေတ်ဓာတုပရိနိဗ္ဗာန်ပြုမည့်အချိန်တွင် သီရိလင်္ကာရှိ ဓာတ်တော်များသည် ထိုမဟာစေတီတွင် စုဝေးရောက်ရှိပြီးနောက်ဆုံးတွင် ဗောဓိပလ္လင်မှာ စုပေါင်း၍ ဓာတုပရိနိဗ္ဗာန်ပြုကြမည်ဟု အဌကထာကျမ်းများ၌ ပြဆို ထားကြောင်း လေ့လာတွေ့ရှိရသည်။
ထူးခြားသောဝိသေသ(၆)ချက်
ပြင်ဆင်ရန်- စေတီရံငယ်ခြောက်ဆယ်နှင့် မုခ်ဦးစေတီလေးဆူတည်ထားရန်အတွက် ရင်ပြင် တော်မှ တစ်ဆယ်ခြောက်ပေမြင့်သော ပစ္စယာမ်ကြီးတစ်ဆင့်သာရှိခြင်းမှာ အခြား စေတီများကဲ့သို့ ပစ္စယာမ်သုံးဆင့်မရှိပါ။ ရှစ်မျက်နှာရှိသော အာလိန်များကို အထက်သို့ကိုးပေမြင့်တိုင်း အတွင်းသို့ကိုးပေ(လျို)ကာ အဆင့်ကိုးဆင့်တည်ဆောက်ထားခြင်းသည် ပထမထူးခြားချက်
- (၈၁)ပေမြင့်သောအာလိန်ကိုးဆင့်လို ကိုးဆယ့်ကိုးထစ်ရှိသော နတ်လမ်းလှေကား များဖြင့် အထက်ကြည်းဝန်းအထိ အလွယ်တကူ တက်ရောက်ကြည်ညိုနိုင်ခြင်းသည် ဒုတိယထူးခြားချက်
- နတ်လမ်းသွယ်လှေကားအဝန်းတွင် မုခ်ထောက်ပြာဿဒ်ကိုးဆူစီဖြင့် လှပတင့်တယ် ရှုချင်စဖွဘ် တည်ရှိခြင်းသည် တတိယထူးခြားချက်
- စေတီတော်ကြီး၏ ခိုနန်းချိုးများတွင် စိန်တောင်များဖြင့်တန်ဆာဆင်ထားပြီး စိန်တောင်အယ်မှ သင်္ဘောဦးတွင် ဓမ္မစကြာအတိုင်းတပ်ဆင်ပြီး ယိုးဒယား သဇင်ခွေ များခြံရံကာ အထက်ပိုင်းတွင် နှစ်ထပ်ကြာဖတ်များအနိမ့်အမြင့်အစီအရီ တည်ဆောက်ထားခြင်းမှာ မြန်မာ့ပန်းတမော့လက်ရာ ပြောင်မြောက်စွာ တွေ့ရခြင်း သည် စတုတ္ထထူးခြားချက်
- ပစ္စယာမ်ကြီးအခြေတွင် အမြင့်(၃)ပေ အကျယ်(၈)ပေပန်းတင်ခုံပါတ်လျှက် ယင်းအပေါ်တွင် ရွှေပန်းခိုင်ဆောက်ကောက်ပန်းအိုးများ၊ ပါရမီဆယ်ပါးသရုပ်ဖော် ရုပ်လုံး၊ ရုပ်တုများလှပဆန်းကြယ်စွာ စီမံထားခြင်းမှာ ဤစေတီတော်မြတ်၏ ထူးခြားချက် ပဉ္စမဖြစ်သည်။
- တံခွန်တိုင်ကြီးများကိုလည်း “ဟင်း၊ လင်း၊ ကြက်၊ ကျေး၊ ငှက်မြတ်လေးကောင် ထည့်ဆောင်လုပ်ထား ငှက်မြတ်နား” ဟူသော ရှေးစကားရပ်နှင့် အညီ ဟင်္သာရုပ်၊ ကြက်ရုပ်နှင့် ကြက်တူရွေးရုပ်များနားစေလျက် ဆွဲလည်းရွဲ၊ တံခွန်လုံး၊ တံခွန်ပြားများဖြင့် တန်ဆာဆင်ထားခြင်းသည် ဆဌမမြောက်ထူးခြားချက်ပင်ဖြစ်သည်။
ဘဒ္ဒကမ္ဘာမြတ်ဘုရားငါးဆူကို ရည်ဆူးပြီး စိန်ဖူးတော်ငါးဆူပူဇော်ထားသည်မှာလည်း နေရောင်၊ လရောင်၊ မီးရောင်ခြည်တွင် တလျှပ်လျှပ်တောက်ပြောင်နေသည်မှာ ကြည်ညို စရာပင်ဖြစ်သည်။ စေတီတော်မြတ်ကြီး ဝတ္ထုကံမြေမျာ အဝန်းပေ(၁၅၀၀)ရှိပြီး ညီညာပြန့်ပြူး၍ စတုရန်းပုံ တံတိုင်းဝန်းရံလျှက် ဧကခြောက်ဆယ် ကျယ်ဝန်းသော မြေအလယ်တွင် စံပယ်လျက် ရှိသည်။ များပြားလှသော ဌာပနာ၊ ဓာတ်တော်များထဲတွင် ထူးခြားမှုများ ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး၏ရုပ်တုကို မင်းဆောင်မင်းယောင်နှင့်တကွ တန်ဆောင်တိုင်ရှိခိုးတော် မူဟန် ရွှေသားအတိဖြင့် သွန်းလုပ်ထည့်လှူခဲ့သည့်အပြင်ဖော်ပြပါ ကိုယ်ပွားရုပ်တုတော်များ ကိုလည်း ရွှေသားအတိဖြင့် ထုလုပ်ထည့်သွင်းခဲ့သည်။
- မင်းတရားကြီး၏ ခမည်းတော်ရုပ်
- မင်းတရားကြီး၏မယ်တော်ရုပ်
- အတုလသီရိမဟာရာဇဒေဝီရှင် မိဖုရားရုပ်
- သမီးတော်အင်း၀မိဖုရားရုပ်
- မြေးတော်နတ်ရှင်မယ်တော်ရုပ်
- သားတော်မဟာဥပရာဇာရုပ်
- မြေးတော်မင်းကြီးစွာရုပ်
- ရာဇဒေဝီရှင်မိဖုရားကြီးရုပ်
- သားတော်မင်းသားစစ်အရုပ်
- သမီးတော်ရာဇဓာတုကလျာအရုပ်
- စန္ဒာဒေဝီရုပ် မိဖုရားအရုပ်
- သမီးတော်ခင်စောအရုပ်တို့ဖြစ်သည်။
အိမ်နိမ့်တွင်မြင်သော သားတော်၊ သမီးတော်အရုပ်၊ ညီတော်သတိုးဓမ္မရာဇာအရုပ်၊ မိဖုရားအရုပ်၊ သမီးတော်နှစ်ပါးအရုပ်၊ ညီတော်မင်းခေါင်အရုပ်၊ သားတော်နှစ်ပါး၊ သမီးတော်သုံးပါး အရုပ်၊ ညီတော်သတိုးမင်းစောအရုပ်၊ မှူးကြီး၊ မတ်ကြီးအရုပ်တို့ကို ငွေသားသွန်း၍ တန်ဆောင်ကိုင် ထိုင်ရှိခိုးနေဟန် ထုလုပ်၍ ထည့်သွင်းပူဇော်တော်မူခဲ့သည်။ [၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Thabrew၊ W. Vivian De (2014-03-11)။ Buddhist Monuments And Temples Of Myanmar And Thailand (အင်္ဂလိပ်ဘာသာစကားဖြင့်)။ AuthorHouse။ ISBN 9781491896228။CS1 maint: date and year (link)
- ↑ Thein, Maung (2009). "EARTHQUAKE AND TSUNAMI HAZARD IN MYANMAR". Journal of Earthquake and Tsunami 3: 43-57.
- ↑ Guides၊ Insight (2015)။ Insight Guide: Myanmar (Burma) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Apa Publications (UK) Limited။ ISBN 9781780058849။
- ↑ Wojciehowski၊ Hannah Chapelle (2011-08-22)။ Group Identity in the Renaissance World (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ ISBN 9781107003606။CS1 maint: date and year (link)
- ↑ https://bagoregion.gov.mm/ဆုတောင်ပြည့်စွယ်တော်ရှ/[လင့်ခ်သေ]