မဟာဘုတ်ရုပ်

(မဟာဘူတ မှ ပြန်ညွှန်းထားသည်)

မဟာဘုတ်[]၊ ဘူတရုပ်၊ ဓာတ်ကြီးလေးပါး။ (ပါဠိလို-ပထဝီအာပေါဝါယောတေဇော၊ မြန်မာလို- မြေ၊ ရေ၊ လေ၊ မီး၊ ဤလေးပါးကို မဟာဘုတ်ဟုလည်းကောင်း၊ ဘူတရုပ်ဟုလည်းကောင်း၊ ဓာတ်ကြီးလေးပါးဟုလည်းကောင်း ခေါ်ကြ၏။)

ဤဓာတ်ကြီးလေးပါးသည်-

  • ကြီးသည် ဖြစ်၍ ထင်ရှားစွာ ဖြစ်ခြင်းကြောင့်လည်းကောင်း၊
  • မဟာဘုတ်မည်သော မျက်လှည့်သည်၊ ဘီလူး၊ ဘီလူးမ စသည်တို့နှင့် တူသောကြောင့်လည်းကောင်း၊
  • များစွာသော အကြောင်းတရားတို့သည် ဆောင်အပ်သောကြောင့်လည်းကောင်း၊
  • အလွန်ကြီးမား များပြားသော ဖောက်ပြန်ခြင်းရှိသောကြောင့်လည်းကောင်း၊
  • ကြီးကျယ် ထင်ရှားရှိသောကြောင့်လည်းကောင်း မဟာဘုတ်မည်၏။

ဓာတ်ကြီးလေးပါးသည် တော၊ တောင်၊ သမုဒ္ဒရာ၊ မဟာပထဝီ၊ စကြဝဠာ စသည်တို့၏ အစွမ်းဖြင့် သက်မဲ့သန္တာန်၌လည်း ကြီးသည်ဖြစ်၍ ထင်ရှားစွာဖြစ်ကုန်၏။ ငါး၊ လိပ်၊ နတ်၊ နဂါး၊ ဘီလူး၊ အသူရိန် စသည်တို့၏ ခန္ဓာကိုယ်အစွမ်းဖြင့် သက်ရှိသန္တာန်၌လည်း ကြီးသည်ဖြစ်၍ ထင်ရှားစွာဖြစ်ကုန်၏။ ထို့ကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

မျက်လှည့်သမားသည် ပတ္တမြားမဟုတ်သော ရေကို ပတ္တမြားပြုလုပ်၍ ပြသကဲ့သို့လည်းကောင်း၊ ရွှေမဟုတ်သော မြေစိုင်ခဲကို ရွှေပြုလုပ်၍ ပြသကဲ့သို့လည်းကောင်း၊ မျက်လှည့်သမားသည် မိမိကိုယ်တိုင် ဘီလူး၊ ငှက်မဟုတ်ပါဘဲလျက် ဘီလူး၊ ငှက်အသွင် ပြုလုပ်သကဲ့သို့လည်းကောင်း ဤဓာတ်ကြီးလေးပါးသည် အညို၊ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း မဟုတ်ပါဘဲလျက် အညို၊ အဖြူ၊ အဝါ၊ အနီ၊ အစိမ်း စသော ဥပါဒါရုပ် ပြုလုပ်ကြကုန်၏။ ဤသို့ မျက်လှည့်သည် မဟာဘုတ်နှင့်တူသောကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

လူတစ်ယောက်ကို ဘီလူးဖမ်းစားရာ၌ ဖမ်းစားသော ဘီလူးကို ဖမ်းစားခံရသူ၏ ကိုယ်တွင်း၌လည်း မရအပ်၊ ကိုယ်ပြင်ပ၌ တည်သည်ဟုလည်း မဆိုသာ၊ ဖမ်းစားခံရသူကို မှီ၍ မဖြစ်ဟုလည်း မဆိုနိုင်။ ထို့အတူ ပထဝီ စသော မဟာဘုတ်ကိုလည်း ဓာတ်လေးပါး အချင်းချင်း၏ အတွင်း၌လည်း မရအပ်၊ ဓာတ်လေးပါးပြင်ပ၌ တည်သည်ဟုလည်း မဆိုသာ၊ ဓာတ် ၄-ပါး အချင်းချင်းကို မှီ၍ မဖြစ်ဟူ၍လည်း မဆိုနိုင်ရကား ဘီလူး စသော မဟာဘူတနှင့် တူသောကြောင့် ပထဝီစသည်ကို မဟာဘုတ်ဟု ခေါ်လေသည်။

ဘီလူးမ စသည်တို့သည် နှစ်လိုဖွယ် အဆင်း၊ သဏ္ဌာန်၊ လှုပ်ရှားပုံတို့ဖြင့် မိမိ၏ ကြောက်မက်ဖွယ် အသွင်ကို ဖုံးလွှမ်း၍ သတ္တဝါတို့ကို လှည့်ပတ်သကဲ့သို့ ဤဓာတ်ကြီးလေးပါးသည်လည်း မိန်းမ၏ ခန္ဓာကိုယ်၊ ယောကျ်ား၏ ခန္ဓာကိုယ်စသည်တို့၌ နှစ်သက်ဖွယ်ရှိကုန်သော အဆင်း၊ အင်္ဂါကြီးငယ်သဏ္ဌာန်၊ လက်ချောင်း၊ ခြေချောင်း၊ မျက်ခုံး၊ မျက်လုံး လှုပ်ရှားပုံတို့ဖြင့် မသိနားမလည်သော သူတို့ကို လှည့်စားကုန်၏။ မိမိတို့၏ သဘောမှန်ဖြစ်သော ကြမ်းတမ်းခြင်းလက္ခဏာ စသည်တို့ကို မြင်ခွင့်မပေးကုန်။ ဤသို့ လှည့်စားတတ်သောအားဖြင့် မဟာဘုတ်မည်ကုန်သော ဘီလူးမ စသည်တို့နှင့်တူသောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် နေ့စဉ်နေ့တိုင်း ဆောင်အပ် (ကျွေးမွေးအပ်)သောကြောင့် များစွာကုန်သော အစားအသောက်၊ ဝတ်ဆင်ဖွယ်တို့ဖြင့် ဖြစ်ကုန်၏။ ဤသို့ များစွာသော အကြောင်းတို့သည် ဆောင်အပ်သောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် ကမ္ဘာပျက်ခြင်း စသည်၏ အစွမ်းဖြင့် သက်မဲ့သန္တာန်၌လည်း အလွန်များစွာ ဖောက်ပြန်ကုန်၏။ သက်ရှိသန္တာန်၌ ကဋ္ဌမုခမြွေ အကိုက်ခံရသော ကိုယ်သည် တောင့်မာခက်ထန်သကဲ့သို့ ပထဝီဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် တောင့်မာခက်ထန်၏။ ပူတိမုခမြွေ အကိုက်ခံရသော ကိုယ်သည် ပုပ်သည်၏အဖြစ်သို့ ရောက်သကဲ့သို့ အာပေါဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် ပုပ်သည်၏အဖြစ်သို့ ရောက်၏။ အဂ္ဂိမုခမြွေ အကိုက်ခံရသော ကိုယ်သည် ပူလောင်သကဲ့သို့ တေဇောဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် ပူလောင်၏။ သတ္ထမုခမြွေ အကိုက်ခံရသော ကိုယ်သည် စုတ်ပြတ်သကဲ့သို့ ဝါယောဓာတ်ပျက်စီးသော ခန္ဓာကိုယ်သည် စုတ်ပြတ်၏။ ဤသို့ အလွန်များစွာ ဖောက်ပြန်ခြင်းရှိသောကြောင့် မဟာဘုတ်ဟု ခေါ်ဆိုကြလေသည်။

ဤဓာတ်ကြီးလေးပါးသည် ကြီးမားသော လုံ့လဖြင့် သိမ်းဆည်းအပ်သောကြောင့် ကြီးလည်း ကြီးမားကုန်၏၊ ထင်ရှားလည်း ရှိကုန်၏။ ဤသို့ ကြီးမားထင်ရှားရှိသောကြောင့် ဓာတ်ကြီးလေးပါးကို မဟာဘုတ် ခေါ်ဆိုကြလေသည်။ [][][]

ဓာတ်ကြီးလေးပါး

ပြင်ဆင်ရန်

မဟာဘူတကို ဟိန္ဒူဘာသာ၏ သင်္သကရိုက်ဘာသာစကားတွင်လည်း သုံးနှုန်းကြ၍ ယင်း၌ မြေ၊ ရေ၊ လေ၊ မီး အပြင် အာကာသဓာတ် ဆိုသည့်အရာပါဝင်သောကြောင့် ဓာတ်ငါးပါးဖြစ်သည်။[][]

ဗုဒ္ဓဘာသာတွင် ဓာတ်ကြီးလေးပါး (catudhātu) ကို မဟာဘူတ ဟူ၍ သုံးနှုန်းကား မြန်မာဘာသာစကားဖြင့် မဟာဘုတ် ဟုခေါ်ဆိုကြသည်။ ဤဓာတ်ကြီးလေးပါးတို့မှ အလုံးစုံသော ရုပ်တရားတို့သည် ပေါက်ဖွားကြသောကြောင့် လယ်တီဆရာတော်က မဟာဘုတ်ကို အလွန်ကြီးပွားတတ်သည့်သဘောဟု အနက်ဖွင့်သည်။ အောက်ပါရှင်းလင်းချက်တို့သည် ဗုဒ္ဓဘာသာအယူအဆသဘောတရားများဖြစ်ကြသည်။ []

ပထဝီဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပျော့ခြင်း၊ မည်မျှ မာခြင်းဟူသော သဘောတရား ဖြစ်သဖြင့်[] သိပ်သည်းမှုကို ဆိုလိုခြင်းတမျိုး ဖြစ်သည်။

အာပေါဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ (အစိုင်အခဲသဖွယ်) စုဖွဲ့ခြင်း၊ မည်မျှ (အရည်သဖွယ်) စီးပြောင်းခြင်း ဟူသော သဘောတရားကို ဆိုလိုသည်။[]

တေဇောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ ပူခြင်း၊ မည်မျှ အေးခြင်း အခြင်းအရာ ဖြစ်သည်။[] ပူ၍ လောင်သည့် တေဇောအသွင်၊ အေး၍ လောင်သည့် တေဇောအသွင် ဟူ၍ ၂မျိုး ရှိသည်ဟု အချို့က မှတ်ယူကြသည်။ လောကအကြောင်းကို ရူပဗေဒဖြင့် အရှိအတိုင်း လေ့လာကြသူတို့ကမူ အပူစွမ်းအင်သာ ရှိ၍ အအေးစွမ်းအင် မရှိကြောင်းကို သဘောပေါက်ကြသည်။

ဝါယောဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခုထံသို့ အားသက်ရောက်မှု ရှိလာလျှင် ၎င်းကိုယ်တိုင်က မည်သို့ ပုံစံ၊ ထုထည် ပြောင်းလဲလျက် ပတ်ဝန်းကျင်ကို မည်သို့ အားပြန်သက်ရောက်ကြောင်း သဘောသရုပ် ဖြစ်သည်။[]

အခြေခံသက်ရောက်မှုကြီး ၄မျိုးနှင့် ဆက်စပ်ကြည့်လျှင်

ပြင်ဆင်ရန်

မဟာဘူတရုပ် ၄ခုမှာ ရူပဗေဒရှိ အခြေခံ သက်ရောက်မှုကြီး ၄ခုနှင့် ထပ်တူမကျပေ။ အဘိဓမ္မာပထဝီဓာတ် (pathavi) ဆိုသည်မှာ အရာဝတ္ထုတို့၏ မည်မျှပျော့ခြင်း မည်မျှမာခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ရူပဗေဒ၏ သိပ်သည်းမှုနှင့် ဆင်တူသည်။ သိပ်သည်းမှု (density) ဟူသည်မှာ ဒြပ်မကြီးလွန်းသော အရာများတွင် လျှပ်စစ်သံလိုက်ဓာတ်၏ အဆုံးအဖြတ် ဖြစ်ပြီး ဒြပ်ကြီးလွန်းသော အရာများတွင် ဒြပ်ဆွဲမှု၏ ပါဝင်ဆုံးဖြတ်မှုကို ခံရသည်။ အာပေါဓာတ် (apo) ဆိုသည်မှာ အရာဝတ္ထုတို့ မည်မျှ စေးခြင်း မည်မျှပျစ်ခြင်း သတ္တိအခြင်းအရာ ဖြစ်လေရာ ၎င်းက အက်တမ်တွင်းအမှုန်တို့၏ လျှပ်စစ်သံလိုက်ဓာတ်အရ အပြန်အလှန် သက်ရောက်ပုံ၏ ရလဒ် ဖြစ်ပေသည်။ ဝါယောဓာတ် (vayo) ဆိုသည်မှာ အရာဝတ္ထု၏ ဖိအားရွေ့ကူးစေမှု (pressure transmittance) ၏ အဆုံးအဖြတ် ဖြစ်လေရာ[] ၎င်းအခြင်းသတ္တိအဖို့ အကြောင်းမှာလည်း လျှပ်စစ်သံလိုက်ဓာတ် ဖြစ်ပြန်သည်။ တေဇောဓာတ် (tejo) ဆိုသည်မှာ ဒြပ်သားတို့၌ အစဉ်ခိုကပ်သော အပူစွမ်းအင်နှင့် ဆင်တူလေရာ ၎င်းအပူစွမ်းအင်၏ ဖြာထွက်စီးကူးမှုမှာလည်း လျှပ်စစ်သံလိုက်ဓာတ်နှင့် ဆိုင်ပြန်သည်။ နျူကလီးယား အပြင်းစက်နျူကလီးယား အပျော့စက် တို့၏ မဟာဘူတရုပ် ၄မျိုးနှင့် ဆက်စပ်မှုကိုမူ မတွေ့ရချေ။
ထို့ကြောင့် မဟာဘူတ ၄ခုမှာ အခြေခံသက်ရောက်မှုကြီး ၄မျိုး၏ ပြုပြင်စီရင်မှုကြောင့် ဖြစ်ပေါ်လာသည့် သဘောသတ္တိများ ဖြစ်သည်၊ ရူပဗေဒ၏ အခြေခံသက်ရောက်မှုကြီးတို့က ပိုမို အခြေခံပင်ရင်း ကျသည်ဟု ကောက်ချက်ချနိုင်သည်။

ဆက်စပ်ဖတ်ရှုရန်

ဓာတ်ကမ္မဋ္ဌာန်း

ကိုးကား

  1. မဟာဘူတ (ပု၊ န) [မဟန္တ+ဘူတ။ မဟန္တ+အဗ္ဘူတ။ မဟန္တ+အဘူတ။ မဟာပရိဟာရ+ဘူတ။ မဟာဝိကာရဘူတ။ မူလဋီ၊၁၊၁၄၁။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၅၀။ မဏိမဉ္ဇူ၊၂၊၁၀၆။] (ပု) (၁) မျက်လှည့်သည်။ (ပု၊န) (၂) ပူးဝင်တတ်သူ (ဘုတ်၊ တစ္ဆေ၊ ဘီလူး၊ နတ်၊ ပြိတ္တာစသည်)။ (၃) ဘီလူးမ။ (၄) မဟာဘုတ်၊ ဘူတရုပ်၊ ဓာတ်ကြီးလေးပါး။ (၅) များစွာသော သစ်ပင်။ (၆) ကြီးသော သတ္တဝါ။ (တိ) (၇) များသော-ဂုဏ်-အာနိသင်-ရှိသော။ (ပု) (၁) မျက်လှည့်သည်။ အနေကစ္ဆရိယဒဿနေန အနေကာဘူတဝိသေသဒဿနဝသေန စ မာယာကာရော မဟန္တော ဘူတောတိ မဟာဘူတော။ (မူလဋီ၊၁၊၁၄၀။) (ပု၊ န) (၂) ပူးဝင်တတ်သူ (ဘုတ်၊ တစ္ဆေ၊ ဘီလူး၊ နတ်၊ ပြိတ္တာစသည်)။ ယက္ခာဒီနိ မဟာဘူတာနိ။ (အဘိ၊ဋ္ဌ၊၁၊၃၃၈။ ဝိသုဒ္ဓိ၊၁၊၃၆၃။) ယက္ခာဒယော ဇာတိဝသေနေဝ မဟန္တာ ဘူတာ မဟာဘူတာ။ (မူလဋီ၊၁၊၁၄၀။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၅၄။) (၃) ဘီလူးမ။ ယက္ခနီသင်္ခါတာနိ မဟာဘူတာနိ။ (ဝိသုဒ္ဓိ၊၁၊၃၆၃။)
  2. (အဘိ၊ဋ္ဌ၊၁၊၃၃၅-၉။)
  3. စတ္တာရော မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ။ (အဘိ၊ဓ၊၁၄၅။ သံ၊၂၊၅၁။ ပဋိသံ၊၁၀၁။) စတ္တာရိ စ မဟာဘူတာနိ။ (မ၊၁၊၆၆။ ဝိ၊ဋ္ဌ၊၃၊၁၂၀။) မဟာဘူတာတိ ဧတ္ထ မဟန္တပါတုဘာဝါဒီဟိ ကာရဏေဟိ မဟာ-တတာ ဉေဒိတဗ္ဗာ။ ဧတာနိ ဟိ မဟန္တပါတုဘာဝတော မဟာဘူတသာမညတော၊ မဟာပရိဟာရတော၊ မဟာဝိကာရတော၊ မဟန္တဘူတတ္တာ စာတိ ဣမေဟိ ကာရဏေဟိ မဟာဘူတာနီတိ ဝုစ္စန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၃၆။) မဟာဘူတာနီတိ ပထဝီအာပတေဇဝါယာနမေတံ အဓိဝစနံ။ (မ၊ဋ္ဌ၊၁၊၂၂၇။ သံ၊ဋ္ဌ၊၂၊၁၆။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။ ဝိသုဒ္ဓိ၊၁၊၃၆၂။ မူလဋီ၊၁၊၁၄၀။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၅၀။ ဝိဘာဝိနီ၊၁၉၄။ မဏိမဉ္ဇူ၊၂၊၁၀၆။ ဝိမတိ၊၂၊၃၈။)
  4. (၅) များစွာသော သစ်ပင်။ ဘူတာနံ ဂါမောတိ မဟာဘူတာနံ ဟရိတတိဏာဒိ ဘာဝေန သမဂ္ဂါနံ သမူဟော။ (ဝိမတိ၊၂၊၁၁။) (၆) ကြီးသော သတ္တဝါ။ မဟာဘူတာနံ ဘဝနတ္တာ မဟာသမုဒ္ဒဿ။ (မိလိန္ဒ၊၂၄၃။) (တိ) (၇) များသော-ဂုဏ်-အာနိသင်-ရှိသော။ မဟာဘူတိတ္ထိယော နာမ လောကသ္မိံ ဥဒပဇ္ဇိသုံ။ (ဇာ၊၂၊၉၃။ ဇာ၊ဋ္ဌ၊၅၊၃၉၁။) မဟာဘူတာတိ မဟာဂုဏာ မဟာနိသံသာ။ (ဇာ၊ဋ္ဌ၊၅၊၃၉၁။)
  5. See, e.g., Monier-Williams Sanskrit Dictionary where Mahābhūta is defined as: "a great element, gross el[ement] (of which 5 are reckoned, viz. ether, air, fire, water, earth ..., as distinguished from the subtle el[ement] or Tanmātra...)." Monier-Williams (1899), p. 798, entry for "Mahā-," retrieved 24 December 2008 from "U. Cologne" at http://www.sanskrit-lexicon.uni-koeln.de/scans/MWScan/MWScanpdf/mw0798-mahApheTkArIya.pdf.
  6. Gopal၊ Madan (1990)။ K.S. Gautam (ed.)။ India through the ages။ Publication Division, Ministry of Information and Broadcasting, Government of India။ p. 79
  7. ၇.၀ ၇.၁ ၇.၂ ၇.၃ ၇.၄ လယ်တီဆရာတော် (ဒီဇင်ဘာ ၂၀၀၇)။ လယ်တီဒီပနီပေါင်းချုပ် − ဝိပဿနာဒီပနီ။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၂၀။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)
  8. ပဏ္ဍိတဝေဒနီယဒီပနီကျမ်း