မဟာဘူတ ၄ခုဟူသော အခြင်းအရာ ၄မျိုး၌ တမျိုးအပါဝင် ဖြစ်သော အာပေါ ဆိုသည်မှာ (မြေဖြစ်စေ၊ သတ္တုဖြစ်စေ၊ ရေဖြစ်စေ၊ ဆီဖြစ်စေ၊ လေဖြစ်စေ) အရာဝတ္ထုတခုခု၏ မည်မျှ အစိုင်အခဲအဖြစ် စုဖွဲ့ခြင်း၊ မည်မျှ အရည်အဖြစ် စီးပြောင်းခြင်း[၁] ဟူသော သဘောသရုပ်ကို ဆိုလိုသည်။
သဘောရေးရာခွဲစိတ်နားလည်မှု အားနည်းခြင်းကြောင့် အာပေါကို ရေဓာတ် (သို့မဟုတ် အရည်ဓာတ်) ဟု ဘာသာပြန်လွဲမှားမှုတို့ ဖြစ်တတ်သည်။ စင်စစ်အားဖြင့်နားလည်နိုင်ရန် ရေဒြပ်ပေါင်းတမျိုးတည်းကို ဤသို့ စဉ်းစားနိုင်သည်။ ရေဒြပ်သားတို့၏ အပူချိန်ကို လုံလောက်စွာ နှိမ့်ထားလျှင် ၎င်းက ရေခဲဟူသော အစိုင်အခဲအဖြစ် ရှိနေမည်၊ ထိုမှတဖန် အပူပေးလိုက်လျှင် အရည်ပျော်သွားမည်။ ဤအခြင်းအရာမှာ ၎င်းဒြပ်သားစိုင်၏ အာပေါ (ယိုစီးနိုင်မှု သဘောသရုပ်အားအင်) က တိုးပွားသွားခြင်း ဖြစ်သည်။ ထို့ထက် အပူမြင့်တက်၍ ရေငွေ့ပျံသွားလျှင် ၎င်းဒြပ်သားစိုင်၏ အာပေါ (ယိုစီးနိုင်မှု သဘောသရုပ်အားအင်) က ထပ်မံ တိုးကဲသွားခြင်း ဖြစ်မည်။
ထို့အတူပင် အရည်ဖြစ်သည်ချင်း တူသော်လည်း ရေက ပျားရည်ထက် စေးသွက်သည်၊ ယိုစီးမှု ကဲသည်။ ထို့ကြောင့် ရေ၏ အာပေါက ပျားရည်၏ အာပေါထက် ပမာဏ ပိုကဲသည်ဟု ဆိုထိုက်သည်။ ထို့အတူပင် အစိုင်အခဲဖြစ်သည်ချင်း တူသော်လည်း သဲက သစ်သားထက် ပြန့်ကျဲသည်၊ ယိုစီးမှု ကဲသည်။ ထို့ကြောင့် သဲ၏ အာပေါက သစ်သား၏ အာပေါထက် မပါဏ ပိုကဲသည်ဟု ဆိုထိုက်သည်။ အာပေါဟူသည်မှာ ရေပါဝင်မှု၊ စိုထိုင်းမှု မဟုတ်ဘဲ ထိုသို့ ယိုစေးပျံ့လွင့်မှု သဘောသရုပ်ကို ဆိုလိုရင်း ဖြစ်သည်။

ဆက်စပ် ကြည့်ရှုဖွယ် ပြင်ဆင်ရန်

အကိုးအကား ပြင်ဆင်ရန်

  1. လယ်တီဒီပနီပေါင်းချုပ်