မဟာမင်းလှသင်္ခယာ (လှေသင်းအတွင်းဝန်)

လှေသင်းအတွင်းဝန် မဟာမင်းလှသင်္ခယာ(၁၂၀၅ - ၁၂၇၄) သည် လူသိများထင်ရှားခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

လှေသင်းအတွင်းဝန်ကို ၁၂၀၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ ရက်နေ့ (ခရစ်နှစ် ၁၈၄၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်နေ့) တွင် ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ပြည်လုံးအံ့လှော်ကားတော်ထောင်ကဲကြီး ဗညားဆိမ့်ကြီးရွာစား မဟာမင်းလှမင်းထင်နှင့် ထောင်ကဲကတော်တို့မှ စစ်ကိုင်းမြို့ဝါးချက်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ဦးရွှေမောင်ဖြစ်ပေတယ်။[၁]

မင်းတုန်းမင်းတရားလက်ထက် ပြင်ဆင်ရန်

ငယ်စဉ်က အမရပူရမြို့ဗားကရာတိုက်တွင် စာပေများ သင်ကြားခဲ့သည်။ ၁၅ နှစ်အရွယ်တွင် မင်းတုန်းမင်းထံ၌ လက်ဖက်ရည်တော်အဖြစ် အမှုထမ်းခဲ့သည်။ ၁၇ နှစ်အရွယ်တွင် လှေသင်းဝန်ကြီး၏ စာရေးအဖြစ် မင်းတပ်ဘွဲ့နှင့် ထမ်းရွက်ရသည့်အပြင် ပယ်ငါးဆယ်ရွာ ဝေါရွှေတိန်ညင်းခတ်လှေတော်လှေအုပ်အဖြစ် ခန့်ထားခြင်း ခံခဲ့ရသည်။

အသက် ၂၀ အရွယ်တွင် ဖောင်ဝန်ရာထူးရ၍ မြင်ကွန်းမင်းသားအရေးတွင် သက်စွန့်ကြိုးပမ်း၍ အမှုတော်ကို ထမ်းကာ ပန်းတိမ်းမင်းသားကို လက်ရဖမ်းယူဆက်သသဖြင့် မဟာမင်းလှသင်္ခယာဘွဲ့၊ မင်းသားကိုင် ပတ္တမြားပြောင်းဖူးတန်းစီ ဓားကို ပေးသနားခဲ့သည်။[၁]

လက်ထပ်ခြင်း ပြင်ဆင်ရန်

အသက် ၂၃ နှစ်အရွယ်တွင် ရှေ့ဝင်းတော်မှူးအမြင့် မြို့စားသတိုးမင်းကြီး မဟာသမိန်ဗြက်စက်သမီးမှန်နန်းအပျိုတော် နတ်မောက်မြို့စားနှင့် လက်ထပ်ခဲ့သည်။[၁]

ထောင်ကဲကြီးအဖြစ် အမှုထမ်းခြင်း ပြင်ဆင်ရန်

အသက် ၂၄ နှစ်အရွယ်တွင် ဖခင်ကွယ်လွန်သဖြင့် ဖခင်၏ ထောင်ကဲကြီးအရာကို ဆက်ခံရ၍ စစ်ကိုင်းမြို့ ဈေးခွန်၊ ဝါးချက်ရွာ ရှေ့ကိုင်းမြေခွန်များကို ခံယူရခဲ့သည်။ ထို့နောက်တွင် မန္တလေးမြို့ကို တည်ရာတွင် အနောက်မျက်နှာ မြို့ရိုးကို တာဝန်ယူခဲ့ရသည်။ တာဝန်ကျေပွန်ထူးချွန်သဖြင့် ဗောင်းကတ္တီပါနီ၊ ရွှေသားကိုးပွင့်၊ စလွယ်ကိုးသွယ်တွင်ထိုး၍ ရွှေသားပန်းဆယ့်နှစ်၊ တမာရွက်ထောင်ဆယ့်နှစ်၊ ရွှေစလွယ် ဆယ့်နှစ်တို့ကို သနားတော်မြတ် ခံရပြီး မင်းကြီးသီရိမဟာကျော်ထင်ဘွဲ့ကို ရခဲ့သည်။[၁]

သီပေါမင်းလက်ထက် အမှုထမ်းခြင်း ပြင်ဆင်ရန်

သီပေါမင်းလက်ထက်တွင် ဖောင်ဝန်၊ ရွှေမြို့တော်ဝန်ရာထူးနှင့် ပုခန်းငယ်မြို့ကို စားရသည်။ ၃၆ နှစ်တွင် စလေမြို့ကိုပါ စားခဲ့ရ၍ ရေကြောင်းချုပ်အရာနှင့် အသက် ၃၈ နှစ်အရွယ်တွင် စက်ရုံအလုပ်ရုံများကို ဆင့်ဆိုရသည့် အလုပ်ဌာနချုပ်အရာများကို ထမ်းဆောင်ခဲ့ရသည်။

အသက် ၄၁နှစ်အရွယ်တွင် ရာဇဝတ်ချုပ်ဌာနရာထူးကို ဆက်ခံခဲ့ရပြန်၍ အတွင်းဝန်ကြီးအရာ ရခဲ့သည်။ [၁]

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

လှေသင်းအတွင်းဝန်သည် ၁၂၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်နေ့ (ခရစ်နှစ် ၁၉၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့) တွင် ကွယ်လွန်ခဲ့သည်။[၁]

မှတ်ချက် ပြင်ဆင်ရန်

ဤလှေသင်းအတွင်းဝန်သည် ကျမ်းပြုပုဂ္ဂိုလ် မဟုတ်ပေ။ ဝေါဟာရလီနတ္ထဒီပနီကျမ်းပြု ဘိုးတော်ဘုရားလက်ထက် လှေသင်းအတွင်းဝန် ဦးချိန် (၁၁၅၈ - ၁၂၁၇) နှင့် တစ်ဦးစီ ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ လှသမိန် (၁၉၆၁ခုနှစ်)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များအတ္ထုပ္ပတ္တိပေါင်းချုပ်။ ၃၅၇၊ဗိုလ်အောင်ကျော်လမ်း၊ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၅၆၊ ၂၅၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)