ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ရဟန်းတို့ သင်တို့သည် ငါဘုရားဟောကြားတော်မူအပ်သော ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးတို့ကို ဆောင်မှတ်ထားကြကုန်၏လော့-ဟု ဘုရားရှင်က မိန့်ကြားတော်မူပါသည်။

မာလုကျပုတ္တက-မိမိဘုရားရှင်အထံတော် ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ကို ဆောင်မှတ်ထားပါကြောင်းဖြင့် ဩရမ္ဘာဂိယ သံယောဇဉ်သရုပ်ကို တစ်ပါးစီ တစ်ပါးစီလျှောက်ထားပါသည်။ ဘုရားရှင်က မာလုကျပုတ္တ သင့်ကို အညတိတ္ထိယတို့က ပက်လက်အိပ်တတ်ကာမျှ သူငယ်ဥပမာဖြင့် ကဲ့ရဲ့ကြလိမ့်မည်ဟု ပက်လက် အိပ်တတ်ကာမျှ သူငယ်လေး၌ ဩရမ္ဘာဂိယသံယောဇဉ်တို့ မဖြစ်သေးသော်လည်း ကိန်းဝပ်တည်နေပုံဥပမာကို မိန့်ကြားတော်မူပါသည်။

အရှင်အာနန္ဒာက တရားဟောတော်မူပါရန် လျှောက်ထားလေသည်။

အာနန္ဒာ-ဤလောက၌ အရိယာသူတော်စင်တို့ကို မဖူးမြင်ဘူး၊ အရိယာ သူတော်စဉ်တို့၏ ဓမ္မ၌မလိမ္မာ၊ အရိယာသူတော်စင်တို့၏ ဓမ္မဖြင့် မဆုံးမအပ်ဘူးသော အဿုတဝန္တ ပုထုဇဉ်ပုဂ္ဂိုလ်အား ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးတို့ ဖြစ်ပေါ်လာပုံ၊ ထိုသံယောဇဉ်ငါးပါးတို့ လွှမ်းမိုးနှိပ်စက်အပ်သောစိတ်ဖြင့်နေပုံ ထိုသံယောဇဉ်ငါးပါး တို့မှ ထွက်မြောက်ကြောင်းတရားကို အမှန်အတိုင်းမသိခြင်းကြောင့် ထိုအဿုတဝန္တ ပုထုဇဉ်ပုဂ္ဂိုလ်အား ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ အားကောင်းပုံ။

အရိယာသူတော်စင်တို့ကို ဖူးမြင်ဖူး၊ အရိယာသူတော်စင်တို့၏ ဓမ္မ၌လိမ္မာ ကျွမ်းကျင်၊ အရိယာသူတော်စင်တို့၏ ဓမ္မဖြင့်ဆုံးမအပ်သော သုတဝန္တအရိယာ သာဝကအား ဖြစ်ပေါ်လာသော ဩရမ္ဘာဂိယသံယောဇဉ်တို့ကို မလွှမ်းမိုး မနှိပ်စက်သော စိတ်ဖြင့်နေပုံ၊ ထိုသံယောဇဉ်ငါးပါးတို့မှ ထွက်မြောက်ကြောင်း တရားကို အမှန်အတိုင်း သိပုံ၊ ထိုသံယောဇဉ်ငါးပါးတို့ကို ပယ်စွန့်နိုင်ပုံ။

အနှစ်ရှိသောသစ်ပင်ကြီး၏ အခေါက်, အခွံ အကာကို မဖြတ်တောက်ဘဲ အနှစ်ကို မဖြတ်တောက်နိုင်သလို ဩရမ္ဘာဂိယသံယောဇဉ်ငါးပါးတို့ကို အခွံအခေါက် နှင့်တူသော သမာပတ်, အကာနှင့်တူသော ဝိပဿနာလမ်းကြောင်း အကျင့်တို့ဖြင့် မခွာမဖြတ်ဘဲ ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ကို သိမြင်လိမ့်မည် ပယ်စွန့်နိုင်သော အကြောင်းမရှိပုံ။

သမာပတ်, ဝိပဿနာလမ်းစဉ် ကျင့်စဉ်ဖြင့်သာ ဩရမ္ဘာဂိယသံယောဇဉ်တို့ကို ပယ်စွန့်နိုင်ပုံ။

အားနည်းသောယောက်ျားသည် ကမ်း၌နားထောက် ကိုးသောက်လောက် အောင် ရေပြည့်နေသောမြစ်ကို တစ်ဖက်ကမ်းရောက်အောင် မကူးနိုင်သကဲ့သို့၊ သက္ကာယချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း ဟောတော်မူအပ်သော တရားတော်၌ စိတ်မဝင်စား၊ ဉာဏ်မကြည်မလင် စွဲမြဲစွာမတည်သောပုဂ္ဂိုလ်သည် (ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့မှ) မလွတ်မြောက်နိုင်။

အားကောင်းသောယောက်ျားသည်သာ ရေပြည့်နေသောမြစ်ကို တစ်ဖက်ကမ်းရောက် ကူးမြောက်သွားနိုင်သကဲ့သို့ ငါဘုရား ဟောကြားတော်မူအပ်သော သက္ကာယ ဓမ္မ၌ စိတ်ဝင်စား ဉာဏ်ကြည်လင် စွဲမြဲစွာတည်နေသော ပုဂ္ဂိုလ်သည်သာ (ထို သံယောဇဉ်ငါးပါး အနှောင်အဖွဲ့မှ) လွတ်မြောက်နိုင်ပုံ။

ဤသာသနာတော်၌ ရဟန်းတော်သည် ငါးဖြာအာရုံ ကာမဂုဏ်ဥပဓိတို့မှ ကင်းဆိတ်ခြင်းကြောင့် အကုသိုလ်နီဝရဏတရားတို့ကို ပယ်ခြင်းကြောင့် အချင်း ခပ်သိမ်း ထိနမိဒ္ဓကြောင့်ဖြစ်သော ကိုယ်၏ပျင်းရိခြင်းတို့၏ ငြိမ်းအေးခြင်းကြောင့် ပထမဈာန်ကိုရ၏။ ထိုပထမဈာန်၌ ခန္ဓာငါးပါးတို့ကို အနိစ္စ(=မမြဲသော)အားဖြင့်။ ဒုက္ခ(=သုခမဟုတ်သော)အားဖြင့်။ ရောဂ(=ကျင်နာခံခက် နှိပ်စပ်သော)အားဖြင့်။ ဂဏ္ဍ (=အိုင်းအမာနှင့်တူသော)အားဖြင့်။ သလ္လ(=ပြင်းထန်စွာစူးဝင်သော မြားငြောင့် နှင့်တူသော)အားဖြင့်။ အဃ (=ဆင်းရဲသော)အားဖြင့်။ အာဗာဓ (=အနာရောဂါ နှင့်တူသော)အားဖြင့်။ ပရ(=သူစိမ်းပြင်ပနှင့်တူသော)အားဖြင့် ပလောက (=ခဏဘင်, အဆုံးစုတိတို့ဖြင့် ပျက်စီးနေသော)အားဖြင့်။ သုည (=သတ္တဝါမဟုတ်သော)အားဖြင့်။ အနတ္တ (=မိမိအလိုသို့လိုက်၍ မိမိသဘောကျ စီမံဖန်ဆင်းပေးတတ်သော အစိုးရသူ အရှင်သခင် အတ္တမဟုတ်သော)အားဖြင့် အဖန်ဖန်ရှုမြင်၏။

(ဤ၌-အနိစ္စတော, ပလောကတော့ နှစ်ပုဒ်ဖြင့် အနိစ္စလက္ခဏာ, ဒုက္ခတော, ရောဂတော, ဂဏ္ဍတော, သလ္လတော, အဃတော, အာဗာဓတော-ဟူသော ခြောက်ပုဒ်ဖြင့်= ဒုက္ခလက္ခဏာ၊ ပရတော, သုညတော, အနတ္တတော-ဟူသော သုံးပုဒ်ဖြင့် အနတ္တလက္ခဏာရှုပုံတို့ဖြစ်ကြောင်း အဋ္ဌကထာ (၁၀၂)၌ ဖွင့်ပြထားပါသည်။

ထိုရဟန်းသည် ထိုဓမ္မသဘောတို့ဖြင့် စိတ်ကို နိဗ္ဗာန်သို့ဆောင်ပုံ၊ အမတ ဓာတ်၌ “ဧကံ သန္တံ” အစရှိသည်ဖြင့် နိဗ္ဗာန်သို့ စိတ်ကိုအနီးကပ်ဆောင်ပုံ၊ ဝိပဿနာ ဉာဏ်၌တည်လျက် အာသဝေါတို့ကုန်ခန်းပုံ၊ အာသဝတို့မကုန်သေးလျှင် ဗြဟ္မာဘုံသို့ ရောက်ရှိ၍ ပရိနိဗ္ဗာန်ပြုပုံ-ဟူသော ဩရမ္ဘာဂိယ သံယောဇဉ်ငါးပါးတို့ကို ပယ်စွန့်နိုင်သောလမ်းစဉ် ကျင့်စဉ်ကို ဟောတော်မူပါသည်။

ထိုနည်းအတူ ရူပဈာန်လေးပါး၊ အရူပဈာန်လေးပါးရရှိအောင် ပွားများပုံ၊ ဝိပဿနာရှုပုံ၊ ဩရမ္ဘာဂိယသံယောဇဉ်တို့ ပယ်စွန့်ပုံ၊ စေတောဝိမုတ္တိ, ပညာဝိမုတ္တိ ဖြစ်ပုံ အကျယ်ဒေသနာတော်ကို ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ အကျယ်ဖွင့်ဆိုချက်များရှိပါသည်။ ဩရမ္ဘာဂိယသံယောဇဉ်ငါးပါး, ဈာန်ရှစ်ပါး၌ရှိသော ခန္ဓာငါးပါးတို့ကို ဝိပဿနာ ရှုပုံကို အသီးအသီး တစ်ပါးစီ တစ်ပါးစီဝေဖန်၍ ဟောတော်မူပါသည်။ ယင်း သံယောဇဉ်တို့ကို သမာပတ်, ဝိပဿနာတို့ဖြင့် ပယ်သတ်ပုံသည် မှန်ကန်သော လမ်းစဉ်, မှန်ကန်သောကျင့်စဉ်ဖြစ်ပုံကို ဟောကြားတော်မူပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၉၅-၁၀၀။ မ၊မြန်၊၂၊၁၀၂-၇။ မ၊ဋ္ဌ၊၃၊၁၀၁-၄။ မ၊ဋီ၊၃၊၆၆-၇၀။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၂-ဘိက္ခုဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ