ဘုရားရှင် ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့ မဟာဝုန်တော ကူဋာဂါရသာလာကျောင်းတော်ဝယ် သီတင်းသုံးတော်မူနေစဉ်-

ဘုရားရှင် ဝေသာလီမြို့တော် ဆွမ်းခံဝင်ခါနီး၌ နိဂဏ္ဌ၏သား သစ္စက လမ်းလျှောက်ရင်း ကျောင်းတော်အတွင်းသို့ဝင်လာသည်ကို အရှင်အာနန္ဒာတွေ့မြင်သဖြင့် “မြတ်စွာဘုရား၊ အယူဝါဒကို ပြိုင်ဆိုင်ပြောဆိုတတ်၊ ပညာရှိဟုပြောဆိုသော၊ လူ အပေါင်းက သူတော်ကောင်းဟုသမုတ်အပ်သော နိဂဏ္ဌလာနေပါသည်။ ထိုနိဂဏ္ဌသည် ရတနာမြတ်ဆုံးပါး၏ ကျေးဇူးမဲ့ ကဲ့ရဲ့အပ်သောအပြစ်ကို အလိုရှိသူပါတည်း။ ချီးမြှောက်သမှုအကြောင်းပြု၍ ခေတ္တသီတင်းတော်မူပါဟု လျှောက်ထားသည်။ နိဂဏ္ဌပုတ္တ နိဂဏ္ဌသည် မြတ်စွာဘုရားရှိတော်မူရာသို့ချဉ်းကပ်ပြီး ဝမ်းမြောက်ဖွယ် အမှတ် ရဖွယ် နှုတ်ဆက်စကားပြောဆိုပြီး-

အရှင်ဂေါတမ၊ စိတ္တဘာဝနာကိုအားမထုတ်ဘဲ ကာယဘာဝနာကိုသာ အားထုတ်နေကြသော အချို့သော သမဏဗြာဟ္မဏတို့ရှိကြပါကုန်၏။ ထိုသမဏ၊ ဗြာဟ္မဏတို့သည် ကိုယ်၌ဖြစ်သော ဒုက္ခဝေဒနာ တွေ့ထိနှိပ်စက်မှုကိုခံရသည့်အခါ ပေါင်တန်းခြင်း၊ နှလုံးကွဲခြင်း၊ သွေးအန်ခြင်း၊ ရူးသွပ်ခြင်းသို့ရောက်ကြရပါသည်။ ထိုသူ၏စိတ်သည် ကိုယ်သို့အစဉ်လိုက်၏။ ကိုယ်၏အစွမ်းအားဖြင့် ဖြစ်ခြင်းသည် စိတ္တဘာဝနာ မဖြစ်ခြင်းကြောင့်ပါတည်း။

ကာယဘာဝနာကို အားမထုတ်ဘဲ စိတ္တဘာဝနာကိုသာ အားထုတ်နေကြသော အချို့သော သမဏ ဗြာဟ္မဏတို့ ရှိကြပါကုန်၏။ ထိုသမဏ ဗြာဟ္မဏတို့သည် စေတသိကဒုက္ခဝေဒနာနှိပ်စက်ခံရသည့်အခါ ပေါင်တောင့်တင်းခြင်း၊ နှလုံးကွဲခြင်း၊ သွေးအန်ခြင်း၊ ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းသို့ ရောက်ကြကုန်လိမ့်လတ္တံ့။ ထိုပုဂ္ဂိုလ်၏ ကာယသည် စိတ်သို့အစဉ်လိုက်၍ဖြစ်ပါသည်။ စိတ်၏စွမ်းအားဖြင့်ဖြစ်ပါသည်။ အရှင်ဂေါတမ၏ တပည့်တို့သည် ကာယဘာဝနာကို အားမထုတ်ကြဘဲ စိတ္တဘာဝနာကိုသာ အဖန်ဖန်အားထုတ်၍နေကြပါကုန်၏-ဟု လျှောက်ထားပါသည်။

အဂ္ဂိဝေဿန ကာယဘာဝနာကို သင်ဘယ်လိုကြားဖူးသနည်း။ အရှင်ဂေါတမ ဝစ္ဆအနွယ်ဖြစ်သော နန္ဒ၊ သံကိစ္စအနွယ်ရှိသော ကိသ၊ မက္ခလိဂေါသာလတို့သည် အစေလက အစရှိသော တိတ္ထိတို့၏ အကျင့် ၃၀-ကို ပြည့်ပြည့်ဝဝကျင့်သုံးကြပါကုန်၏။ အဂ္ဂိဝေဿန ထိုသူတို့သည် ထိုမျှဖြင့်သာ မျှတကြပါကုန်သလော။

အရှင်ဂေါတမ၊ တစ်ခါတစ်ရံ မွန်မြတ်ကုန်သော ခဲဘွယ်, ဘောဇဉ်, လျက်ဖွယ်, သောက်ဖွယ်တို့ကို မှီဝဲကြပါကုန်၏။ ထိုသူတို့သည် ကိုယ်ခန္ဓာ၏အားကို ယူစေသည် မည်ကုန်၏။

အဂ္ဂိဝေဿန၊ ထိုသူတို့သည် ရှေး၌ဖြစ်သော ပြုကျင့်နိုင်ခဲသော အကျင့်ကို ပယ်၍ နောက်ကာလ၌ တိုးပွားစေကြကုန်၏။ ဤသို့အားဖြင့် ဤရူပကာယ၏ တိုးပွားခြင်း ဆုတ်ယုတ်ခြင်းသည်ဖြစ်၏။ အဂ္ဂိဝေဿန စိတ္တဘာဝနာကို အဘယ်သို့လျှင် သင်ကြားဖူးသနည်း။ နိဂဏ္ဌပုတ္တသစ္စကသည် မြတ်စွာဘုရားမေးတော်မူသော စိတ္တဘာဝနာကို ပြည့်စုံအောင်မဖြေဆိုနိုင်ပါ။

အဂ္ဂိဝေဿန၊ ရှေးဦးစွာ သင်လျှောက်ထားသော ကာယဘာဝနာသည် ငါ ဘုရား၏သာသနာတော်၌ ဓမ္မအားလျော်သော ကာယဘာဝနာမဟုတ်ပေ၊ သင်သည် ကာယဘာဝနာကို မသိသူပေတည်း။ စိတ္တဘာဝနာကို သင်ဘယ်မှာသိနိုင်အံ့နည်း။ စင်စစ်သော်ကား ကာယဘာဝနာလည်းမဟုတ်၊ စိတ္တဘာဝနာလည်း မဟုတ်ချေ။ ဘာဝိတကာယ၊ ဘာဝိတစိတ္တကို နာယူလော့။

အဘာဝိတကာယ၊ အဘာဝိတစိတ္တ၊ ဘာဝိတကာယ၊ ဘာဝိတယစိတ္တဖြစ်ပုံကို ဟောတော်မူပါသည်။

အကျွန်ုပ်သည် အရှင်ဂေါတမအား ကြည်ညိုလှပါ၏။ အရှင်ဂေါတမသည် ဘာဝိတကာယ၊ ဘာဝိတစိတ္တ ပုဂ္ဂိုလ်ပါတည်းဟု သစ္စက, က လျှောက်ထားပါသည်။

အဂ္ဂိဝေဿန၊ ငါဘုရား ရဟန်းပြုပြီးသောအခါ ဖြစ်ပေါ်လာသော သုခဝေဒနာ၊ ဒုက္ခဝေဒနာတို့သည် ငါဘုရား၏စိတ်ကိုသိမ်းယူ၍ မတည်နိုင်၊ မြတ်စွာဘုရား ဤအတိုင်းဖြစ်ပါလိမ့်မည်ဟု သစ္စကလျှောက်ထားပါသည်။

ဘုရားရှင်က မိမိရဟန်းပြုခဲ့ပုံ၊ ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့ထံ ချဉ်းကပ်အားထုတ်ရာ အာကိဉ္စညာယတနဈာန်ကိုရခဲ့ပုံ၊ အဠာရရသေ့နှင့် ဓမ္မကို ဆွေးနွေးကြပုံ၊ အာဠာရရသေ့ကချီးကျူးပုံ၊ ထိုနောင် ရာမပုတ္တ ဥဒကရသေ့ထံချဉ်း ကပ်၍ အားထုတ်ရာ နေဝသညာနာသညာယတနဈာန်ကိုရခဲ့ပုံ၊ ဥဒကရသေ့နှင့် ဆွေးနွေးပုံ၊ ဥဒကရသေ့က ချီးကျူးခဲ့ပုံ၊ သေနာနိဂုံးအနီးသို့ ချဉ်းကပ်တော်မူပုံ၊ ရေ၌နှစ်ထားသော ထင်းစိုကို မီးညှိသည့်ဥပမာ၊ ထင်းခြောက်ကိုမီးမွှေးသည့်ဥပမာ၊ ရေမစိုသော အစေးရှိသောထင်းခြောက်ဥပမာတို့ ထင်မြင်လာပုံ ဒုက္ကရစရိယာအကျင့်ကို ပြင်းပြင်းထန်ထန်ကျင့်ခဲ့ပုံ ဒုက္ကရစရိယာအကျင့်ဖြင့် အလမရိယဉာဏဒဿနဖြစ်သော ဥတ္တရိမနုဿဓမ္မကို မရနိုင်ပုံကိုသိမြင်ခဲ့ပုံ၊ ငယ်စဉ်အခါက ခမည်းတော်သုဒ္ဓေါ ဒနမင်းကြီး လယ်ထွန်မင်္ဂလာပွဲ၌ ဝင်စားခဲ့သော ပထမဈာန်သည် သစ္စာလေးပါးကို သိမြင်နိုင်ရန်အကြောင်းဖြစ်ပုံကို ကြံစည်ခဲ့ပုံ၊ ဩဠာရိကအာဟာရကို သုံးဆောင်သည့် အခါ ပဉ္စဝဂ္ဂီရဟန်းတို့ စွန့်ခွာသွားကြပုံ၊ ရူပါဝစရ စတုတ္ထဈာန်တိုင်အောင်ရခဲ့ပုံ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ စုတူပပါတဉာဏ်၊ အာသဝက္ခယဉာဏ်တို့ကိုရရှိပြီး သဗ္ဗညုတဘုရားရှင် ဖြစ်တော်မူပုံ၊ သမ္မူဠပုဂ္ဂိုလ်၊ အသမ္မူဠပုဂ္ဂိုလ်တို့ကို ဟောတော်မူပါသည်။

နိဂဏ္ဌပုတ္တသစ္စကက တိတ္ထိဆရာကြီးများထံ စောင်းချိတ်၍ စောင်းချိတ်၍ (ထိပါး၍ ထိပါး၍) စကားပြောဆိုသည့်အခါ အကြောင်းတစ်ခုဖြင့် အကြောင်းတစ်ခုကို ဖုံးလွှမ်း၍ စကားကို အပြင်အပသို့ထုတ်ဆောင်ပြောဆိုပါသည်။ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနှစ်သက်ခြင်းတို့ကို ထင်စွာပြုကြပါသည်။

ဤသို့ အရှင်ဂေါတမကိုချုပ်ချယ်၍ ချုပ်ချယ်၍ ပြောဆိုသည့်အခါ အရှင်ဂေါတမ၏ အရေအဆင်းသည် အရောင်တလက်လက်ထွက်နေပါသည်။ မျက်နှာ အဆင်းသည် အလွန်ကြည်လင်လှပါသည်။

အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်၏ အစဉ်အလာဖြစ်ပါပေ၏ ဟုလျှောက်ထားပြီး ပြန်သွားပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၂၉၉-၃၁၇။ မ၊မြန်၊၁၊၃၀၈-၃၂၅။ မ၊ဋ္ဌ၊၂၊၁၈၅-၁၉၆။ မ၊ဋီ၊၂၊၂၀၉-၂၁၇။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသ၊ ၁-မဟာယမကဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ