မဟာသမ္မတမင်း

ကမ္ဘာဦးကာလဘုရင်၊ ဂေါတမဘုရားအလောင်းတော်
ရခိုင်ဘုရင် အတွက် မဟာသမ္မတ ကို ကြည့်ပါ။

ဗုဒ္ဓကျမ်းဂန်များအရ မဟာသမ္မတ (ပါဠိ: Mahāsammata) သည် ကမ္ဘာဦးကာလ၌ ပထမဆုံးအုပ်ချုပ်ခဲ့သော ဘုရင်မင်းမြတ်ဖြစ်သည်။ ဂေါတမဘုရား၏ အလောင်းတော်ဘဝလည်းဖြစ်သည်။[၁]

မဟာသမ္မတ
နန်းသက်ကမ္ဘာဦးကာလ (ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျကပ်၊ အန္တရကပ်)
ဆက်ခံသူရောဇ (ရောစ)
သားသမီးများ
အသေးစိတ်
ရောစ
ကိုးကွယ်မှုဗုဒ္ဓဘာသာ

အမည်များ ပြင်ဆင်ရန်

ဘုရားအလောင်းတော်၏ အမည်ရင်းမှာ "မနု" ဖြစ်သည်။ ကမ္ဘာဦးလူသားများမှ သူ့အားအကြီးအကဲအဖြစ် ရွေးချယ်ခဲ့ကြသောကြောင့် "မဟာသမ္မတ" အမည်ကို ရရှိခဲ့သည်။ လယ်ယာမြေတို့အား စီရင်နိုင်သောကြောင့် "ခတ္တိယ" ဟူသောအမည်ကို ရရှိခဲ့ပြန်သည်။ မင်းကျင့်တရားကို စောင့်ထိန်းသောကြောင့် "ရာဇာ" ဟူ၍လည်း အမည်ရရှိခဲ့သည်။

ရာဇဝင် ပြင်ဆင်ရန်

ကမ္ဘာဦးကာလ၌ လူသားတို့သည် အကျင့်တရားဖြူစင်ခဲ့ကြသည်။ အချိန်ကြာလာသောအခါ ထိုလူသားတို့သည့် အကျင့်တရားပျက်ပြားလာခဲ့ကြသဖြင့် မကောင်းမှုတို့ကို ပြုကျင့်လာခဲ့ကြသည်။ သို့ဖြစ်ရာ မကောင်းမှုများ လျှော့ချနိုင်စေရန် ထိုသူတို့သည် မိမိတို့အား အုပ်ချုပ်နိုင်မည့်သူကိုရွေးချယ်ရန် သဘောတူညီခဲ့ကြသည်။ ထိုသူတို့သည် ဘုရားအလောင်းတော်ဖြစ်သော မနု အမည်ရှိသောသူကို ရွေးချယ်တင်မြောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြစ်ရာ မနု ပုဂ္ဂိုလ်သူမြတ်သည် ကမ္ဘာဦးလူအပေါင်းတို့အား အုပ်ချုပ်သည့် ဘုရင်ဖြစ်လာခဲ့သည်။

မင်းဆက် ပြင်ဆင်ရန်

ကမ္ဘာဦးကာလ ပထမဆုံးမင်းဆက်မှာ အောက်ပါအတိုင်းဖြစ်သည်။

  1. မဟာသမ္မတ
  2. ရောစ
  3. ဝရရောစ
  4. ကလျာဏ
  5. ဝရကလျာဏ
  6. ဥပေါသထ
  7. ဘုရားအလောင်းတော် မန္ဓာတု (မဟာမန္ဓာတ္တမင်းကြီး)
  8. ဝရ
  9. ဥပဝရ
  10. စေတိယ
  11. မုစလ
  12. မဟာမုစလ
  13. မုစလိန္ဒ
  14. သာဂရ
  15. သာဂရဒေဝ
  16. ဘရတ
  17. အင်္ဂီရသ
  18. ရုစိ
  19. သူရုစိ (မဟာရုစိ)
  20. ပတာပ
  21. မဟာပတာပ
  22. ပနာဒ
  23. မဟာပနာဒ
  24. သုဒဿန
  25. မဟာသုဒဿန
  26. နေရု
  27. မဟာနေရု
  28. အစ္စိမ

ထို ၂၈ ယောက်သောမင်းတို့သည် အသက်အသင်္ချေရှည်ကြသည်။ ထို့အပြင် ရောစမင်းမှအစ္စိမမင်းအထိ ဘုရင်မင်းမြတ်တို့သည် မဟာသမ္မတမင်း၏ သားမြေးအစဉ်အဆက်လည်းဖြစ်သည်။ အချို့မင်းများမှာ ကုသဝတီပြည်၌လည်း‌ကောင်း အချို့မှာ ရာဇဂြိုဟ်ပြည်၌လည်းကောင်း အချို့မှာ မိထိလာပြည်၌ လည်းကောင်း အသီးသီးအုပ်စိုးခဲ့ကြသည်။

နောက်မင်းဆက်များ ပြင်ဆင်ရန်

အစ္စိမမင်း၏သားတော်သည် ကုသဝတီပြည်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ထိုအစ္စိမမင်းတွင် သားအစဉ်အဆက် အယောက် ၁၀၀ ရှိရာ နောက်ဆုံးမင်းမှာ အရိန္ဒမမင်းဖြစ်သည်။ အရိန္ဒမမင်း၏ သားတော်သည် အယုဇ္ဈပူရပြည်ကို တည်ထောင်၍ စိုးစံခဲ့သည်။ ထို‌သားတော်နှင့်တကွ အရိန္ဒမမင်းတွင် သားမြေးအစဉ်အဆက် ၅၆ ဦး ရှိရာ နောက်ဆုံးမင်းမှာ ဒုပ္ပသဟမင်းဖြစ်သည်။

ဒုပ္ပသဟမင်း၏သားတော်သည် ဗာရာဏသီပြည်ကို တည်ထောင်ခဲ့သည်။ ထိုဒုပ္ပသဟမင်းတွင် သားမြေးအစဉ်အဆက် အယောက် ၆၀ ရှိရာ နောက်ဆုံးမင်းမှာ အဇိတမင်းဖြစ်သည်။ အဇိတမင်း၏ သားတော်သည် ကမ္ဗလပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ အဇိတမင်းတွင် သားမြေးအစဉ်အဆက် အယောက် ၈၄၀၀၀ ရှိရာ နောက်ဆုံးမင်းမှာ ကမ္ဗလဝံသမင်းဖြစ်သည်။

ကမ္ဗလဝံသမင်း၏သားတော်သည် ဧကစက္ခုပြည်ကို တည်ထောင်ခဲ့သည်။ ထိုကမ္ဗလဝံသမင်းတွင် သားမြေးအစဉ်အဆက် ၃၂ ဦး ရှိရာ နောက်ဆုံးမင်းမှာ ပုရိန္ဒေဝမင်း (သူရိန္ဒေဝ၊ မုနိန္ဒေဝ) ဖြစ်သည်။ ပုရိန္ဒေဝမင်း၏ သားတော်သည် ဝဇိရမုတ္တိပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ ပုရိန္ဒေဝမင်းတွင် သားမြေးအစဉ်အဆက် ၂၈ ဦး ရှိရာ နောက်ဆုံးမင်းမှာ သာဓိနမင်းဖြစ်သည်။

သာဓိနမင်း၏သားတော်သည် မထုရပြည်ကို တည်ထောင်ခဲ့သည်။ ထိုသာဓိနမင်းတွင် သားမြေးအစဉ်အဆက် ၂၂ ယောက် ရှိရာ နောက်ဆုံးမင်းမှာ ဓမ္မဂုတ္ထမင်းဖြစ်သည်။ ဓမ္မဂုတ္ထမင်း၏ သားတော်သည် အရိဋ္ဌပုရပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ ဓမ္မဂုတ္ထမင်းတွင် သားမြေးအစဉ်အဆက် ၁၈ ယောက် ရှိရာ နောက်ဆုံးမင်းမှာ သိပ္ပိမင်းဖြစ်သည်။

သိပ္ပိမင်း၏သားတော်သည် ဣန္ဒပတ္ထနဂိုရ်ပြည်ကို တည်ထောင်ခဲ့သည်။ ထိုသိပ္ပိမင်းတွင် သားမြေးအစဉ်အဆက် ၁၇ ယောက် ရှိရာ နောက်ဆုံးမင်းမှာ ဗြဟ္မဒေဝမင်းဖြစ်သည်။ ဗြဟ္မဒေဝမင်း၏ သားတော်သည် ဧကစက္ခုပြည်၌ အုပ်စိုးခဲ့သည်။ ထို‌သားတော်နှင့်တကွ ဗြဟ္မ‌ဒေဝမင်းတွင် သားမြေးအစဉ်အဆက် ၁၅ ယောက် ရှိရာ နောက်ဆုံးမင်းမှာ ဗလဒတ္တမင်းဖြစ်သည်။

ဗလဒတ္ထမင်း၏သားတော်သည် ကောသမ္ဗီပြည်ကို တည်ထောင်ခဲ့သည်။ ထိုဗလဒတ္ထမင်းတွင် သားမြေးအစဉ်အဆက် ၁၄ ယောက် ရှိရာ နောက်ဆုံးမင်းမှာ ဟတ္ထိ‌ဒေဝမင်းဖြစ်သည်။ ဟတ္ထိဒေဝမင်း၏ သားတော်သည် ကဏ္ဏဂေါစ္ဆိပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ ဟတ္ထိ‌ဒေဝမင်းတွင် သားမြေးအစဉ်အဆက် ၉ ယောက် ရှိရာ နောက်ဆုံးမင်းမှာ နရဒေဝ (နရစိုး) မင်းဖြစ်သည်။

နရဒေဝမင်း၏သားတော်သည် ရောစနပြည်ကို တည်ထောင်ခဲ့သည်။ ထိုနရ‌ဒေဝမင်းတွင် သားမြေးအစဉ်အဆက် ၇ ယောက် ရှိရာ နောက်ဆုံးမင်းမှာ မဟိန္ဒမင်းဖြစ်သည်။ မဟိန္ဒမင်း၏ သားတော်သည် စမ္ပာပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ မဟိန္ဒမင်းတွင် သားမြေးအစဉ်အဆက် ၁၂ ယောက် ရှိရာ နောက်ဆုံးမင်းမှာ နာဂဒေဝမင်းဖြစ်သည်။

နာဂဒေဝမင်း၏သားတော်သည် မိထိလာပြည်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ထိုနာဂဒေဝမင်းတွင် သားမြေးအစဉ်အဆက် ၂၅ ယောက် ရှိရာ နောက်ဆုံးမင်းမှာ သမုဒ္ဒဒတ္တမင်းဖြစ်သည်။ သမုဒ္ဒဒတ္တမင်း၏ သားတော်သည် ရာဇဂြိုဟ်ပြည်၌ ပြန်လည်အုပ်စိုးခဲ့သည်။ ထို‌သားတော်နှင့်တကွ သမုဒ္ဒဒတ္တမင်းတွင် သားမြေးအစဉ်အဆက် ၂၅ ယောက် ရှိရာ နောက်ဆုံးမင်းမှာ တိဓင်္ကရမင်းဖြစ်သည်။

တိဓင်္ကရမင်း၏သားတော်သည် တက္ကသိုလ်ပြည်ကို တည်ထောင်ခဲ့သည်။ ထိုတဝဓင်္ကရမင်းတွင် သားမြေးအစဉ်အဆက် ၁၂ ယောက် ရှိရာ နောက်ဆုံးမင်းမှာ တာလိဿရမင်းဖြစ်သည်။ တာလိဿရမင်း၏ သားတော်သည် ကုသိနာရုံပြည်ကို တည်ထောင်ခဲ့သည်။ ထို‌သားတော်နှင့်တကွ တာလိဿရမင်းတွင် သားမြေးအစဉ်အဆက် ၁၂ ယောက် ရှိရာ နောက်ဆုံးမင်းမှာ ပုရိန္ဒမင်းဖြစ်သည်။

ပုရိန္ဒမင်း၏သားတော်သည် တာမလိတ္တိယပြည်ကို တည်ထောင်ခဲ့သည်။ ထိုပုရိန္ဒမင်းတွင် သားမြေးအစဉ်အဆက် ၉ ယောက် ရှိရာ နောက်ဆုံးမင်းမှာ သာဂရဒေဝမင်းဖြစ်သည်။ သာဂရဒေဝမင်း၏ သားတော် မဃဒေဝ (မဂ္ဃဒေဝ) သည် မိထိလာပြည်၌ အုပ်စိုးခဲ့သည်။ ထို‌မဃ‌ဒေဝမင်းနှင့်တကွ တာလိဿရမင်းတွင် သားမြေးအစဉ်အဆက် အယောက် ၈၄၀၀၀ ရှိရာ နောက်ဆုံးမင်းမှာ ဘုရားလောင်း နေမိ (နိမိ) မင်းဖြစ်သည်။

နေမိမင်း၏ သားတော်မှာ ကဠာရဇနကမင်း၊ ထိုမင်း၏သားတော်မှာ သမင်္ကရမင်း၊ ထိုမင်း၏သားတော်မှာ အသောစ (အသောက) မင်းတို့ဖြစ်ကြသည်။ ကဠာရဇနကမင်းမှစ၍ နေမိမင်းတွင် သားစဉ်မြေးဆက် ၈၄၀၀၃ ယောက်ရှိရာ ဗာရာဏသီပြည်၌ အုပ်စိုးခဲ့ကြသည်။

ထို ၈၄၀၀၃ ယောက်သော မင်းတို့တွင် နောက်ဆုံးမင်းမှာ သီဟပ္ပတိမင်းဖြစ်သည်။ ထိုသိဟပ္ပတိမင်း၏ သားစဉ် မြေးဆက်မှာ –

  1. ဝိဇိတသေန
  2. ဓမ္မသေန
  3. နာဂသေန
  4. သမိဒ္ဓ
  5. ဒိသမ္ပတိ
  6. ရေဏု
  7. ကုသ
  8. မဟာကုသ
  9. နဝရဋ္ဌ
  10. ဒသရဋ္ဌ
  11. အလောင်းတော် ရာမမင်း
  12. ဝဠာရဋ္ဌ
  13. စိတ္တရံသီ
  14. အမ္ဗရံသီ
  15. သုဇာတ
  16. ဩက္ကာက

ထို ၁၆ ယောက်သောမင်းတို့သည်လည်း ဗာရာဏသီ၌ပင် စိုးစံခဲ့ကြသည်။ ဤဩက္ကာကမင်း၏ မျိုးဆက်အနွယ်များသည် သာကီအနွယ်ဟုဆိုကြသည်။

သာကီအနွယ်ဝင် ပထမဆုံးမင်း ၁၀ ယောက်တို့မှာ

  1. ဩက္ကာကမင်း၏သားတော်၊ ကပိလဝတ်ပြည်ကို တည်ထောင်သူ ဥက္ကာမုခမင်း
  2. နိပုဏ
  3. စန္ဒိမ
  4. စန္ဒမုခ
  5. သိဝိ
  6. သိဉ္ဇယ (သိဉ္ဇည်း)
  7. အလောင်းတော် ဝေဿန္တရာမင်း
  8. ဇာလီ
  9. သီဟဝါဟန
  10. သီဟရဿ

သီဟရဿမင်းတွင် သားစဉ်မြေးဆက် ၈၂၀၀၀ ရှိရာ နောက်ဆုံးမင်းမှာ ဇေယျသေနမင်းဖြစ်သည်။ ဥက္ကာမုခမင်းမှ ဇေယျသေနမင်းအထိ မင်းများအားလုံးတို့သည် သက္ကတိုင်း၊ ကပိလဝတ်ပြည်၌ စိုးစံခဲ့ကြသည်။ ထိုဇေယျ‌သေနမင်း၏ သားစဉ်မြေးဆက်မှာ –

  1. သီဟဟနု
  2. သုဒ္ဓေါဒန
  3. ဘုရားလောင်း သိဒ္ဓတ္ထမင်း တို့ဖြစ်ကြသည်။

သို့ဖြစ်ရာ သာကီအနွယ်၏အစ ဥက္ကာမုခမင်းမှ သိဒ္ဓတ္ထမင်း (ဂေါတမဘုရား) အထိ မင်းဆက်ပေါင်း ၈၂၀၁၃ ရှိသည်။ ပထမဆုံး မဟာသမ္မတမင်းမှ နောက်ဆုံး သိဒ္ဓတ္ထမင်းအထိ ရေတွက်ရသော် မင်းဆက်စုစုပေါင်း ၃၃၄၅၆၉ ရှိသည်။

အခြားဖတ်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Mahāsammata။ 7 May 2015 တွင် ပြန်စစ်ပြီး။
  • မဟာဗုဒ္ဓဝင် အတွဲ (၂)၊ အနုဒီပနီ – "ဘုရားလောင်း၏ မျိုးဆက်ဆွေစဉ် ရာဇဝင်"