ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ္တ သံဃာသင်းခွဲသွား၍ မကြာမီ ဒေဝဒတ္တကိုအကြောင်းပြု၍ ဟောတော်မူပါသည်။

(၁) ဤသာသနာတော်၌ အမျိုးကောင်းသားသည် “ငါသည် ဇာတိ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသသို့ သက်ဝင်ကျရောက် နေ၏။ ဆင်းရဲဒုက္ခသို့ သက်ဝင်ကျရောက်နေ၏။ ဆင်းရဲဒုက္ခသည် နှိပ်စက်နေ၏။ အလုံးစုံသော ဤဆင်းရဲအစု၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းသည် ထင်ရှားနိုင်ရာ၏”ဟု ယုံကြည်မှုသဒ္ဓါဖြင့် လူ့ဘောင်မှထွက်၍ ရဟန်းပြု၏။

ထိုအမျိုးကောင်းသားသည် ရဟန်းပြုပြီးသည်ရှိသော် လာဘ၊ သက္ကာရ၊ သိလောကကိုဖြစ်စေ၏။ ထိုလာဘ၊ သက္ကာရ၊ သိလောကဖြင့် ဝမ်းမြောက်နှစ်သက် အကြံအစည်ပြည့်စုံနေ၏။ ထိုရဟန်းသည် လာဘ သက္ကာရ သိလောကဖြင့် မိမိ ကိုယ်ကို ချီးမြှောက်(ဝါကြွား)၏။ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချ၏။ ကုသိုလ်တရားတို့၌ မေ့လျော့၏။ ယစ်မူး၏။ မေ့လျော့ခြင်းသို့ရောက်၏။ မေ့လျော့သည်ရှိသော် ဆင်းရဲစွာ နေရ၏။ သစ်ပင်၏ အကိုင်းအခက် အရွက်တို့ကိုအနှစ်ဟု ထင်သည်နှင့်တူ၏။

(၂) အချို့သော အမျိုးကောင်းသားသည် ဤသာသနာတော်၌ သဒ္ဒါသက် သက်ဖြင့် ရဟန်းပြု၏။ လာဘ၊ သက္ကာရ၊ သိလောကကိုဖြစ်စေ၏။ ထိုလာဘ သက္ကာရ သိလောက မကြွားမဝါ၊ မရှုတ်ချ၊ အကြံအစည်မပြည့်စုံ မေ့လျော့ယစ်မူးခြင်း မရှိ။ မမေ့မလျော့ခြင်းကြောင့် သီလနှင့်ပြည့်စုံ၏။ ထိုသီလနှင့်ပြည့်စုံမှုကြောင့် မိမိ ကိုယ်ကို ကြွားဝါ၏၊ သူတစ်ပါးကိုနှိမ်ချကဲ့ရဲ့၏၊ မေ့လျော့၏၊ ယစ်မူ၏၊ ဆင်းရဲစွာ နေရ၏။ သစ်ပင်၏အပွေးကို အနှစ်ထင်သူကဲ့သို့တည်း။

(၃) အချို့သော အမျိုးကောင်းသားသည် ... သဒ္ဓါသက်သက်ဖြင့် ဤ သာသနာတော်၌ ရဟန်းပြု၏။ လာဘ, သက္ကာရ, သိလောကကိုဖြစ်စေ၏။ မနှစ်သက် အားမရသေး၊ အကြံအစည်မပြည့်စုံသေး၊ သီလနှင့်ပြည့်စုံ၏ မနှစ်သက်အားမရသေး၊ အကြံအစည်မပြည့်စုံသော ထိုလာဘ, သက္ကာရ, သိလောက သီလနှင့်ပြည့်စုံမှုကြောင့် မိမိကိုယ်ကို မကြွားဝါ၊ သူတစ်ပါးကိုလည်း မနှိမ်ချ မကဲ့ရဲ့၊ မမေ့မလျော့၊ မယစ်မူး၊ မမေ့မလျော့သည်ရှိသော် သမာဓိနှင့်ပြည့်စုံခြင်းကို ပြီးစေ၏။ နှစ်သက် ဝမ်းမြောက်၏။ အကြံအစည်ပြည့်စုံနေ၏။ ထိုသမာမိနှင့်ပြည့်စုံမှုကြောင့် မိမိကိုယ်ကို ကြွားဝါ၏။ သူတစ်ပါးတို့ကို နှိမ်ချကဲ့ရဲ့၏။ မေ့လျော့၏။ ယစ်မူး၏။ မေ့လျော့ခြင်းကြောင့် ဆင်းရဲစွာနေရ၏။ သစ်ပင်၏ အခွံအခေါက်ကို အနှစ်ဟုမှတ်ယူသူကဲ့သို့တည်း။

(၄) အချို့သောအမျိုးကောင်းသားသည် ... ယုံကြည်မှုသဒ္ဓါသက်သက်ဖြင့် ဤသာသနာတော်၌ ရဟန်းပြု၏။ လာဘ, သက္ကာရ, သိလောက, သီလ, သမာဓိ တို့နှင့်ပြည့်စုံမှုကိုဖြစ်စေ၏။ ထိုလာဘ အစရှိသည်တို့နှင့်ပြည့်စုံခြင်းကို အကြောင်း ပြု၍ မိမိကိုယ်ကိုမကြွားမဝါ၊ သူတစ်ပါးကိုလည်း မရှုတ်ချ မကဲ့ရဲ့၊ မေ့လျော့ခြင်းလည်း မရှိ၊ ယစ်မူးခြင်းလည်းမရှိ။ ထိုမမေ့မလျော့မှုကြောင့် ဉာဏဒဿနကိုပြီးစေ၏။ ထို ဉာဏဒဿနကို နှစ်သက်ကျေနပ်၏။ အကြံအစည်ပြည့်စုံနေ၏။ မေ့လျော့၏။ ယစ်မူး၏။ မိမိကိုယ်ကိုကြွားဝါ၏။ သူတစ်ပါးကို ကဲ့ရဲ့ရှုတ်ချ၏။ မေ့လျော့ခြင်းကြောင့် ဆင်းရဲစွာနေရ၏။ သစ်ပင်၏အကာကို အနှစ်ဟု ထင်သူကဲ့သို့တည်း။

(၅) အချို့သော အမျိုးကောင်းသားသည် ... သဒ္ဓါတရားသက်သက်ဖြင့် ဤသာသနာတော်၌ ရဟန်းပြု၏။ လာဘ, သက္ကာရ, သိလောကကိုဖြစ်စေ၏။ သီလနှင့်ပြည့်စုံ၏။ သမာဓိနှင့်ပြည့်စုံ၏။ ဉာဏဒဿနနှင့်ပြည့်စုံ၏။ မမေ့မလျော့၊ မယစ်မူး၊ မိမိကိုယ်ကို မဝါမကြွား၊ သူတစ်ပါးကိုမကဲ့ရဲ့ မရှုတ်ချ။ အကြံအစည် မပြည့်စုံသေး။ ထိုမမေ့မလျော့ခြင်းကြောင့် “အသမယဝိမောက္ခ”ကို ပြီးစေ၏။ ထို ရဟန်း၏ “အသမယဝိမုတ္တိ” ပျက်စီးစေနိုင်သော အကြောင်းအထောက်အပံ့မရှိ။ သစ်ပင်၏အနှစ်ကို အနှစ်ဟုသိသူကဲ့သို့တည်း။

ရဟန်းတို့ ဤသို့လျှင် ဤသာသနာတော်သည် လာဘ, သက္ကာရ, သိလောက ဟူသော အကျိုးအာနိသင်မဟုတ်၊ သီလနှင့်ပြည့်စုံခြင်းဟူသော အကျိုးအာနိသင် မဟုတ်၊ ဉာဏဒဿနဟူသော အကျိုးအာနိသင်မဟုတ်၊ ဤ “အကုပ္ပါစေတော ဝိမုတ္တိ”သည် ဗြဟ္မစရိယပေတည်း။ အနှစ်သာရပေတည်း။ အပြီးအဆုံးပေတည်းဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၁၊၂၅၀-၇။ မ၊မြန်၊၁၊၂၅၉-၂၆၆။ မ၊ဋ္ဌ၊၂၊၁၃၄-၅။ မ၊ဋီ၊၁၊၁၇၇-၈။ -မဇ္ဈိမနိကာယ၊ မူလပဏ္ဏာသက၊ ၃-ဩပမ္မဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ