မဟာသုညတသုတ်
ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့ နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် ကာဠခေမကသာကီဝင်ကျောင်း၌ အိပ်ရာနေရာများစွာ ခင်းထားသည်ကို ဘုရားရှင်မြင်တော်မူခြင်းကြောင့် ဃဋသောကီဝင်ကျောင်း၌ ရဟန်းတော်များစွာနှင့် သင်္ကန်းချုပ်နေသော အရှင်အာနန္ဒအား မေးမြန်းတော်မူပြီး အသင်းအဖွဲ့ဖြင့်နေသော ရဟန်းသည် နေက္ခမ္မသုခ၊ ပဝိဝေကသုခ၊ ဥပသမသုခ၊ သမ္ဗောဓိသုခတို့ကို အလွယ် တကူ မရနိုင်ပုံ၊ တစ်ပါးတည်းနေသောရဟန်းသည်သာ ယင်းသုခလေးမျိုးကို အလွယ်တကူ အလိုရှိနိုင် ရရှိနိုင်ပုံ။
အပေါင်းအဖော် အသင်းအဖွဲ့၌နေသော ရဟန်းသည် သာမာယိကစေတော ဝိမုတ္တိ၊ ရူပါဝစရ အရူပါဝစရ စိတ္တဝိမုတ္တိ၊ အသာမာယိကစေတောဝိမုတ္တိ= မဂ်ဖိုလ်တို့ကိုရလျက် မနေနိုင်ပုံ၊ တစ်ပါးတည်းနေသောရဟန်းသည်သာ ယင်းစေတော ဝိမုတ္တိတို့ကို ရလျက်နေနိုင်ပုံ၊ တပ်မက်မော၊ မွေ့လျော်ဖွယ်ရှိသော ဝိပရိဏာမညထာဘာဝ၊ ဒုက္ခဒေါမနဿ ဥပါယာသမဖြစ်သော ရုပ်တစ်ခုကိုမျှ မြင်တော်မမူခဲ့ပုံ။
သဗ္ဗနိမိတ္တ အမနသိကာရ၊ အဇ္ဈတ္တသုညတဝိဟာရ သမာပတ်ဖြင့် သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားထံတော်သို့ ပရိသတ်လေးပါး၊ မင်း၊ အမတ်ကြီး၊ တိတ္ထိယ၊ တိတ္ထိယသာဝကတို့ ရောက်ရှိလာလျှင် ဝိဝေကနိန္ဒ ဝိဝေကပေါဏ ဝိဝေက ပဗ္ဘာရ ဝူပကဋ္ဌ နေက္ခမ္မာဘိရတ သဗ္ဗသော အာသဝဋ္ဌာနီယ ဗျန္တိကတစိတ်ဖြင့် ဥယျောဇန ပဋိသံယုတ္တကထာကိုသာ ပြောဆိုသမှုပြုတော်မူ၏။
ရဟန်းတော်သည် အဇ္ဈတ္တသုညတဝိဟာရ သမာပတ်ကို ပြည့်စုံစေ၍နေလိုလျှင် အဇ္ဈတ္တသန္တာန်၌ စိတ်ကိုတည်နေစေရ ထားစေရမည်၊ ဧကောဒိမည်သော သမာဓိကို ဆောက်တည်သမှုပြုရမည်။
အဇ္ဈတ္တသန္တာန်၌ စိတ်ကိုတည်နေ စုဝေးစေလျက် ဧကောဒိမည်သော သမာဓိကို ပွားများသမှုပြုနေလျှင် ရူပါဝစရဈာန်လေးပါးကို အစဉ်အတိုင်းရလိမ့်မည်။ အဇ္ဈတ္တသုညတခန္ဓာ၌ နှလုံးသွင်း၍ စိတ်တည်ကြည်မှု၊ လွတ်မြောက်မှုမဖြစ်လျှင် ဗဟိဒ္ဓသုညတခန္ဓာ၌ နှလုံးသွင်းရမည်၊ ယင်း၌ စိတ်တည်ကြည်မှု လွတ်မြောက်မှု မဖြစ်လျှင် ရံခါ အဇ္ဈတ္တသုညတခန္ဓာ၊ ရံခါ ဗဟိဒ္ဓသုညတခန္ဓာ၌ နှလုံးသွင်းရမည်။ -ပ-အာနေဉ္စ = အရူပသမာပတ်ကို နှလုံးသွင်းရမည်။ အာနေဉ္စ= အရူပသမာပတ်၌ စိတ်မတည်ကြည် မလွတ်မြောက်လျှင် ထိုအာနေဉ္စသမာပတ်၌ သတိသမ္ပဇဉ်ရှိနေရမည်။
ထိုရဟန်းသည် ထိုရှေးဖြစ်သော သမာဓိနိမိတ်၌ အဇ္ဈတ္တစိတ်ကိုသာလျှင် တည်နေ စုဝေးစေရမည်၊ ဧကောဒိမည်သော သမာဓိကို ဆောက်တည်ပွားများစေရ မည်။ အဇ္ဈတ္တသုညတခန္ဓာ၊ ဗဟိဒ္ဓသုညတခန္ဓာ၊ အဇ္ဈတ္တ ဗဟိဒ္ဓသုညတခန္ဓာ၌ စိတ်ပြေးဝင် ကြည်လင်စွာတည်နေ လွတ်မြောက်နေလျှင် ထိုအာနေဉ္စသမာပတ်၌ သတိ သမ္ပဇဉ်ဖြစ်နေရမည်။
ဤသို့သောနေခြင်းဖြင့် နေသောရဟန်း၏စိတ်သည် ဣရိယာပုထ်လေးပါးတို့တွင် တစ်ပါးပါး၌ညွတ်နေလျှင် ထိုဣရိယာပုထ်၌ အဘိဇ္ဈာ၊ ဒေါမနဿတို့ အကုသိုလ် တရားတို့ အစဉ်မလိုက်စေဘဲနေရမည်။
ဟီန၊ ဂါမ္မ၊ ပေါထုဇ္ဇနိက၊ အနရိယ၊ အနတ္ထသံဟိတ-ဖြစ်သော တိရစ္ဆာန ကထာ ၂၇ မျိုးသည် နိဗ္ဗိဒါ ဝိရာဂ နိရောဓ ဥပသမ အဘိညာ သမ္ဗောဓ နိဗ္ဗာနတို့ မဖြစ်ပုံ၊ ထိုစကားတို့ကို မပြောဆိုအံ့။
ကထာ ၁၀-မျိုးသည်သာ အဘိသလ္လေခိက စေတောဝိနီဝရဏသပ္ပါယ ဧကန္တိ နိဗ္ဗိဒါ ဝိရာဂ နိရောဓ ဥပသမ အဘိညာ သမ္ဗောဓ နိဗ္ဗာနဖြစ်ပုံ ယင်းကထာဆယ်မျိုးကိုသာ ပြောဆိုအံ့ဟု သတိသမ္ပဇဉ်ဖြစ်နေရပုံ။
ဟီန ဂါမ္မ ပေါထုဇ္ဇနိက အနရိယ အနတ္ထသံဟိတဖြစ်သော မိစ္ဆာဝိတက်သုံးပါးသည် နိဗ္ဗိဓ ဝိရာဂ နိရောဓ ဥပသမ အဘိညာ သမ္ဗောဓ နိဗ္ဗာနမဖြစ်ပုံ၊ ယင်းမိစ္ဆာ ဝိတက်သုံးပါးကို မကြံစည်အံ့ဟု စိတ်ညွတ်ပုံ။
အရိယ နိယျာနိက တက္ကရဿနိယျန္တိ သမ္မာဒုက္ခက္ခယဖြစ်သော သမ္မာဝိတက် သုံးမျိုးတို့ကိုကာ ကြံစည်အံ့ဟု သတိသမ္ပဇဉ်ဖြစ်နေပုံ။
မျက်စိ နား နှာ လျှာ ကိုယ် စိတ်-ဝိညာဉ်ခြောက်ပါးတို့ဖြင့် သိအပ်သော ဣဋ္ဌ ကန္တ မနာမ ပိယရူပ ကာမူပသံဟိတ ရဇနီယဖြစ်သော ကာမဂုဏ်အာရုံတို့၌ စိတ်ဖြစ်နေလျှင် ဤကာမဂုဏ်အာရုံတို့၌ ငါသည် ဆန္ဒရာဂကို မပယ်ရသေး-ဟု သိနေရမည်။ ယင်းကာမဂုဏ်အာရုံတို့၌ စိတ်မဖြစ်လျှင် ငါသည် ကာမဂုဏ်အာရုံတို့၌ ဆန္ဒရာဂကို ပယ်ပြီးပြီဟုသိနေရမည်။
ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးတစ်ပါး၌ ခန္ဓ သမုဒယ အတ္ထင်္ဂမဟု ဖြစ်ခြင်း ပျက်ခြင်းကို ရှုနေပုံ၊ ယင်းသို့ရှုမှတ်နေလျှင် ဥပါဒါနက္ခန္ဓာတို့၌ အသ္မိမာနကို ပယ်နိုင်ပုံကို သိမြင်နေရမည်။
ဤသမထဝိပဿနာ မဂ်ဖိုလ်တရားတို့သည် စင်စစ် ကုသိုလ်တရားတို့ဖြစ်ပုံ၊ ကုသိုလ်တရားတို့မှရောက်လာပုံ ကိလေသာအညစ်အကြေးတို့မှစင်ကြယ်ပုံ လောကမှ လွန်မြောက်ပုံ၊ ဤတရားတို့နှင့်ပြည့်စုံ၍နေသော ရဟန်း၏စိတ်ကို မာရ်နတ်သည် မမြင်နိုင်၊ မသိနိုင်ပုံ၊
သုတ္တ ဂေယျ ဝေယျာကရဏတို့(ကို သင်ယူလို)ကြောင့် တပည့်သည် ဆရာ နောက်သို့ မလိုက်သင့်ပုံ၊ ယင်းတို့ကိုသင်ယူပုံ သင်ယူနည်းခြောက်မျိုးနှင့် အဘိ သလ္လေခိက စေတောဝိနီဝရဏသပ္ပါယ၊ ဧကန္တနိဗ္ဗိဒါ ဝိရာဂ နိရောဓ ဥပသမ အဘိညာ သမ္ဗောဓ နိဗ္ဗာနဟူသော အကျိုးကိုးမျိုးကို ရရှိခံစားနိုင်သော ကထာဆယ်မျိုး ဟူသောအကြောင်းကြောင့် နှင်ထုတ်သော်လည်း တပည့်သည် ဆရာနောက်သို့ တကောက်ကောက်လိုက်သင့်ပုံ။
ဆရာ၏ဘေးရန်၊ တပည့်၏ဘေးရန်၊ ဗြဟ္မစရိယ၏ဘေးရန်များ။ ပါပက အကုသလဓမ္မ သံကိလေသိက ပေါနောဗ္ဘဝိက သာရ ဒုက္ခဝိပါက အာယတိံ ဇာတိ ဇရာ မရဏိယဖြစ်သော ဘေးရန်တို့သည် ဆရာ၏ဂုဏ် တပည့်၏ဂုဏ်ကိုသတ်ဖြတ် တတ်ပုံ။
ဤဘေးရန်သုံးမျိုးတို့သည် ဒုက္ခဝိပါကတရ ကဋုကဝိပါကတရ ဝိနိပါတဖြစ်ပုံ။
တပည့်တို့သည် ဆရာ့အပေါ်၌ ရန်သူကဲ့သို့ကျင့်ပုံ၊ မိတ်ဆွေကဲ့သို့ကျင့်ကြပုံ။ မိတ်ဆွေကဲ့သို့ကျင့်သုံးခြင်းသည် ဒီဃရတ္တ ဟိတ သုခအကျိုးဖြစ်ပုံ။ မကျက်တကျက်အိုးတို့ကို ကိုင်ယူသောအိုးထိန်းသည်ကဲ့သို့ မဂ်ဖိုလ်ဟူသော အနှစ်သာရတည်နေအောင် နှိပ်ကွပ်သင့်ရာ၌နှိပ်ကွပ်၍ အပြစ်တို့ကိုပယ်ရှင်း၍ ဟောတော်မူပေအံ့ဟု အရှင်အာနန္ဒာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များစွာတို့ကို ဖွင့်ဆိုထားပါသည်။ (ဤသုတ်တော်၌-အသင်းအဖွဲ့နှင့်နေသော ရဟန်း၏လက်လွတ်ဆုံးရှုံးသွားသောအကျိုးများ၊ တစ်ပါးတည်းနေသောရဟန်း၏ ရရှိခံစားနိုင်သောအကျိုးများ၊ ယင်းအကျိုးများကို ရရှိခံစားနိုင်ရန်အားထုတ်ပုံ၊ ဆရာကနှင်ထုတ်သော်လည်း ဆရာနောက်သို့ တပည့်က တကောက်ကောက်လိုက်၍ နည်းယူရသည့် ပရိယတ်၊ ပဋိပတ် လုပ်ငန်းများ၊ ဆရာ-တပည့် ဗြဟ္မစရိယ၏ ဘေးရန်များ၊ ယင်းဘေးရန်များကို ရှောင်ရှားသင့်ပုံ၊ ဘုရားရှင်က တပည့်များအား မကျက်တကျက်အိုးကိုကိုင်သော အိုးထိန်းသည်ပမာ မဂ်ဖိုလ်ဟူသော သာသနာ့သာရများတည်ရှိအောင် နှိပ်ကွက်သင့် ရာ၌နှိပ်ကွပ်၊ ချီးမြှောက်သင့်ရာ၌ ချီးမြှောက်၍ တရားဟောတော်မူပုံတို့ကို မိန့်ကြားတော်မူပါသည်။) [၁] [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ -မ၊၃၊၁၅၁-၉။ မ၊မြန်၊၃၊၁၅၆-၁၆၄။ မ၊ဋ္ဌ၊၄၊၁၁၀-၉။ မ၊ဋီ၊၃၊၃၂၄-၉။ -မဇ္ဈိမနိကာယ၊ ဥပရိပဏ္ဏာသ၊ ၃-သုညတဝဂ္ဂ၊ ဒုတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ