မအိ သည် စုံနံ့သာမြိုင်ရှာပုံတော်ကြီးကို ရေးဖွဲ့သီကုံးခဲ့သည့် စာဆိုတော် ဦးကြော့၏သမီးဖြစ်ပြီး အမျိုးသမီး စာဆိုများထဲတွင် ဦးကြော့သမီးဟူ၍ ထင်ရှားခဲ့သည်။ ဦးကြော့သမီးဟူ၍ အလွယ်တကူ မှတ်သားခဲ့ကြသဖြင့်လည်း အမည်ရင်းကိုပင် သိရှိရန် မလွယ်ကူတော့ပေ။ သို့သော် ကံအားလျော်စွာ ခရစ်နှစ် ၁၉၁၃-ခုနှစ်ဝန်းကျင်က တောင်တွင်းကြီးမြို့နေ အငြိမ်းစား၊ အထက်တန်းကျောင်း ဆရာကြီး ဦးဘမောင်က ဦးကြော့၏ တူ ကျောင်းဆရာ ကိုအင်ကြင်းကို မေးမြန်းမှတ်သားထားခဲ့သဖြင့် ဆွေစဉ်မျိုးဆက်စာရင်းနှင့်တကွ ဦးကြော့သမီးအမည်ကို မအိဟူ၍ သိရှိကြရသည်။

မအိကို စာဆိုတော်ဦးကြော့နှင့် ဇနီး ဒေါ်မင်းရံတို့မှ ဖွားမြင်သည်။ မအိသည် ဖခင်၏ ခြေရာကို နင်းခဲ့သူဖြစ်သည်။ ဝန်စာရေးမင်း၏ သမီးမို့ မအိငယ်စဉ်က နားထွင်းမင်္ဂလာပွဲ ဆင်ယင်ကျင်းပခြင်း ခံခဲ့ရသေးသည်။ မအိက ဆရာကောင်း၊ သမားကောင်းနှင့်လည်း စာပေသင်ကြားခွင့် ရရှိပါသေးသည်။ ဦးကြော့၏ လေးဆစ်တစ်ပုဒ်တွင် မအိက သူ့ဆရာအား ဖျင်နီလက်ဆောင် ရက်လုပ်၍ ကန်တော့ခဲ့ပုံကို ဖော်ပြထားပြီး အခြားလေးဆစ် တစ်ပုဒ်၌လည်း မအိနှင့် ကျောင်းနေဖက် မြို့အုပ်ကတော် မရှမ်းကို သတိရကြောင်း ရေးဖွဲ့ထားလေသည်။

မအိသည် အရွယ်ရောက်လာသောအခါ နတ်မောက်မြို့သူကြီး ဦးထွန်းဘုံနှင့် စုံဖက်ကာ ကိုခင်မောင်ဆိုသူ သားတစ်ယောက်ကို မွေးဖွားခဲ့သည်။ ကိုခင်မောင်သည် အင်္ဂလိပ်အစိုးရလက်ထက် နတ်မောက်မြို့သူကြီး ဖြစ်ခဲ့သေးသည်။ ဒေါ်မြနှင့်အိမ်ထောင်ကျပြီး ရှေ့နေတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း ဂျပန်ခေတ် မတိုင်မီက ကွယ်လွန်သွားခဲ့သည်။

စာပေလက်ရာ ပြင်ဆင်ရန်

ဦးကြော့၏ သမီးဖြစ်သူ မအိသည် ဖခင်ကဲ့သို့ စာဆိုတော် တစ်ဦးအဖြစ် ထင်ရှားကျော်ကြားခဲ့သူ ဖြစ်သည်။ သို့သော် စာပေလက်ရာဟူ၍ များများစားစား မတွေ့ရတော့၊

"လူထွေညာ၊ ယဉ်ယဉ်ဆုံးငယ်နှင့်၊ မြရွှေစာ ဆင်ဆင်လို့ ကုံးခဲ့ကြ" အစချီ လေးဆစ်သဖြန်များကို ရေးဖွဲ့ခဲ့သည် ဆိုသည်။

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး။ ကုန်းဘောင်နွယ် စာပေမျိုးဆက်။ p. ၁၀၅။