ကြော့၊ ဦး
ဦးကြော့ သည် စုံနံ့သာမြိုင်ရှာပုံတော်ကြီး သီချင်းကို ရေးသားခဲ့သူ ဖြစ်သည်။
ဦးကြော့မှာ တောင်တွင်းကြီးဦးကြော့၊ နတ်မောက်ဦးကြော့၊ စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီး ဦးကြော့၊ ဝန်စာရေး ဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ဟူ၍ နာမည်အမျိုးမျိုးဖြင့် ထင်ရှားလေသည်။ ထိုစာဆိုသည် တောင်တွင်းကြီးနယ်၊ နတ်မောက်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာ ကိုင်းရွာတွင် သက္ကရာဇ် ၁၂ဝ၁ ခုနှစ်တွင် ဖွားမြင်လေသည်။ ဖခင်မှာ အသည်မျိုးရိုးဖြစ်သော ဦးအင်းဖြစ်၍ မိခင်မှာ မယ်ထယ် ဖြစ်၏။ မွေးချင်းညီအစ်ကို မောင်နှမများကား ဦးအောင်သူ၊ ဦးဝ၊ ဦးစ၊ ဦးလှ၊ ဦးသက်ထွန်း၊ ဦးကြော့၊ ဦးကျောက်နှင့် ဒေါ်စံပယ်တို့ ဖြစ်ကြသည်။
ဦးကြော့၏ ဆွေစဉ်မျိုးဆက်
ပြင်ဆင်ရန်နတ်မောက်မြို့တွင် ဖိုးကန်နှင့် ဖိုးရွှေဥဟု လှည်းကုန်သည် ညီနောင် နှစ်ယောက်ရှိခဲ့ကြသည်။ ဖိုးကန်၌ သားသမီး ၈ ယောက် ထွန်းကားရာ ၆ ယောက်မြောက်သမီးမှာ မယ်နိုး ဖြစ်၏။ မယ်နိုး၏သမီးမှာ မယ်ထယ်ဖြစ်၍ အသည်မျိုးရိုး ဦးအင်းနှင့် အိမ်ထောင် ကျရာ သား ၇ ယောက်၊ သမီးတစ်ယောက် မြင်သည်။ ဦးကြော့သည် ၆ ယောက်မြောက်သား ဖြစ်သည်။ ဖိုးရွှေဥတွင် ဖိုးကြွက်နှင့် ဦးကျော်ဇံ (နေမျိုးသက္ကသူရဘွဲ့ရသမားတော်) သားနှစ်ယောက် ထွန်းကားခဲ့ သည်။ ဖိုးကြွက်၏သားမှာ ဦးချက် (ပထမကျော်)ဖြစ်၍ ဦးကြော့အား ပညာသင်ပေးခဲ့သည်။ ဦးကျော်ဇံ၏ မြေးမှာ မန္တလေးမြို့၊ မိုးတားတိုက်နေ ဦးဝိစယဦးပဉ္စင်း ဖြစ်လေသည်။ ဦးကြော့သည် အရွယ်ရောက်သော် ကိုင်းရွာတွင်သီတင်းသုံးနေသော ဆရာတော်ဦးရွှေသီးနှင့် ဆရာတော်ငယ် ဦးရွှေပြားတို့ထံတွင် ဆည်းကပ်၍ သင်ရိုးသင်တန်းများကို သင်ယူခဲ့သည်။
ထို့နောက် ဦးကြော့သည် မိမိနှင့် ဆွေမျိုးတော်စပ်သူ ပထမကျော်ဦးချက်ထံတွင် စာပေကျမ်းဂန်များကို ဆက်လက်သင်ကြားခဲ့သည်။ တေးဂီတကဗျာများကို စိတ်ဝင်စားသည့် အလျောက် ငယ်စဉ်ကပင် လေ့လာလိုက်စားခဲ့သည်။ ဦးကြော့သည် လူပျိုလူရွယ်ရောက်ချိန်တွင် နတ်မောက်မြို့ အနောက်မြောက်ဘက်ရှိ ကန်ကြီးအောက်ရွာသို့ လာရောက်ပြီးလျှင် လူပျိုကာလသားများနှင့် ရောနှောနေထိုင်လေသည်။ ထိုအရပ်၌ နေထိုင်စဉ် အခါအားလျော်စွာ ပြုလုပ်ကျင်းပသော အရပ်ဇာတ်များကို ဦးကြော့က ကြီးမှူးရှေ့ဆောင်လေ့ရှိသည်။ ဦးကြော့သည် အရပ်ဇာတ်ထဲတွင် ရသေ့ကြီးအဖြစ်၊ သူဌေးကြီးအဖြစ်၊ သူဌေးကတော်ကြီးအဖြစ် စသည်ဖြင့် ပါဝင်ကပြတတ်လေရာ ပရိသတ်တို့ အလွန်စွဲမက်ကြသည်။ ဦးကြော့မှာ ဟာသပညာရှင်တစ်ဦး ဖြစ်သဖြင့် ပွဲကြည့်ပရိသတ်အား ဆွဲဆောင်နိုင်စွမ်း ရှိလေသည်။
ဦးကြော့အသက် ၂ဝ ခန့်တွင် ဦးကြော့၏ အဘိုးတော်၍ မင်းတုန်းမင်းတရားကြီး၏ သမားတော်တစ်ဦး ဖြစ်သူ နေမျိုးသက္ကသူရနော်ရထာဘွဲ့ရ သမားတော်ကြီးဦးကျော်ဇံက ဦးကြော့နှင့် ဦးမင်းမောင်(ရွှေလရောင်မင်းကြီး ဦးမင်းရောင်၏ညီ)တို့ကို မန္တလေးနေပြည်တော်သို့ ခေါ်ဆောင်၍ ရွှေတိုက်ဝန်ကြီးထံတွင် အပ်နှံထားလေသည်။
ဦးကြော့မှာ ကဗျာဉာဏ်ရင့်သန်သူတစ်ဦး ဖြစ်သည့် အလျောက် များမကြာမီအတွင်း စာတော်ဖတ်ရာထူးနှင့် မင်းတုန်းမင်းထံပါးတွင် ခစားရသည်ဟု အဆိုရှိသည်။ ဦးကြော့သည် ငယ်စဉ်က ရာသီဘွဲ့များကို စွဲလမ်းနှစ်သက်ခဲ့ရကား ထိုစိတ်၏ လှုံ့ဆော်မှုကြောင့် ၁၂ ရာသီတေးထပ်များကို စီကုံး၍ မင်းတုန်းမင်းကြီးအား ဆက်သရာ ဆုလာဘ်များစွာ ချီးမြှင့်ခြင်းခံရသည်။ ထိုစဉ်အခါက စလင်းမြို့ဦးမြတ်သာထွန်း ရေးသားစီကုံးသော ဟေမာန်တွေ အစချီသည့် မင်းသမီးပျောက် ရှာပုံတော်ကြီးမှာ ခေတ်စားနေရကား စာတော်ဖတ် ဦးကြော့သည် မင်းသားပျောက် ရှာပုံတော်တစ်ပုဒ်ကို ရေးသားရန် အကြံဖြစ်ပေါ်လာ၏။ ထို့ကြောင့် ဦးကြော့သည် စုံနံ့သာမြိုင်၊ ရဂုံတွင်း၊ ထုံသင်းငယ်ကြိုင်၊ ဂနိုင်ဟေမ၊ နွေအစ၊ ရွေမျာ့ကလျာ၊ ဟိုခင်ကိုလျှောက်ပါလို့၊ လင်ပျောက်ကိုရှာခဲ့၊ အစချီသော ရှာပုံတော်ကြီးကို ဦးကျော်ဇံ၏မြေး မိမိ၏ညီဝမ်းကွဲတော်ဖြစ်သူ ဦးပဉ္စင်းဦးဝိစယနှင့် ရွှေတိုက်ဝန်ကြီးတို့အား အကဲဖြတ် စေသည်။ ထို့နောက် မင်းတုန်းမင်းရှေ့တော်တွင် မိမိကိုယ်တိုင် အသံနေ အသံထားနှင့် သီဆိုဆက်သရာ မင်းတရားကြီးလည်း လွန်စွာနှစ်ခြိုက်ပေသောကြောင့် ဆုတော် လာဘ်တော် မြောက်မြားစွာ ပေးသနားတော်မူလေသည်။ ထိုအချိန်မှ စ၍ ဦးကြော့၏ ဂုဏ်သတင်းမှာ ပျံ့သင်း ကျော်ကြားလာပြီးလျှင် သူ့အားလည်း စုံနံ့သာမြိုင်ဦးကြော့ဟု ခေါ်စမှတ်ပြုလာကြသည်။
စုံနံ့သာမြိုင်ရှာပုံတော်ကြီးမှာ မင်းသမီးက မောင်တော် မင်းသားပျောက်၍ လိုက်လံရှာဖွေပုံကို သရုပ်ဖော်ထားသည့် ငိုချင်းရှည်သီချင်း ဖြစ်သည်။ သို့သော် ရာသီဘွဲ့တောဘွဲ့ တောင်ဘွဲ့များနှင့် ဟပ်၍ မင်းသမီး၏ အလွမ်းဘွဲ့ကို ထိမိစွာဖွဲ့ဆိုထားသဖြင့် နားထောင်သူတို့၏ စိတ်ကို ညွတ်နူးပျော့ပျောင်းစေသည်။ သိလွယ် မှတ်လွယ်၍ အဓိပ္ပာယ်ပေါ်လွင်သော စကားလုံးများဖြင့် ကြွယ်ကြွယ်ဝဝ သုံးနှုန်းထားသော ကဗျာလည်း ဖြစ်သည်။ 'ဂန္ဓမာငူ၊ မြေတလင်း၊ နေမင်းကပူသနှင့်၊ နန်းသူဒေဝီ၊ တွေ့နိုင်ပဲဟာမို့၊ လဲလုပြီ'ဆိုသော စာသားများသည်၎င်း၊ 'မဟေသီရုပ်၊ ဘွေကြငှန်းသူ၊ ပွေခန်းငယ်ထူ၊ ရွှေနန်းမူဟုတ်နိုင်ဘူး၊ ဥက္ကဋ္ဌရှင်၊ ငယ်ကကျွမ်း ပါတဲ့၊ ခင်ပွန်းလင်၊ မနွမ်းခင်ခု၊ လျင်လျင်ငယ်ပြေး၊ ခင်လေးကို ရှုလှဲ့ပါ၊ ဆွေးမှုထပ်ကြွယ်၊ ဖိုဖိုငယ် ရှိုက်ပါလို့၊ ငိုလိုက်မယ်။'ဆိုသော စကားသားများသည်၎င်း၊ မင်းသမီး၏ ပူဆွေးသောကရောက်ပုံကို ပေါ်လွင်ထင်ရှားစွာ စပ်ဆိုထားသဖြင့် သိင်္ဂါရရသနှင့် ပြည့်စုံပေသည်။ စုံနံ့သာမြိုင်ရှာပုံတော်ကြီး တစ်ခုလုံး ကို ခြုံ၍ကြည့်လျှင် ဦးကြော့သည် ကြားနာဖတ်ရှုသူတို့အား လင်ပျောက်ရှာသူ မင်းသမီးအပေါ်၌ ကရုဏာစိတ်ဓာတ်များ တဖွားဖွားပေါ်ပေါက်လာအောင် ဆွဲဆောင်စပ်ဆိုသည်ကို တွေ့မြင်နိုင်ပေသည်။ ထိုကြောင့်လည်း ဦးကြော့မှာ စိန်ခြူးကြာညောင် အမျှော်စိုက် ဘောလယ်ဖြင့် ထင်ရှားသော လှိုင်ထိပ်ခေါင်တင် အိမ်ရှေ့မိဖုရားကဲ့သို့ ဤစုံနံ့သာမြိုင်ရှာပုံတော်ကြီးနှင့်ပင် စာဆိုကျော်တစ်ဦး ဖြစ်လာလေသည်။
မင်းတုန်းမင်းတရားကြီးသည် မင်းကျော်ရာဇာဘွဲ့ရသော ဦးမိတ်အား မြို့ဝန်ခန့်၍ တောင်တွင်းကြီးမြို့သို့ စေလွှတ်ရာတွင် ဦးကြော့အား ဝန်စာရေးအဖြစ်ဖြင့် ထည့်လိုက်လေသည်။ ထိုအချိန်မှစ၍ ဝန်စာရေးဦးကြော့ဟု ထင်ရှားလာခဲ့၏။ ထို့နောက် သီပေါမင်း လက်ထက်၌၊ စတုတ္ထခရိုင်ဝန် (တောင်တွင်းကြီးခရိုင်) မင်းလှမဟာမင်းခေါင်ကျော်ထင်ဘွဲ့ရသည့် ဦးအိမ်အထံတွင် အမှုတော်ကို ထမ်းရွက်လေသည်။ မြို့ဝန်မင်း၊ မင်းကျော်ရာဇာ အနိစ္စရောက်သည်တွင် ဦးကြော့သည် ဝမ်းနည်းကြေကွဲဖြစ်မိကြောင်း လေးချိုးကဗျာ ရေးစပ်ခဲ့သည်။ ဦးကြော့သည် တောင်တွင်းကြီးမြို့၌ အမှုထမ်းရွက်နေစဉ် တောင်တွင်းကြီးမြို့၊ အုန်းတောရပ်သူ မယ်မင်းရံ ဆိုသူနှင့် အကြောင်းပါခဲ့သည်။ မအိ (ဦးကြော့သမီး)ဆိုသူ သမီးတစ်ယောက် ထွန်းကားခဲ့ရာ ထိုသမီးမှာလည်း ဖခင်နည်းတူ တေးကဗျာများ ရေးစပ်ခဲ့လေသည်။
မန္တလေးမြို့တွင် ကျန်ခဲ့သော ဦးကြော့၏ ငယ်မိတ်ဆွေရင်းလည်းဖြစ်၊ ဆွေမျိုးလည်းဖြစ်သော ဦးမင်းမောင်မှာ နောင်အခါ ပင်းမြို့၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့ ၃ မြို့၏ မြို့ဝန်ဖြစ်လာပြီးလျှင် ပင်းမြို့၌ နေထိုင်လေသည်။ ထိုအခါ ဦးကြော့သည် တောင်တွင်းကြီးမြို့မှ ပင်းမြို့သို့ ရွေ့ပြောင်းကာ ဝန်စာရေးအဖြစ် ဆက်လက် အမှုထမ်းရွက်ပြန်လေသည်။
ဦးကြော့သည် ထီးမူနန်းဟန် ကြငှန်းဆန်သော စုံနံ့သာ မြိုင်သီချင်းမျိုးကိုသာ စပ်ဆိုခဲ့သည်မဟုတ်ဘဲ ပိတောက်ပန်းဘွဲ့၊ ဒဟပ်ပန်းဘွဲ့၊ ကဆုန်လဘွဲ့ အစရှိသော တောဘွဲ့တောင်ဘွဲ့ ရာသီဘွဲ့ ကဗျာများကိုလည်း ဖွဲ့ဆိုသီကုံးခဲ့သေးသည်။ ဦးကြော့သည် အသံဩဇာနှင့် ပြည့်စုံ၍ တေးသီချင်းများကို အသံနေအသံထားဖြင့် ကျနပိုင်နိုင်စွာ သီဆိုတတ်သူ ဖြစ်သဖြင့် မိမိရေးစပ်ထားသော ကဗျာများကိုလည်း သူတစ်ပါးတို့ အလွယ်တကူ သီဆိုနိုင်အောင် စကားလုံး လှလှနှင့် အဓိပ္ပာယ်ပေါ်လွင်စွာ စပ်ဆိုနိုင်စွမ်း ရှိလေသည်။
အမျိုးဘာသာ၊ သာသနာကို လေးစားသော မျိုးချစ်စာဆို တစ်ဦး ဖြစ်သည့်အလျောက် သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားသည့်အခါ ဦးကြော့သည် ဆီးဘန်းနီဆရာတော်၊ အချုပ်တန်းဆရာဖေ တို့နှင့်အပြိုင် 'ကမ္ဘာတွင်စဉ် သမိုင်းငယ်နှင့်၊ ရာဇဝင်စာတင်ရိုင်းလေငဲ့' အစချီသော ပါတော်မူ လေးချိုးကို စပ်ဆိုခဲ့၏။ အလွမ်းစာဆိုတစ်ဦးဖြစ်သည့်အားလျော်စွာ ဦးကြော့သည် ထိုကဗျာတွင် မြန်မာနိုင်ငံကျဆုံးသဖြင့် မိမိဝမ်းနည်းကြေကွဲမိပုံ၊ အရှင်နှစ်ပါးတို့ ဝမ်းနည်းပူဆွေးမည့်ပုံတို့ကို ပေါ်လွင်ထင်ရှားစွာ ဖွဲ့ဆိုထားလေသည်။ မြန်မာ့ဂန္ထဝင်တွင် ထိုမျှထင်ရှားကျော်စောခဲ့သော စုံနံ့ သာမြိုင်၏ ဘခင်၊ အမည်အမျိုးမျိုးတွင်သော အနုပညာ စာဆိုကြီး ဦးကြော့သည် ဗြိတိသျှခေတ်၊ ၁၂၅၃ ခုနှစ်၊ ၁၈၉၂-ခု၊ ဇွန်လတွင် နတ်မောက်မြို့ရှိ သမီးဖြစ်သူ၏ နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့လေသည်။ [၁]
ဦးကြော့ အသက် ၂၀-အရွယ်သို့ ရောက်လတ်သော် အဘိုးတဝမ်းကွဲတော်စပ်သူ နေမျိုး ဘိသက္ကသူရနော်ရထာ ဘွဲ့ရ သမားတော်ကြီး ဦးကျော်စံက ခေါ်ဆောင်ခဲ့၍ နေပြည်တော် မန္တလေးသို့ရောက်သောအခါ ဘဝရှင်မင်းတရားကြီးထံ ခစားစေရာ မင်းတရားကြီးက ရွှေတိုက်တော်ဝန်ကြီးလက်သို့ အပ်တော်မူလိုက်သည်။ ဦးကြော့သည် မန္တလေး ရွှေမြို့တော်တွင် နေခိုက် တောင်ပြင်မိုးထားတိုက်ခေါ်ကျီဝန်တိုက်ဦးဝိဇယထံတွင် ပိဋကတ်တော်လာ လိုအပ်သော အချက်အလက်များနှင့် ကဗျာလင်္ကာများကို လေ့လာမှတ်သားခွင့်ရလေသည်။ ဦးကြော့၏ စာပေအရည်အသွေးကျနသည်ကိုသိ၍ မင်းတရားကြီးက စာတော်ဖတ်အရာ ပေးသနား ထမ်းရွက်စေသည်။ ထိုအခါက မန္တလေးမြို့တွင် ရှာပုံတော်များ ခေတ်စားချိန်ဖြစ်၍ အခြားကဗျာလင်္ကာများအပြင် စုံနံ့သာမြိုင်ရှာပုံတော်ကြီး ရေးသားဆက်သွင်းတင်လျှောက်ဖတ်ကြားသောအခါ မင်းတရားကြီး အားရကျေနပ်နှစ်သက်လှသောကြောင့် ရှေးကထက်တိုးတတ် မြှောက်စား ဆုလပ်များ ပေးသနားတော်မူလေသည်။ ဦးကြော့သည် နန်းတော်တွင်း ထွက်ဝင်ခစားရင်း အိမ်ရှေ့ကနောင်မင်းသားကြီး၏ ကိုယ်လုပ်တော် မယ်ပရစ်နှင့် ရည်ငံနေသောကြောင့် အပြစ်တော်မရမီ ဦးကြော့ကို လိုလားသော ရေနံချောင်းမင်းကြီးက ယင်းတော်သား ဦးမိတ်ကို မြို့အုပ်ရာထူးဖြင့် တောင်တွင်းကြီးသို့ အုပ်ချုပ်ရန် စေလွှတ်သောအခါ ဦးကြော့ကို ရှေ့ဖတ်စာရေး အဖြစ်ဖြင့် ထည့်လိုက်သည်။ သို့ဖြင့် စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ တောင်တွင်းကြီးဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ စသဖြင့် ကျော်ကြားထင်ရှားလေသည်။ [၂]