(၂)သုတ်ရှိပါသည်။

ဘုရားရှင် ကုရုနိုင်ငံ ကမ္မာသဒမ္မနိဂုံး ဘာရဒွါဇဂေါတ္တဗြာဟ္မဏ၏ မီးပူဇော်ရာ မီးတင်းကုတ်အတွင်း မြက်အခင်း၌ သီတင်းသုံးတော်မူနေစဉ် လမ်းလျှောက်ရင်း မီးတင်းကုတ်အတွင်းသို့ဝင်လာသော မာဂဏ္ဍိယပရိဗိုဇ်နှင့် ဘာရဒွါဇဂေါတ္တဗြာဟ္မဏတို့ မြက်အခင်းကိုအကြောင်းပြု၍ ပြောဆိုသောစကားကို အကြောင်းပြု၍

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ ဓမ္မသဘာဝ-ဟူသော အာရုံ ခြောက်ပါးတို့၌ မွေ့လျော်ပျော်ပိုက်၍ နှစ်ခြိုက်သာယာနေသော မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် (တို့၌ဖြစ်ပေါ်နေသော တဏှာ)ကို (မဂ်ဖြင့်)ဆုံးမအပ်, လုံခြုံ စေအပ်, စောင့်ရှောက်ပိတ်ဆို့ထားအပ်ပြီ။

ထို(တဏှာခြောက်မျိုး)ကို (မဖြစ်အောင် မဂ်ဖြင့်) ပိတ်ဆို့ခြင်းငှာ ငါဘုရား တရားဟောတော်မူ၏။ ဤအကြောင်းကိုရည်ရွယ်၍ သင်သည် ငါဘုရားကို (ဘူနဟု=) လူညွန့်တုံးသူဟုဆိုသလော့?

အရှင်ဂေါတမဤအကြောင်းကိုရည်ရွယ်၍ ရဟန်းဂေါတမကို ဘူနဟု-ဟု ပြောဆိုပါ၏။ အဘယ့်ကြောင့်နည်းဟူမူ အကျွန်ုပ်တို့၏ ကျမ်းဂန်၌လာ ပါ၏။

မာဂဏ္ဍိယ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန-ဟူသော ဝိညာဏ် ခြောက်ပါးတို့ဖြင့် သိအပ်၊ အလိုရှိအပ်၊ နှစ်သက်အပ်၊ စိတ်နှလုံးကိုတိုးပွား စေတတ်၊ ချစ်ခင်စုံမက်အပ်သောသဘော။ ကာမနှင့်စပ်ယှဉ်သည်ဖြစ်၍ တပ်မက်မောဖွယ် အဆင်း အသံ အနံ့ အရသာ အတွေ့အထိ သဘောတရား ဟူသော အာရုံခြောက်ပါးတို့ကို သုံးဆောင်ခံစားပြီးသူသည် နောင်အခါ၌ ထိုအာရုံခြောက်ပါး ကာမဂုဏ်တရားတို့၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်၌ အပြစ်၊ ထွက်မြောက်ရာတို့ကို ဟုတ်တိုင်းမှန်စွာ သိမြင်ပြီး ထိုအာရုံခြောက်ပါးတို့၌ တပ်မက်မှုတဏှာကိုစွန့်ပယ်၍ ထိုအာရုံတို့ကြောင့် ပူလောင်မွတ်သိပ် ဆာလောင်မှုကိုပယ်ဖျောက်၍ အတွင်းသန္တာန်၌ ငြိမ်းအေးသောစိတ်ဖြင့် နေနိုင် ရာ၏။ ဤပုဂ္ဂိုလ်ကို သင် ဘယ်လိုပြောမည်နည်း။

အရှင်ဂေါတမ ပြောဆိုဖွယ်မရှိပါ။

မာဂဏ္ဍိယ-ငါဘုရားသည် ရှေးလူဘဝ၌ ယောက်ျားတစ်ယောက်မျှမရှိသော ဥတုသုံးလီအလိုက် ပြာသာဒ်သုံးဆောင်၌ ထိုကာမဂုဏ်ငါးပါးတို့ကို ပြည့်ပြည့် စုံစုံ လုံလုံလောက်လောက် ပျော်မွေ့ခံစားခဲ့ဖူးပြီ။ ငါဘုရားသည် နောင်အခါ၌ ထိုကာမဂုဏ်တို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်သဘော၌အပြစ်၊ ထွက်မြောက်ရာတို့ကို ဟုတ်တိုင်းမှန်စွာသိ၍ ကာမဂုဏ်တို့၌ တပ်မက်မှုတဏှာကို ပယ်စွန့်ပြီး ကာမဂုဏ်ကြောင့် ပူလောင်မှုကို (မဂ်ဉာဏ်ဖြင့်) ပယ်ဖျောက် ဆာလောင်မှုကင်းပျောက်ပြီး အတွင်းသန္တာန်၌ (ကိလေသာ)ငြိမ်းအေးသော စိတ်ဖြင့် နေနိုင်၏။

ထိုငါဘုရားသည် ကာမဂုဏ်တို့၌ တပ်မက်နေကြကုန်သော ကာမတဏှာသည် ခံစားခံနေရသော ကာမဂုဏ်ကြောင့်ဖြစ်သော ပူလောင်ခြင်းဖြင့် ပူလောင်နေကြကုန်သော ကာမဂုဏ်တို့ကို မှီဝဲနေကြကုန်သော အခြားသတ္တဝါတို့ကို တွေ့မြင်နေသော်လည်း ထိုကာမဂုဏ်တို့ကို မတောင့်တ၊ မလိုချင်ပေ။ အဘယ့်ကြောင့်ဆိုသော် နတ်၌ဖြစ်သော ချမ်းသာတို့ကိုကျော်လွန်၍ ကာမဂုဏ်မရှိ အကုသိုလ်ကင်းသော မွေ့လျော်ခြင်းဖြင့် မွေ့လျော်နေသည်ဖြစ်၍ ယုတ်ညံ့သောကာမဂုဏ်ကို မတောင့်တ၊ မမွေ့လျော်လိုတော့ပြီ။

ဤအနက်အဓိပ္ပာယ်ကို သူကြွယ်၊ သူကြွယ်သားဥပမာ၊ နူနာကို ဆေးကုသော ဥပမာတို့ဖြင့် အကျယ်တဝင့် ရှင်းလင်းမိန့်ကြားတော်မူပါသည်။

ဒုတိယ နူနာရောဂါပျောက်ပြီးသောသူကို မီးကင်ရန် မီးကျီတွင်းသို့ခေါ်ဆောင်ရာ၌ ငြင်းဆန်ရုန်းကန်သော ယောက်ျားဥပမာဖြင့် မီး၏သဘာဝနှင့် မီးကင်ခြင်းကြောင့် မီး၏ချမ်းသာဟု ဖောက်ပြန်သော အမှတ်သညာဖြစ်နေပုံ၊ ကာလသုံးပါးတို့၌ ဆင်းရဲသော အတွေ့ရှိသော ကာမဂုဏ်တို့၌ ချမ်းသာဟုဖောက်ပြန်သော အမှတ်သညာ ဖြစ်နေပုံ။

တတိယ နူနာရောဂါကို ခံစားနေရသူ၏ အယားပျောက်ခြင်းကြောင့် အနည်း ငယ်မျှ သက်သာရာ သာယာကာမျှဖြစ်ပုံ၊ ကာမဂုဏ်ငါးပါးတို့ကို အစွဲပြု၍ဖြစ်သော သက်သာရာမျှ သာယာကာမျှဖြစ်ပုံ။ ကာမချမ်းသာကို မစွန့်လွှတ် မွေ့လျော်နေသော အတွင်းသန္တာန်၌ ငြိမ်းအေး သောစိတ်ဖြင့်နေပြီး နေဆဲ, နေလတ္တံ့။ မင်း, မင်းအမတ်တို့ကို မမြင်ဘူး၊ မကြားဘူး ဟု မိန့်ကြားတော်မူပြီး “အာရောဂျပရမာလာဘာ” အစရှိသော ဂါထာဖြင့် ဥဒါန်းကျူးတော်မူပါသည်။

သာသနာ့ပြင်ပ ပရိဗိုဇ်တို့သည် ဝမ်းတွင်းကန်း(မျက်မမြင်)နှင့်တူပုံ အာရောဂျ။ နိဗ္ဗာန်ကို မသိမမြင်နိုင်ကြပုံ၊ “အာရောဂျပရမာလာဘာ”ဂါထာသည် ရှေးဘုရားတို့ ဟောကြားသော ဂါထာဖြစ်ပုံ။

ရောဂါတုံး၊ အိုင်းအမာတုံး၊ ဆူးငြောင့်တုံး၊ ဆင်းရဲတုံး၊ အနာတုံးဖြစ်သော ဤခန္ဓာကိုယ်ကို “အာရောဂျ-နိဗ္ဗာန်”ဟု သင်ပြောဆိုသော်လည်း အာရောဂျ နိဗ္ဗာန်ကို သိနိုင်သော မြင်နိုင်သော စင်ကြယ်သောဉာဏ်မျက်စိ သင့်မှာမရှိပုံကို မိန့်ကြားတော် မူသည့်အခါ အာရောဂျ-နိဗ္ဗာန်ကို သိမြင်နိုင်သည့်နည်းလမ်းကို ဟောတော်မူပါ။ တရားဟောနိုင်စွမ်းရှိသော အရှင်ဂေါတမကို ယုံကြည်ပါ၏ဟု မာဂဏ္ဍိယပရိဗိုဇ်က လျှောက်ထားပါသည်။

ကုစား၍ရမရ ဝမ်းတွင်းကန်းဥပမာဖြင့် မိန့်ကြားတော်မူပြီး ဝမ်းတွင်းကန်း မျက်စိမြင်လာသောအခါ လှည့်စားထားသောသူကို ရန်သူဟုသတ်မှတ်သကဲ့သို့ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ လိုချင်တပ်မက်မှု ကင်းပျောက်သောအခါ ဘဝကြောင့် ဇာတိ ဖြစ်ပုံမှစ၍ အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ ဒေသနာတော်ကို ဘုရားရှင်ဟောတော်မူပါသည်။

ထိုအခါ မာဂဏ္ဍိယပရိဗိုဇ် ဥပါသကာအဖြစ်လျှောက်ထားပြီး ရဟန်းအဖြစ် တောင်းခံပုံ၊ ရဟန်းအဖြစ်ရရှိပုံ၊ မကြာမီ တရားအားထုတ်ရာ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်များစွာကို ဖွင့်ဆိုထားပါသည်။ [၁]


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် မာဂဏ္ဍိယဗြာဟ္မဏ ဇနီးမောင်နှံတို့ ကျွတ်တမ်းဝင်မည်ကို သိမြင်တော် မူခြင်းကြောင့် ယင်းတို့ရှိရာ ကုရုနိုင်ငံ ကမ္မာသဒမ္မနိဂုံးအနီး တောအုပ်သို့ကြွတော်မူ၍ ရွှေရောင်အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလိုက်ရာ မာဂဏ္ဍိယ ပုဏ္ဏားရောက်ရှိလာပြီး သမီးကိုတန်ဆာဆင်၍ ပုဏ္ဏေးမကြီးနှင့်အတူရောက်လာပါသည်။ ဘုရားရှင် ကမ္မာသဒမ္မနိဂုံးသို့ကြွတော်မူချိန်ဖြစ်၍ ဘုရားရှင် သီတင်းသုံးတော်မူရာ မြက်အခင်းနှင့် ခြေတော်ရာတို့ကိုကြည့်၍ မာဂဏ္ဍီပုဏ္ဏေးမကြီးက ကာမဂုဏ် ခံစားမည့်ပုဂ္ဂိုလ်မဟုတ်ကြောင်း ကြိုတင်ပြောကြားပါသည်။

ဘုရားရှင် ဆွမ်းဘုဉ်းပေးပြီး၍ပြန်လာပြီး မြက်ခင်းပေါ်၌ ထိုင်နေတော်မူလျှင် ပုဏ္ဏားကြီးက သမီးမာဂဏ္ဍီကို ပေးအပ်ပါသည်။ သမီး မာဂဏ္ဍီကိုယူဖို့နေနေသာသာ ခြေဖြင့်တို့လိုသောစိတ်ပင်မရှိကြောင်း မိန့်ကြားတော်မူသော ဘုရားရှင်၏အယူဝါဒ၊ သီလ၊ အကျင့်၊ အသက်မွေးမှု၊ ဘဝဖြစ်စဉ်ကိုမေးလျှောက်သဖြင့် ကိုးဂါထာတို့ဖြင့် မိန့်ကြားတော်မူရာ ဒေသနာတော်အဆုံး၌ မာဂဏ္ဍိယဗြာဟ္မဏ ဇနီးမောင်နှံ အရဟတ္တဖိုလ်သို့ရောက်ရှိပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌ အကျယ်ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -မ၊၂၊၁၆၉-၁၈၀။ မ၊မြန်၊၂၊၁၇၉-၁၉၁။ မ၊ဋ္ဌ၊၃၊၁၄၆-၁၅၄။ မ၊ဋီ၊၃၊၁၀၃-၇။ -မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ၊ ၃-ပရိဗ္ဗာဇကဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -သုတ္တနိ၊၄၀၉-၄၁၁။ သုတ္တနိ၊မြန်၊၃၈၅-၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၅၇-၂၆၂။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၄-အဋ္ဌကဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ