မာရ်ငါးပါး
`မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်း ဟု ဖွင့်ဆိုကြသည်။
`မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။
`မာရဓမ္မ´ဟူသည် သေခြင်းတရား ပင်ဖြစ်သည်။ ဟူ၍ ဖွင့်ပြတော်မူထားသည်။ [၁]
သို့ဖြစ်၍ သက်ရှိသတ္တဝါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရသည်။ သတ္တဝါများ သေရခြင်း၏ အကြောင်း၊ သေခြင်းမကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။
- ဒေဝပုတ္တ မာရ် = မာရ်နတ်
- ကိလေသ မာရ် = ကိလေသာဆယ်ပါး
- အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
- ခန္ဓ မာရ် = ခန္ဓငါးပါး
- မစ္စု မာရ် = သေခြင်းတရား တို့ဖြစ်သည်။
(၁) ဒေဝပုတ္တ မာရ် = မာရ်နတ်
ပြင်ဆင်ရန်မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်သည် ။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်သည် ။ ဒေဝပုတ္တ မာရ် = ဒေဝပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = "သေအောင် သတ်တတ်သည့် နတ်သား" ဟု အဓိပ္ပာယ်ရသည် ။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦး ဖြစ်သည် ။ ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည်၏ နတ်မင်းကြီးက ၀သဝတ္တီ နတ်မင်းကြီး ဖြစ်သည်။ ၃၁-ဘုံလုံးတွင် သူတန်ခိုးကြီးသည်။ ကာမဂုဏ်ဆိုသည် သတ္တဝါတွေ အတွက် မိမိကပဲ ဖန်ဆင်းပေးထားတာမျိုး အထင် ရောက်နေသူများ လည်းဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေ သံသရာမှာ ဘဝမျိုးစုံ ကျင်လည်ရင်း မိမိဖန်တီးပေးထားသည့် လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြခြင်းကို ကြိုက်နှစ်သက်သည် ။ ထို့ကြောင့် ကာမဂုဏ်ကို စွန့်ပယ်ရန် ရည်ရွယ်ကာ နည်းလမ်းမှန်မှန်ဖြင့် တရားဟောမည့် ဘုရားလောင်းများကို အနှောက်အယှက် ပေးလေ့ရှိသည် ။
ထို့အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံနှင့် နှောက်ယှက် တတ်သည်။
မာရ်နတ် = "သတ်ဖြတ်သူ ၊ ညှဉ်းပန်းနှိပ်စက်သူ" ဟုလည်း ခေါ်နိုင်သည်။
(၂) ကိလေသမာရ် = ကိလေသာဆယ်ပါး
ပြင်ဆင်ရန်ကိလေသာ ဟူသည် ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်သည့် တရားများပင် ဖြစ်သည်။ ထိုကိလေသာရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ပြီး သေပြီးရင်းသေ နေရဦးမည်ဖြစ်သဖြင့် ကိလေသာ ကိုလည်း သတ်တတ်သည့် မာရ် ဟုပင်ခေါ်သည်။ ကိလေသာ အကျဉ်း(၁၀)ပါး ရှိသည်။
- လောဘ = လိုချင်တပ်မက်ခြင်း
- ဒေါသ = အမျက်ထွက်ခြင်း( စိတ်ထဲမှာ တနှံ့နှံ့ဖြင့် အသားထဲဆူးဝင်သလို မျက် နေခြင်း၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically(အပြင်ပန်းအားဖြင့်) ဘာမှ မလုပ်သေးသည်ကို "ကောဓ (အမျက်)" [lac:NyD; ကောဓ အပြင်ထွက်ပေါက်ကွဲခဲ့လျှင် "ဒေါသ" ဖြစ်သည်။ (ထို့ကြောင့် ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးက ကောဓမဖြစ်ရပါလို၏။ ဒေါသမဖြစ်ရပါလို၏ ဟုခွဲပြီး ဆုတောင်းအဓိဌာန်ပြုခဲ့ခြင်းဖြစ်သည်။)
- မောဟ = တွေဝေမိုက်မဲခြင်း( မောဟ ရဲ. သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အဝိဇ္ဇာ နဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာ ပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါး ကို မသိခြင်းဟူသည် "အဝိဇ္ဇာ"ဖြစ်သည်။ ဒိဌိနှင့် နွယ်ပါသည် ။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ တွေတွေဝေဝေ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း ၊ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ် ၊ အကုသိုလ်ဟုခွဲခြား မသိခြင်းမှာ…"မောဟ"ဖြစ်သည်။ သစ္စာမသိခြင်းလောက်လည်း အဆင့်မမြင့်ပါ ။ သစ္စာမသိလျှင်သံသရာလည်မည်၊ မောဟများလျှင် အပယ်လားမည်။
အလှူ လှူသော်လည်း မည်ကဲ့သို့ လှူသင့်သည်ကို မသိ ၊ ဒီအလှူကဘာကုသိုလ်ရမည်ကိုလည်း မသိ ၊လှူတော့လှူနေခြင်းကို မောဟဖုံးလွှမ်းခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေသည်။ မည်သို့ လှူပါက ကုသိုလ်ရမှန်းကိုလည်း သိသည်။ ကုသိုလ်ရအောင်လှူပြီးသောအခါမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ ဟုဆုတောင်းလိုက်သောအခါ အဝိဇ္ဇာပါ သွားပါပြီဖြစ်သည်။ ဒုက္ခသစ္စာကို မသိသောကြောင့် နောက်သမုဒယသစ္စာကို လိုချင်တာမျိုးဟု ဆိုရမည်ဖြစ်သည်။
နောက်ဥပမာ- လူတစ်ယောက် အတိတ်ကိုတွေးမိလျှင် ဒေါသဖြစ်မည်။ ထိုကြောင့် ဘာမှ ပြန်မရတောသည့် အတိတ်ကို မတွေးပါနှင့်။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မည်။ အနာဂတ်ကမရောက်သေးသောကြောင့် ဖြစ်၊ပျက်သံသရာမှာ ကြိုတင်ပြီး လောဘစိတ်မထားပါနှင့်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆရာတော်များဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟကင်းခြင်းပင်ဖြစ်သည်။ ပညာမြင့်လာခြင်းဖြင့် သစ္စာတရားများကို သိမြင်လာလျှင် အဝိဇ္ဇာပါ ကင်းလာပါမည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေပါဦးမည်။ ထိနမိဒ္ဓ ကဲ့သို့ ငိုက်နေခြင်းမျိုး တော့မဟုတ်သေးပါ။
- မာန = ထောင်လွှားခြင်း(မာန ဆိုသည်မှာ မာန် ပင်ဖြစ်သည် ။ မာန်တက်နေသည် ။ မာနကြီးနေသည်)
မာန်(မာန) (၃) မျိုး ရှိသည် ။
(၁)သေဌမာန် = "ငါသာမြတ်သည်" ဟု မာန်တက်ခြင်း
(၂)သဒိသမာန် = "ငါနှင့် တန်းတူသည်"ဟု မာန်တက်ခြင်း
(၃)ဟိနမာန် = "ငါကား နိမ့်၏ ၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို"ဟု မာန်တက်ခြင်း တို့ဖြစ်သည်။
မာန်တက်ရန် (၃) ချက် ။
(၁)ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း
(၂)ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း
(၃)ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။
- ဒိဌိ ( မိစ္ဆာ ဒိဌိ ) = အယူမှားခြင်း(အားလုံး ၆၂-ပါး ။ ဒါပေမယ့် ၃ ပါး ၊ နိယတ (၄) ပါး။ (၁၀)ပါး ၊ (၁၁)ပါး စသဖြင့် ဆရာတော်များက အလျဉ်းသင့်သလို ဟောပြောကြသည်။ မိစ္ဆာဒိဌိ ကိုအလုံးစုံမရှင်းတော့ဘဲ သမ္မာဒိဌိ (၅) ပါးကို ဟောပြောသည်လည်းရှိသည် ။)
ဒိဌိ သည် ရှစ်ပါးသော တရားတို့ကို အမှီပြုပြီး ဖြစ်တတ်သည်။
ခန္ဓာ အဝိဇ္ဇာ ဖေဿာစ ၊ သညာတက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဌိဌာနာနိ အဌဓာ …ဟူ၍
(က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း ၊
(ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း ၊
(ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း ၊
(ဃ) မှတ်သားမှု နဲ့ ပတ်သက်၍ ၎င်း ၊
(င) အကြံအစည် နဲ့ ပတ်သက်၍ ၎င်း ၊
(စ) နှလုံးသွင်းမှု နဲ့ ပတ်သက်၍ ၎င်း ၊
(ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း ၊
(ဇ) သူတပါး၏တရားစကား နဲ့ ပတ်သက်၍ ၎င်း ဒိဌိ ဖြစ်လာပါတယ်။
- ဝိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော ( သို့လော သို့လော စိတ်နှခွဖြစ်ခြင်းသဘော )
( ဝိစိကိစ္ဆာ သည်လည်း ရှစ်ပါးသော တရားတို့အပါ်တွင် အမှီပြုပြီး ဖြစ်တတ်သည်။
(က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ ၊ ဉာဏ်တော်များ နဲ့ ပတ်သက်၍ ၎င်း ၊
(ခ) သစ္စာ (၄) ပါး ၊ မဂ် ၊ဖိုလ် ၊နိဗ္ဗာန် သည် သံသရာမှ တကယ် လွတ်/မလွတ် နဲ့ ပတ်သက်၍ ၎င်း ၊
(ဂ) အရိယာပုဂ္ဂိလ် နဲ့ ပတ်သက်၍ ၎င်း ၊
(ဃ) သီလ ၊ သမာဓိ ၊ပညာ ဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း ၊
(င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊
(စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊
(ဆ) သံသရာ တလျှောက်လုံး ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း ၊
(ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော် နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာသည်။
ဒိဌိ နဲ့ ဝိစိကိစ္ဆာ ကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီဖြစ်သည်။
- ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘဝမှ ဖြစ်လာသောသူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီးဟောခဲ့ဖူးသည်။)
- ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။
- အဟိရိက = မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။
- အနောတ္တပ္ပ = မကောင်းမှုလုပ်ခြင်းကို မကြောက်ခြင်း ။
၎င်းတို့မှာ ကိလေသာ ( ၁၀ ) ပါး (အပြား ၁၅၀၀ )ဖြစ်သည်။ ကိလေသာကို အမျိုးအစားအားဖြင်.လည်း ခွဲလို့ရပါသေးသည်။
ကိလေသာ (၃)မျိုး
(၁) ဝိတိက္ကမ ကိလေသာ - အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် )
(၂) ပရိယုဌာန ကိလေသာ - မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် )
(၃) အနုသယ ကိလေသာ - သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျူးလွန်တတ်သော ကိလေသာ ။ ( ဝိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်)
ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်သည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပျက် အောင်နိုင်ပါမည်။
(၃) အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
ပြင်ဆင်ရန်ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။
သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။
(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
(၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။
(၃) အာနဥ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။
ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။
ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..
စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။
ထို့ဗကြာင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။
အောက်ပါ ကံ ( ၄ ) ချက် ပေါ်မူတည်ပါသည်။
ကံ ၊ ကံ ၏အကျိုး ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-
၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဌဓမ္မ ဝေဒနိယ ကံ )
၂- နောင်ဘဝမှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ )
၃- ချက်ချင်းလက်ငင်း ယခုဘဝရော ၊ နောင်ဘဝမှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ )
၄- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင်.မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ. ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။
အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ. ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို. မရင်.ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။
(က)မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ )
(ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။ သို့သော် ငရဲကလွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)
အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင်.ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။(မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိသည်။။ နတ်သမီး ၅၀၀ နှင့် သုဗြဟမ နတ်သားဇာတ်၊မည်သည့် ဘဝရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်သည်။)
နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ၏ ဒသနသမ္ဗဒါ နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့ စသောတရားများကို မှတ်သားကြပါ ။
သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင်နိုင်မည်။
(၄)ခန္ဓမာရ် = ခန္ဓငါးပါး
ပြင်ဆင်ရန်ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ်ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည်အမှန်ပင်၊ ခန္ဓာကိုယ်မရှိတော့မှ သေရခြင်းကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် ခန္ဓမာရ် ၊ ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်ဟု ဆိုပေသည်။
(၅)မစ္စုမာန် = သေခြင်းတရား
ပြင်ဆင်ရန်မစ္စုဟူသည်မှာ သေခြင်းဟု အဓိပ္ပာယ်ရသည်။ သေခြင်းအတွက် အကြောင်းပြချက် မျိုးစုံရှိသည်။ အခြားသော ဘာသာဝင် တွေကလည်း ဘာကြောင့်သေရသည်ကို အမျိုးမျိုး အကြောင်းပြကြသည်။ အခြားသော ဘာသာများ၏ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ။ ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘဝအား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။
မွေးဖွားလာလျှင် အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရသည်။ ၎င်းတို့မှာ-
(၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း )
(၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း )
(၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍သေခြင်း ၊( ဖယောင်းတိုင် မီးစာကြိုးရော ၊ ဖယောင်းသားပါကုန်၍ မီးငြိမ်းရခြင်း )
(၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ဥပစ္ဆေဒက ကံ က ဖြတ်သတ်၍သေခြင်း ( လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း ) …တို့ဖြစ်ပါတယ်။
မည်သို့ဆိုစေ သေခြင်းကို သတ္တဝါတို့ ကြောက်ကြသည်။ ကြောက်ရခြင်းမှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက် ကြောင့် ဖြစ်သည်။
(၁) မိမိ၏ချစ်သူ၊ ခင်သူ မိသားစု များနဲ့ အပြီးတိုင်ခွဲခွာရမည်ကို ကြောက်ခြင်း ၊ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလိုဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေးငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း ။
(၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သောသိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင်စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊
(၃) သေခါနီးဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ကြောက်ခြင်း၊
(၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်သည်။
သေခါနီးသတ္တဝါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။
လူတစ်ယောက်၏ နောက်ဆုံးအချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာ တို့သည် လေ (၃) မျိုး ကြောင့် ဖြစ်လာရသည်ဆို၏။ ( မှတ်ချက် ။ ။ ပုံမှန် အချိန်တွင် လေ (၆) မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀) ဆိုတာလည်းရှိသေးတယ်)
ထို သေစေသော လေ (၃) မျိုး မှာ-
(၁) သတ္ထက ဝါဓ - ဓားငယ် နှင့်တူသောလေ ( ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ )
(၂)ခုက္တက ဝါဓ - သင်တုန်းဓားနှင့် တူသောလေ ( အူ ၊အသဲများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ )
(၃) ဥပလ္လက ဝါဓ - နှလုံးသားကို ပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာတွန်းကန်သော လေ ( ဝမ်းတွင်းမှ အူကလီစာများ ၊ ငယ်ချီးများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ )
ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင်ကြရသည်။
သေခြင်းနှင့် ပတ်သက်လျှင် အကြောင်းအရာ အများကြီး ဖြစ်သည်။ သေချိန်တွင် ဖြစ်ပေါ်သည့်ကံနှင့် ဇောစိတ်များ ကို ဝိပဿနာ ဆိုင်ရာ ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ကြပြီးဖြစ်သည်။ တခြားဘာသာဝင်များအနေဖြင့် သေခြင်းကို အောင်နိုင်ရန် သေကြည့်ရမယ် …ပြီးလို့ ပြန်ရှင်လာမယ် ဆိုရင် သေခြင်းကိုအောင်နိုင် ပြီ လို့ ဆိုကြပါတယ် ။ ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ ၊ နိရောဓဖြစ်နေတဲ့ အသစ်တဖန် မွေးဖွားခြင်း၊သေဆုံးခြင်း ကင်းရာ နိဗ္ဗာန် ကို အရဟတ္တဖိုလ် ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကိုအောင်နိုင် ခြင်း ဖြစ်သည်။ [၂]