မားကပ် ဩရီးလီယပ် အန်တိုနိုင်းနပ်
မားကပ်ဩရီးယပ် အန်တိုင်နိုင်းနပ် (အင်္ဂလိပ်: Marcus Aurelius; /ɔːˈriːliəs/; လက်တင်: Marcus Aurelius Antoninus Augustus;[၁][notes ၁] ၂၆ ဧပြီ ၁၂၁ – ၁၇ မတ် ၁၈၀ အေဒီ) သည် ရောမ ဧကရာဇ် ဘုရင်ကောင်းငါးပါး တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ ရောမနိုင်ငံတော်ကို ခရစ် ၁၆၁ မှ ၁၈ဝ ပြည့်နှစ်အထိ အုပ်စိုး၏။
ရှေး ရောမဧကရာဇ်မင်းတို့သည် မိမိတို့တွင် သားတော်သမီးတော် မထွန်းကားခဲ့သော် မျိုးတော်ထဲမှ တစ်ဦးဦးကို မွေးစားလေ့ရှိကြ၏။ သို့အားဖြင့် အန်တိုနိုင်းနပ်ပိုင်းယပ်ဘုရင် (ခရစ် ၈၆-၁၆၁) သည် တူတော်သူ မားကပ်ဩရီးလိယပ်ကို သားအဖြစ် မွေးစားခဲ့လေရာ အန်တိုနိုင်းနပ်ပိုင်းယပ် လွန်သည်တွင် မားကပ်ဩရီးလီယပ်သည် ဧကရာဇ်အဖြစ် ဆက်ခံခဲ့၏။ မားကပ်ဩရီးလိယပ်ကို မွေးစားသည့် အချိန်မှာပင် အန်တိုနိုင်းနပ် ပိုင်းယပ်သည် လူစီးယပ်ဗီးရပ်အား လည်း မွေးစားခဲ့၏။ မားကပ်ဩရီး လီယပ်သည် ဧကရာဇ်အဖြစ် ခံယူသောအခါ ညီတော်သူ လူစီးယပ်ဗီးရပ်အား မိမိနှင့်အတူ ရောမ နိုင်ငံတော်ကို တွဲဖက်အုပ်စိုးစေခဲ့သည်။ လူစီးယပ်သည် ၁၆၈ ခုနှစ်တွင် ကွယ်လွန်သဖြင့် ထိုအချိန်မှစ၍ မားကပ်ဩရီးလီယပ်သည် ရောမနိုင်ငံကို တစ်ဦးတည်း အုပ်စိုးခဲ့လေသည်။
မားကပ်ဩရီးလီယပ် နန်းတက်သည့် အချိန်မှစ၍ နိုင်ငံတော် မငြိမ်မသက် ရှိခဲ့သည်။ ဖြစ်ပေါ်လာသမျှသော ရန်အပေါင်း ကိုလည်း နှိမ်နင်းရလေသည်။ ၁၆၁ ခုနှစ်တွင် ပါသီယာပြည်နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲသည် ၁၆၅ ခုနှစ်တွင်မှ ပြီးငြိမ်း၏။ ယင်းစစ်ပွဲ ပြီးသည့်နောက်တွင် ဂျာမန်လူရိုင်းတို့သည် ရောမနိုင်ငံတော်ကို ထိပါးတိုက်ခိုက်လာ၏။ ထိုအချိန်တွင် လူစီးယပ်ဗီးရပ်လည်း မရှိတော့ပြီဖြစ်ရကား စစ်တပ်များကို ဦးစီးတိုက်ခိုက်ရန် အရေးမှာ ဩ ရီးလီယပ်၏ တာဝန်သာ ဖြစ်နေခဲ့လေသည်။ ဩရီးလီယပ် သည် မာကိုမန္နီနှင့် အခြား ဂျာမန်လူရိုင်းတို့ကို တိုက်ခိုက်အောင်မြင်၏။
ထိုအတောအတွင်း ဆီးရီးယားနယ်မှ ဘုရင်ခံဖြစ်သူ အဗစ်ဒီယပ် ကက်ဆီယပ်သည် သစ္စာဖောက်၍ တော်လှန်ပုန်ကန်ခဲ့ ၏။ ဩရီးလိယပ်သည် ဂျာမန်လူရိုင်းတို့၏ရန် အေးငြိမ်းစအချိန်မှာ ပင် ဆီးရီးယားသို့ လှည့်ရပြန်၏။ သို့သော် ဩရီးလီယပ် အာရှတိုက်သို့ မရောက်မီပင် အဗစီ်းယပ် ကက်ဆီယပ်သည် သူ၏ နောက်လိုက်ငယ်သားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးသွားသဖြင့် သူပုန်ရန်လည်း အေးငြိမ်းသွား၏။ ဩရီးလီယပ်သည် အီဂျစ်နှင့် ဂရိနိုင်ငံတို့သို့ သွားရောက်ခဲ့ပြီးနောက် ရောမနိုင်ငံတော် သို့ ပြန်လည်ရောက်ရှိခဲ့၏။ များမကြာမီပင် မာကိုမန္နီတို့သည် နိုင်ငံတော်ကို တစ်ဖန် ထိပါးတိုက်ခိုက်လာပြန်သည့်အတွက် ဩရီး လီယပ်သည် စစ်မြေပြင်သို့ ဆင်းရပြန်၏။ ယင်းတို့ကို သုံးလေးကြိမ် နှိမ်နင်းအောင်မြင်ခဲ့သော်လည်း ယင်းတို့၏ ရန်မီးကား လုံးဝအေးငြိမ်းသွားခြင်းမရှိခဲ့ပေ။ ဩရီးလိယပ်သည် ယင်းတို့နှင့် စစ်ပွဲများ တိုက်ခိုက်နေဆဲမှာပင် ခရစ် ၁၈ဝ ပြည့်နှစ်တွင် ကွယ်လွန်လေသည်။
မားကပ် ဩရီးလီယပ်သည် အလွန် သိမ်မွေ့နူးညံ့၍ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ဧကရာဇ်ဘုရင်တစ်ပါးဖြစ်၏။ ရောမနိုင်ငံတွင် ထိုစဉ်က အကောင်းဆုံးဖြစ်သော ပညာရေးကိုလည်း သင်ကြားခဲ့ရသူ၊ ပညာရှိ ကဝိဟူသမျှတို့နှင့်လည်း ရင်းနှီးသိကျွမ်း ခဲ့သောသူ ဖြစ်၏။ မိမိသိမြင်မှတ်ကြားရသည့်အတိုင်းပင် ကျင့်သုံး သောကြောင့် မှည့်တပေါက် မစွန်းသော ဟူ၏။ သတ္တိရှိရန်၊ မိမိ ကိုယ်ကို ထိန်းသိမ်းရန်၊ ခြိုးခြံရန်နှင့် တရားမျှတရန်တို့ကို သင်ကြားသော စတိုးဝစ်ယထာဘူတ သဘောတရားတို့ကို ၁၂ နှစ်သားအရွယ်က စတင်သင်ယူကာ တစ်သက်ပတ်လုံးလည်း လိုက်နာ ကျင့်သုံးခဲ့၏။ နိုင်ငံတော်ကို အုပ်ချုပ်ရာ၌လည်း တိုင်းနိုင်ငံ ကောင်းစားရေးကို ရှေးရှူ၍ ဂလက်ဒီယေးတားခေါ် လူသတ် ကစားပွဲများကို ကန့်သတ်ပေးပြီးလျှင် ငွေဝယ်ကျွန်များ၊ အမွေဆက် ခံသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အကျိုးရှိ စေမည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့၏။ သို့ရာတွင် သူ၏လက်ထက်၌ ခရစ်ယာန်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းခံရ၏။ ရောမနိုင်ငံတော် ပျက်သုန်းသွားမည်စိုးရိမ်သောကြောင့် ဤသို့ ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။
မားကပ် ဩရီးလီယပ်သည် တိုင်းပြည်အုပ်ချုပ်၍ ရန်စွယ်အပေါင်းကို နှိမ်နင်းနေရသည့် ကြားကပင် အားလပ်သော အချိန်ကလေးများတွင် သလိုက်နာကျင့်သုံးမည့် စည်းမျဉ်းများကို ဂရိဘာသာဖြင့် ချမှတ်ရေးဆွဲ၏။ 'မက်ဒီတေးရှင်း' ခေါ်နီတိကျမ်းသည် ဤသို့အားဖြင့် ဖြစ်ပေါ်လာ၏။ ယနေ့တိုင် ထိုကျမ်းသည် ကျမ်းကောင်းတစ်စောင်အဖြစ် ထင်ရှားလေသည်။[၄]