မိုဟာမက်အလီ ဂျင်းနား (ခရစ် ၁၈၇၆-၁၉၄၈) သည် ပါကစ္စတန်နိုင်ငံ၏ဖခင်ကြီးဟူ၍ ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးကား မိုဟာမက် အလီဂျင်းနားပင် ဖြစ်သည်။ သူသည် အိန္ဒိယပြည်ကြီးမှ ပါကစ္စတန်နိုင်ငံဟူ၍ သီးခြားပေါ်လာရေးအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သောကြောင့် ထိုကဲ့သို့ နာမည်တွင်ခြင်း ဖြစ်သည်။ ဂျင်းနားသည် အိန္ဒိယပြည်ရှိ မွတ်စလင်တို့၏ ချစ်ကြည်လေးစားမှုကို ခံရသော ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံဟူ၍ လွတ်လပ်ရေးကို ကြေညာသောအခါ ဂျင်းနားသည် ထိုနိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ် ဖြစ်လာခဲ့လေသည်။ ဂျင်နာသည် ပါကစ္စတန်နိုင်ငံတည်ထောင်သူ ဖခင်ကြီးဖြစ်လာပြီး ၁၉၄၇-ခုနှစ်မှ ၁၉၄၈-ခုနှစ်အတွင်း ပါကစ္စတန်၏ ပထမဆုံးဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ မိုဟာမက် အလီဂျင်နာကို ၁၈၇၆-ခုတွင် ကရာချိမြို့၌ မွေးဖွားခဲ့သည်။ ထိုအချိန်က ကရာချိမြို့သည် အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အိန္ဒိယကို ဗြိတိသျှတို့ မအုပ်ချုပ်ခင် အချိန်ဖြစ်သည်။ ဂျင်နာ လူငယ်ဘဝက မိဘများက လုပ်ငန်းအတ​ွေ့အကြုံရရှိရန် လန်ဒန်မြို့သို့ ပို့ပ​ေးခဲ့သည်။ ၎င်းအစား သူက ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး ဗြိတိသျှအစိုးရစနစ်ကို လေ့လာခဲ့သည်။ ပညာသင်ယူပြီးသောအခါ အိန္ဒိယသို့ ပြန်လာပြီး ဘုံဘေ (ယခု မွန်ဘိုင်း)တွင် ရှေ့နေအလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ကာလသည် အိန္ဒိယပြည်သူများက ဗြိတိသျှအုပ်ချုပ်ရေး အောက်မှ လွတ်မြောက်ရေးကို စတင်ကြိုးပမ်းနေကြချိန် ဖြစ်သည်။

မိုဟာမက်အလီ ဂျင်းနား (1945)

ဂျင်းနားသည် ကရာချိမြို့မှ ကြွယ်ဝသော ကုန်သည်ကြီးတစ်ဦး၏သားဖြစ်၍ အသက် ၁၆ နှစ်အရွယ်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့သွားရောက်ကာ ၄ နှစ်မျှ ဝတ်လုံပညာ သင်ကြားခဲ့လေသည်။ အိန္ဒိယပြည်သို့ ပြန်ရောက်၍ များမကြာမီ ဘုံဘိုင်မြို့တွင် ထိပ်တန်းဝတ်လုံတော်ရတစ်ဦးအဖြစ် နာမည်ရလာပြီးလျှင် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့လေသည်။ အသက် ၃ဝ အရွယ်တွင် အိန္ဒိယအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌကြီး၏ အတွင်း ရေးမှူးအဖြစ် ထမ်းဆောင်ခဲ့သည်။

၇ နှစ်ခန့်ကြာသောအခါ ဂျင်းနားသည် အိန္ဒိယကွန်ဂရက်အသင်းသားအဖြစ်နှင့်ပင် မွတ်စလင်အသင်းကြီးနှင့်လည်း ဆက်သွယ်ခဲ့သည်။ ထိုအချိန်တွင် မသင့်မမြတ်ဖြစ်နေကြသော မွတ်စလင်အသင်းကြီးနှင့် ဟိန္ဒူအမျိုးသားများ ပါဝင်သော အိန္ဒိယ အမျိုးသား ကွန်ဂရက်တို့၏နိုင်ငံရေးတွင် ချစ်ကြည်စွာ တွဲဖက်ဆောင်ရွက်မှုကို ကြိုးစားခဲ့သည်။ သို့သော် မွတ်စလင်လူနည်းစုကို ထိရောက်သော ဥပဒေများဖြင့် ကာကွယ်သမှုပြုပေးသမျှ မအောင်မြင်နိုင်ဟု ယူဆကာ မွတ်စလင်များ၏ အခွင့်အရေးပြည့်စုံစွာ ရရှိအောင် ပြုလုပ်ရန်ရည်သန်၍ ၁၉၁၆ ခုနှစ်တွင် မွတ်စလင်အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ်ကို ခံယူခဲ့လေသည်။

ထိုအချိန်မှစ၍ အိန္ဒိယပြည်၏ နိုင်ငံရေးကိစ္စများတွင် မဟတ္တမဂန္ဓီနှင့် ဂျင်းနားတို့သည် ရှေ့ဆောင်ခဲ့လေသည်။ အိန္ဒိယပြည်သည် လွတ်လပ်ရေးရရှိရန် အခွင့်ကောင်း အမျိုးမျိုးကို အရယူခဲ့သော်လည်း ရင်ကြားမစေ့နိုင်သော ဟိန္ဒူနှင့် မွတ်စလင်စိတ်ဝမ်းကွဲပြားမှုကြီးကြောင့် မည်သည့်အလုပ်ကိုမျှ အဆင်ပြေအောင် မလုပ်နိုင်ဖြစ်ခဲ့ရသည်။

ခရစ် ၁၉၂၈ ခုနှစ်သို့ ရောက်သောအခါ ဗြိတိသျှအစိုးရတို့က စိတ်ဝမ်းကွဲပြားမှုကို ဖြေရှင်းပေးမည့် ကော်မရှင်အဖွဲ့တစ်ခုကို စေလွှတ်ခဲ့ရာတွင် ဂျင်းနားသည် မွတ်စလင်များဘက်မှ အချက်ပေါင်း ၁၄ ချက်ကို တင်ပြခဲ့လေသည်။ နောက်ထပ်၍ လန်ဒန်မြို့တွင် ကျင်းပခဲ့သော အစည်းအဝေးများ၌ ဂျင်းနားပင်လျှင် မွတ်စလင်များဘက်မှ အရေးဆိုခဲ့လေသည်။ အင်္ဂလိပ် အောက်လွှတ်တော်တွင် ၁၉၃၅ ခုနှစ်၊ အိန္ဒိယပြည် အုပ်ချုပ်ရေး အက်ဥပဒေကို တင်သွင်းဆွေးနွေးခဲ့စဉ်ကလည်း ဂျင်းနားသည် တက်ရောက်နားထောင်ခဲ့၏။

ထို့နောက် ဂျင်းနားသည် မွတ်စလင်အသင်းကြီးအား မွတ်စလင်လူထု တစ်ရပ်လုံးက အားပေးထောက်ခံလာရေးအတွက် အိန္ဒိယတစ်ပြည်လုံးကိုလှည့်၍ တရားဟောသည်။ သူသည် မွတ်စလင်အသင်းကြီး အင်အားတောင့်တင်းမှသာ အိန္ဒိယ အမျိုးသားကွန်ဂရက်နှင့် အင်္ဂလိပ်အစိုးရတို့က အုပ်ချုပ်ရေး အသစ်တွင် မွတ်စလင်တို့အား ပူးပေါင်းဆောင်ရွက်ခွင့်ပေးမည်ဟု ယုံကြည်ခဲ့၏။ ဂျင်းနားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ပြည်နယ်များတွင် မွတ်စလင်တို့သည် ရာထူးရာခံများ ရနိုင်မည် မဟုတ်သည့်ပြင် နိုင်ငံရေး ဖိနှိပ်ညှဉ်းပန်းမှုများကိုလည်း ခံရလိမ့်မည်ဟုလည်း စိုးရိမ်ခဲ့လေသည်။ ထို့ကြောင့် ဂျင်းနားသည် အိန္ဒိယပြည်အတွင်း မွတ်စလင်လူမျိုးတို့အတွက် သီးခြားနိုင်ငံတစ်ခုထူထောင်ပေးရန် အရေးဆိုခဲဲ့လေသည်။ ယင်းရည်ရွယ် ချက် အောင်မြင်ရန် ကြိုးစားသည့် ကာလအတွင်း သူ့အား 'ခေါင်းဆောင်ကြီး'ဟူသော ဘွဲ့နှင့် ပိုမိုလူသိများလာခဲ့သည်။ ထို့နောက်၌ကား အိန္ဒိယအမျိုးသား ကွန်ဂရက်နှင့် မွတ်စလင်အသင်းကြီးတို့သည် ၁ဝ နှစ်ကြာမျှ ထပ်မံ၍ ပဋိပက္ခ ဖြစ်နေခဲ့ကြလေ၏။ ၁၉၄၄ ခုနှစ်အတွင်း ဂန္ဓီနှင့် ဂျင်းနားတို့ တွေ့ဆုံဆွေးနွေးခဲ့သေးရာ အရာရောက်သော ဖြေရှင်းမှု မရခဲ့ပေ။ ဒေသအတွင်းရှိ အဓိကဘာသာရေးအုပ်စုကြီး နှစ်ခုဖြစ်သည့် မွတ်စလင်များနှင့် ဟိန္ဒူများသည် အိန္ဒိယတွင် နှစ်ရာပေါင်းများစွာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြသည်။ သို့သော် မွတ်စလင်များထက် ဟိန္ဒူများက ပိုမိုများပြားသည်။ ထို့ကြောင့် မွတ်စလင်အများအပြားက အိန္ဒိယနိုင်ငံ လွတ်လပ်လာသည့် အခါ ဟိန္ဒူများနှင့် တန်းတူအခွင့်အရေးမရမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ကြသည်။

ဂျင်နာသည် မွတ်စလင်တစ်ဦးဖြစ်သော်လည်း မူလအစတွင် ကြောက်ရွံ့ထိတ်လန့်စရာ ရှိနေသည်ဟု မထင်မြင်ခဲ့ပါ။ သို့သော် အချိန်နှင့်အမျှ အိန္ဒိယရှိ မွတ်စလင်များအနေနှင့် သူတို့ကိုယ်ပိုင်နိုင်ငံ တစ်နိုင်ငံရှိသင့်သည်ဟု ခံစားမိလာခဲ့သည်။ ထို့ကြောင့် ဂျင်နာသည် အိန္ဒိယနိုင်ငံမှ မွတ်စလင်နိုင်ငံ တစ်နိုင်ငံ ခွဲထွက်ရေးအတွက် အပြင်းအထန် ကြိုးစားတော့သည်။ ထိုနိုင်ငံသစ်ကို ပါကစ္စတန်ဟု ခေါ်တွင်ပါလိမ့်မည်။

၁၉၇၄-ခုနှစ်တွင် ဗြိတိသျှအစိုးရက ပါကစ္စတန်နိုင်ငံ ထူထောင်ခြင်းကို သဘောတူခဲ့သည်။ ထိုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရခဲ့သည်။ နိုင်ငံ၏ အစိတ်အပိုင်းတစ်ရပ်သည် ပါကစ္စတန်နိုင်ငံ ဖြစ်လာခဲ့သည်။ ဂျင်နာကို ပါကစ္စတန်နိုင်ငံ၏ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ သို့သော် မကွယ်လွန်ခင် တစ်နှစ်သာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ယနေ့ထိတိုင် ပြည်သူများက သူ့ကို ချစ်ခင်နေကြဆဲဖြစ်သည်။ ပါကစ္စတန်နိုင်ငံ ထူထောင်ရာတွင် ကူညီစွမ်းဆောင်ခဲ့ခြင်းကြောင့် ဂျင်နာသည် ပါကစ္စတန်နိုင်ငံ၏ ဖခင်အဖြစ် မှတ်ယူခြင်း ခံခဲ့ရသည်။ [၁]

၁၉၄၇ ခုနှစ်တွင်မှ ဗြိတိသျှ အစိုးရက ပါလီမန်တွင် အိန္ဒိယပြည်အား လွတ်လပ်ရေးပေးသောအက်ဥပဒေကို သဘောတူညီခဲ့၍ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံဟူသော ဒိုမီနီယန်နိုင်ငံများ ထူထောင်ခွင့်ပေးခဲ့ရာ ခေါင်းဆောင်ကြီး ဂျင်းနားကိုပင် ပါကစ္စတန်ဒိုမီနီယန်နိုင်ငံ၏ ပထမဆုံးဘုရင်ခံချုပ် အဖြစ် တင်မြှောက်ကြသည်။ ဂျင်းနားသည် ဤရာထူးတွင် ၁ နှစ်မျှ ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ ကရာချိမြို့တွင် ကွယ်လွန်လေသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. လင်းတည်ဦး ဘာသာပြန်ဆိုသည်။ သမိုင်းဝင်ထင်ရှား ပုဂ္ဂိုလ်ကျော်များ၊ ပထမအကြိမ်၊ စက်တင်ဘာ၊ ၂၀၁၉၊ စာ-၃၀
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)