မိုးခေါင်ကျော်စွာ

အညာဒေသတွင် မိရိုးဖလာအဖြစ် မိုးခေါ်ကြသည်

မိုးခေါင်ကျော်စွာသည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[]

ရာဇဝင်ပုံပြင်ဇာတ်လမ်း

ပြင်ဆင်ရန်

မိုးခေါင်ကျော်စွာသည် ပုဂံမင်း နရသူလက်ထက်တွင် ပေါ်ပေါက်ခဲ့သည့် နတ်တစ်ပါး ဖြစ်သည်။ မိုးခေါင်ကျော်စွာ၏ လူ့ဘဝအမည်မှာ "ကျော်စွာ" ဖြစ်သည်။[]

ရှင်အဇ္ဇဂေါဏနှင့် ကျော်စွာ၊ သော်တာ

ပြင်ဆင်ရန်

နရသူမင်းလက်ထက်တွင် ရှင်အဇ္ဇဂေါဏဟု ထင်ရှားလာမည့် ရှင်မထီးဟု ဘွဲ့ရှိသည့် ဆရာတော်သည် အဂ္ဂိရိတ်ပညာကို လေ့လာလိုက်စား၏။ ထိုအခါ ဘုရင်ဖြစ်သူ နရသူသည် အကျိုးကို မျှော်မှန်း၍ ရက်ရှည်လများ လှူဒါန်းပါသော်လည်း ဆရာတော်၏ ပြဒါးမှာ မအောင်မြင်ဘဲ ဖြစ်နေ၏။ တစ်ခုသောအချိန်တွင် မင်းကြီးသည် အမျက်တော်ဖြစ်၍ ရှင်မထီး၏ မျက်လုံးတို့ကို ဖောက်ပစ်ခဲ့လေသည်။

ဆရာတော်၏ ထွက်ရပ်ပေါက်ကိစ္စသည် ပျက်ဖန်များလာသဖြင့် ဒါယကာ၊ ဒါယကာမတို့၏ စည်းစိမ်တို့လည်း ယုတ်လျော့လာ၏။ ထိုအထဲတွင် နောက်ဆုံး၌ မောင်ကျော်စွာနှင့် မယ်သော်တာတို့ ဇနီးမောင်နှံနှစ်ဦးသည် ဆရာတော်အား ရှိသမျှ ပစ္စည်းများ လှူဒါန်းရာ သူကြွယ်ဘဝမှ သူရင်းငှားဘဝသို့ ရောက်သွားလေသည်။

နောင်အခါ ရှင်မထီး၏ ပြဒါးလုံးအောင်မြင်လာသည့်အခါတွင် ပုဂံပြည်တွင်လည်း ရှင်အဇ္ဇဂေါဏ ဟု ထင်ရှားခဲ့ပြီး ပုဂံပြည်ရှိ ဒကာ၊ ဒကာမတို့အား သူကြွယ်ဖြစ်အောင် မ,စခဲ့သည်။ ပုဂံပြည်၌ ရွှေမိုး ငွေမိုး အုန်းအုန်းမြည်အောင်ရွာနေသော်လည်း[] ကျော်စွာနှင့် မယ်သော်တာတို့သည် မြို့နှင့် ဝေးကွာသည့်အရပ်တွင် ယာခင်းများ၌ အလုပ်လုပ်ကိုင်နေသဖြင့် ဆရာတော်နှင့် မတွေ့လိုက်ရပေ။ ဆရာတော်သည် မိမိ၏ အလုပ်ကို ဆက်လက်ကာ ကြိုးစားလုပ်ကိုင်ရန် ထွက်တော့မည်ဖြစ်ပြီး ပုပ္ပါးတောင်ဘက်သို့ ကြွသွားလေသည်။ ကြွသွားချိန်တွင် နရသူအား စိတ်နာသဖြင့် အကြောင်းမကြားခဲ့ပေ။[] ဤသို့ဖြင့် ဆရာတော်သည် အဆင့်အမြင့်ဆုံးထွက်ရပ်ပေါက်ပညာကိစ္စ အောင်မြင်ပြီးနောက် မောင်ကျော်စွာနှင့် မယ်သော်တာတို့ရှိရာ နေရာဒေသသို့ကြွရောက်လာပြီး[] များစွာသော ရွှေငွေရတနာတို့ကို ပေးအပ်သည်။ ထို့အတွက်ကြောင့် ကျော်စွာတို့ ဇနီးမောင်နှံသည် နောက်ဆုံးမစခြင်း ခံခဲ့ရသည့် သူများဖြစ်ပြီး နောက်ဆုံးအချမ်းသာဆုံးအဖြစ် ပုဂံပြည်တွင် ကျော်ကြားလေသည်။

နရသူ၏ အငြိုး

ပြင်ဆင်ရန်

ဆရာတော်သည် ဖိုဝင်ရန် အချိန်ရောက်လာသည့်အခါ ကျော်စွာအား တပည့်အဖြစ်နှင့် စောင့်ရှောက်ရန် ခေါ်လေသည်။ ထိုအခါ ကျော်စွာသည် ဇနီးဖြစ်သူ မယ်သော်တာနှင့် သားဖြစ်သူ ဝံသာကို စိတ်မချသဖြင့် မလိုက်နိုင်ကြောင်း ငြင်းပယ်ခဲ့သည်။ ထိုအခါ ဆရာတော်သည် ဘာမျှ မပြောဘဲ သော်တာရှိသည့် ယာခင်းသို့ လိုက်သွားကာ သော်တာကို တပည့်အဖြစ် ခေါ်လေသည်။

ထိုအခါ သော်တာသည် ဝမ်းပန်းတသာ ဆရာတော်၏ တပည့်အဖြစ် လိုက်သွားခဲ့သည်။ နဂိုကတည်းကပင် ဆရာတော်အပေါ် အငြိုးထားသည့် နရသူသည် ကျော်စွာနှင့် သားဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးလေသည်။ ထိုအခါ လက်လွန်ခြေလွန်ဖြစ်ပြီး သားအဖနှစ်ဦးစလုံး သေဆုံးခဲ့သည်။

သော်တာသည် မိမိ၏ ခင်ပွန်းနှင့်သား ဖြစ်သူ သေဆုံးသည်ကို ကြားသိရသည့်အခါတွင် သောကပရိဒေဝတောက်လောင်ကာ ပုပ္ပါးတောင်တွင် ရသေ့မပြုခဲ့သည်။ သော်တာသည် ဆရာတော်ဖိုဝင်သည်ကို စောင့်ရှောက်တော်မူပြီး ဝိဇ္ဇာဖြစ်သွားသည်ဟုလည်း ဆိုကြသည်။

ကျော်စွာမှာမူ နတ်ဖြစ်သွားခဲ့သည်။[]

ကိုးကွယ်ယုံကြည်ခြင်း

ပြင်ဆင်ရန်

နတ်ဖြစ်သွားသည့်အခါ ကျော်စွာသည် မင်းနှင့်တကွ မှူးမတ်တို့ကို နာကြည်း၏။ ထိုအတွက်ကြောင့် ပုပ္ပါးတောင်စွန်းမှနေကာ ပယ်လယ်မှ တက်လာသည့် တိမ်လိပ်မိုးသားတို့ကို ဖယ်ရှားပစ်လေသည်။ ဤသို့ဖြင့် ပုဂံပြည်တွင် မိုးခေါင်လေသည်။ ထိုအခါ မင်းနှင့်တကွ ပြည်သူပြည်သားတို့သည် နကန္နားပွဲကျင်းပကာ ၃၇ မင်းနတ်တို့အား မေးမြန်းသည့်အခါတွင် မိမိတို့ထက် တန်ခိုးကြီးသော ကျော်စွာပြုလုပ်သဖြင့် မိုးခေါင်ကြောင်း ပြောလေသည်။ ထိုအခါမှ နရသူသည် မိမိမှားယွင်းကြောင်း ဝန်ချတောင်းပန်လေသည်။ ကျော်စွာသည် နရသူ လွန်သည့်အကြောင်းကို ပြည်သူတို့သိစေရန် လွန်ကြိုးကို တစ်ဖက်တစ်ချက်စီ ဆွဲကြ၍ မိမိမှာမူ လွန်ခေါင်းပေါ်၌ ထိုင်ရမှ ကျေနပ်နိုင်မည်ဟု ပြောလေသည်။ ဤသို့ဖြင့် ယခုတိုင် လွန်ဆွဲသည့်အခါတွင် လွန်ခေါင်းအပ်ပွဲ ပေးပြီးမှ လွန်ဆွဲကြသည်။

မိုးခေါင်လျှင် လွန်ဆွဲရသည်ကို အကြောင်းပြုကာ "မိုးခေါင်ကျော်စွာ" ဟု ထင်ရှားလာခဲ့သည်။ မိုးခေါင်ကျော်စွာနတ်သည် ၃၇ မင်းနတ်များထက် တန်ခိုးပိုကြီးလေသည်။[]

မိုးခေါ်လွန်ဆွဲပွဲ

ပြင်ဆင်ရန်

[] မိုးခေါင်လျှင် လွန်ဆွဲပွဲများပြုလုပ်၍ မိုးခေါင်ကျော်စွာနတ်ကို ပသကြသည်။ မိုးခေါင်ကျော်စွာနတ်ကို ရိုးရာအဖြစ် ကိုးကွယ်သူနည်းပါးပြီး မိုးရွာချိန်တန်ပါလျှက် မိုးမရွာသဖြင့် စိုက်ခင်းပျိုးခင်းများ ပျက်စီးခြင်း၊ ရန်ဟန်းရှင်လူ တိရစ္ဆာန်များ ရေငတ်၍ သေဆုံးမှုများခြင်း၊ မိုးခေါင်ခြင်းကြောင့် ရောဂါဘယထူပြောခြင်း၊ မီးလောင်မှုများပြားလာခြင်း ဖြစ်လာလျှင် မိုးခေါင်ကျောစွာနတ်ကို အရေးတကြီး ပူဇော်ပသ၍ လွန်ဆွဲပွဲများ ပြုလုပ်ပေးကြရသည်။

မိုးခေါင်ကျော်စွာနတ်ချင်း

ပြင်ဆင်ရန်

မင်းကျော်စွာ လာမည့်လမ်း ရွှေဂံသူတို့ ကြိုလှည့်စမ်း၊ ညိုရွှေပန်းကိုတဲ့ လက်မှာကိုင် ယိမ်းတို့လို့ယိုင်၊ ကွမ်းစည်ကိုင်အလယ်ကြားမှာ ပင့်သံမြှောက်သံ သည်မောင်ကြားတယ်၊ တောင်ပုပ္ပားရယ်က လာခဲ့တယ် လာခဲ့တယ်၊ သုံးဆယ်ကျော် ခုနှစ်မင်းရယ် နတ်ဆိုရင် ခေါင်းကနင်းမယ်၊ ကွင်းလေးလေး ရှောင်ကြရှားလေ။

ပူဇော်ပသပုံ

ပြင်ဆင်ရန်
  • လွန်ပွဲပြုလုပ်မည့် ကွင်းပြင်တစ်ခု၌ ကွင်းထိပ်တွင် အုန်းနှင့် ငှက်ပျော ၃ ဖီး၊ လက်ဖက်၊ ကွမ်းယာ၊ ပန်း၊ အမွှေးတိုင် အစဒ့အလင်ထည့်ပြီး ကန်တော့ပွဲပြင်ဆင်၍ စင်မြင့်ပေါ်တင်ကာ မိုးခေါင်ကျော်စွာကို ပင့်ရမည်။
  • ပင့်ရာ၌ အောက်ပါအတိုင်းပင့်ရသည်။
    • "မိုးတိမ်ကို ချိုးနိုင်စွမ်းရှိပေတဲ့ ၃၇မင်းထိပ်တင် သခင်ကြီး မိုးခေါင်ကျော်စွာခင်ဗျား။"
    • "ကျွန်တော်မျိုးများရဲ့ မြို့ရွာနယ်ပင်ဒေသတစ်ဝိုက်မှာဖြင့် သခင်ကြီးရဲ့ တားမြစ်မှုကြောင့် မိုးရွာချိန်တန်ပါလျက်နဲ့ မိုးလုံးဝမရွာသည်မှာ ကြာခဲ့ပါပြီ။"
    • "မိုးခေါင်တာကြောင့် စိုက်ပျိုးထားသမျှ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းအပေါင်းနှင့် စားကောင်းသည့် အပင်မှန်သမျှ ရေမရ၍ သေရသည့်ကိန်း စိုက်နေပါပြီ။"
    • "ထို့ပြင် ကျွန်တော်တို့တစ်တွေမှာလည်း ပူလောင်ပြီး ရေငတ်သည့်ဒဏ်ကို ခံစားနေရပါပြီ။"
    • "အိမ်မွေးတိရစ္ဆာန်များနှင့် လယ်ယာများမှာ ကျွဲ၊ နွားတို့မှာလည်း ရေငတ်၍ အစုံစုံသော ဒက္ခဘေးနှင့် တွေ့နေရပါတယ်။"
    • "သို့ပါ၍ မှားတာရှိလျှင်လည်း ခွင့်လွှတ်တော်မူပါ၊ လွန်တာရှိလျှင်လည်း ဝန္ဒာမိသဘောမှာပိုက်လို့ တောရွာမြို့နယ်အသွယ်သွယ်တွင် လွန်ပွဲကြီးများ ကျင်းပပေးလျှက်ရှိပါသည်။"
    • "အရှင်ကြီးသခင်ကြီး ကိုယ်တော်တိုင် လွန်ခေါင်းကို စီး၍ ကျေနပ်ကြောင်းပြသပြီး ပင်လယ်မှ တက်သမျှ ရေခိုးရေငွေ့နှင့် မိုးသားတိမ်လိပ်များကို အရှင့်တန်ခိုးနဲ့ မဖယ်ရှားဘဲ စုရုံးသိမ်းဆည်း၍ ကျွန််တော်များနယ်ပယ်သို့ မိုးအဖြစ်ရွာချပေးတော်မူပါခင်ဗျား။"
    • "ကျွန်တော်တို့မှာ အရှင်ကြီး သခင်ကြီး သနားမှ အသက်ဆက်ရမည့်ဘဝပေမို့ အရှင့်စိတ်ကြိုက် လွန်ပွဲကြီးများ စတင်ဆွဲကြပါတော့မယ်ခင်ဗျား။"
  • ဤသို့ ပြောဆိုပင့်လျှောက်ပြီး ကန်တော့ပွဲကို ၃ ကြိမ်မြှောက်၍ အားလုံး သံပြိုင်အော်ကြရမည်မှာ
    • "လွန်ခေါင်းကိုစီး၍ ပြတော်မူပါ၊ မိုးခေါင်ကျော်စွာနတ်မင်းခင်ဗျား။" ဟုပြောဆိုပြီးမှ လွန်ပွဲကို စရသည်။
  • လွန်ပွဲတွင် လွန်ကြိုးမှာ အနည်းဆုံး ကျပ်လုံးရှိသည့် ကျစ်ကြိုးဖြစ်ရမည်။ ကျပ်လုံးထက်ကြီးလိုက ကြီးနိုင်သည်။
  • လွန်ခေါင်းသည် ဗလအကောင်းဆုံးယောက်ျားဖြစ်ရမည်။ သို့မှသာ မိုးခေါင်ကျော်စွာနတ်၏ စီးခြင်းကို ခံနိုင်ပေမည်။
  • လွန်ဆွဲသူများအားလုံးသည် မိုးခေါင်ကျော်စွာနတ်ကို ယုံကြည်လေးစားသူများသာဖြစ်ရမည်။ မယုံကြည်သူများ လုံးဝမပါစေရ။
  • လွန်ခေါင်းကို မိုးခေါင်ကျော်စွာ စီးလျှင် လွန်ပွဲပြီးသည်နှင့် တစ်ပြိုင်နက် မိုးရွာတတ်သည်။


  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၉၃၊ ၁၉၄၊ ၁၉၅၊ ၁၉၆။
  2. ၂.၀ ၂.၁ ဦးစန္ဒိမာ(စလင်း). "လွန်ဆွဲခြင်းနှင့် မိုးခေါင်ကျော်စွာနတ်". စံတော်ချိန်နေ့စဉ်. Retrieved on 4 August 2020. 
  3. နတ် ၃၇ ပါး ပသနည်း နှင့် တောင်ပြုံးပွဲ ရတနာ့ဂူပွဲ နတ်သမိုင်း၊ ဥတ္တရဘုမ္မာဆရာစိန်ဝင်း၊ ဇမ္ဗူဒီပစာပေ၊ ရန်ကုန်၊ ပကြိမ်၊ ဩဂုတ် ၉၃၊