ရှင်အဇ္ဇဂေါဏသည် ပုဂံပြည် နရသူမင်းလက်ထက်တွင် ထွက်ရပ်ပေါက်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ရှင်အဇ္ဇဂေါဏဟု လူသိများ ထင်ရှားမှုမရှိသေးခင်က "ရှင်မထီး" ဟု ဘွဲ့အမည်ရှိသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ယုံကြည်မှု ပြင်ဆင်ရန်

ရှေးအခါက ပုဂံတွင် ၄,၄၄၆,၇၃၃ ဆူ ရှိသည်ဟု ယုံကြည်ပြောဆိုမှုများ ရှိကြသည်။ ထိုကဲ့သို့ များပြားလှသည့် စေတီပုထိုးများကို တည်ထားကိုးကွယ်နိုင်ခြင်းမှာ ရှင်အဇ္ဇဂေါဏသည် ပြဒါးအောင်ပြီး ဒါယကာ၊ ဒါယကာမတို့ကို မစခဲ့သဖြင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုခေတ်ထိုအချိန်က ရှင်အဇ္ဇဂေါဏသည် မစခဲ့ရာ မုဆိုးမပင်လျှင် ဘုရားတစ်ဆူ တည်ထားနိုင်သည်ဟု ဆိုကြသည်။[၁]

ရာဇဝင် ပြင်ဆင်ရန်

ဒဏ္ဍာရီရာဇဝင်အရ နရသူ မင်းမဖြစ်မီ နရသူ၏ခမည်းတော် အလောင်းစည်သူမင်းကြီးလက်ထက်ကပင် ဖိုထိုးသောဆရာတော်ဖြစ်သည်။[၂] အဂ္ဂိရတ်ပညာကို လေ့လာလိုက်စားသည့် ဆရာတော်တစ်ပါးဖြစ်သည်။ ထိုဆရာတော်၏ အဂ္ဂိရတ်ထိုးခြင်းအတွက် ဒါယကာ၊ ဒါယကာမတို့သည် အထောက်အပံ့ပြုကြ၏။ ထို့အပြင် ပုဂံမင်းဖြစ်သူ နရသူသည်လည်း မိမိခံစားစံစားရမည့် အကျိုးကို မျှော်ကိုးကာ ဆရာတော်အား ရက်ရှည်လများ ထောက်ပံ့လေသည်။ ကျောင်းဒါယကာ သူကြွယ် မောင်ကျော်စွာ နှင့် ဇနီးမယ်သော်တာတို့မှာ ရှင်မထီးဆရာတော်အား အမြဲတမ်းလှူဒါန်းထောက်ပံ့နေသူများဖြစ်ကြသည်။[၂] သို့သော်လည်း ဆရာတော်၏ ပြဒါးလုံးသည် မအောင်မြင်ဘဲ ပျက်လျက်ရှိရာတွင် ဒါယကာ၊ ဒါယကာမတို့၏ ဥစ္စာစည်းစိမ်တို့သည်လည်း ဆုတ်ယုတ်လာခဲ့သည်။

ထိုသို့ ပျက်ဖန်များလာသော် ဘုရင်နရသူသည် လျှင်သောအမျက်ရှိသဖြင့် မင်းချင်းတို့အား ဆရာတော်၏ မျက်လုံးကို ဖောက်ထုတ်ခိုင်းလေသည်။

ဆရာတော်သည် မိမိ၏ ပြဒါးလုံးကို စိတ်နာပြီး ကျောင်းတွင်နေသည့် သူတော်တစ်ဦးအား ကုဋီအိမ်ထဲသို့ သွားရောက်စွန့်ပစ်ခိုင်း၏။ သူတော်သည် စွန့်ပစ်လိုက်သည့်အခါတွင် ပြဒါးလုံးသည် သိဒ္ဓိမြောက်ပြီး တဝင်းဝင်းတောက်ပကာလာလေသည်။ (အမှန်စင်စစ် ပြဒါးလုံးသည် 'ချေးရည်နှင့်စိမ်ရမည်' ဆိုသောအညွှန်းကို 'ချဉ်ရည်နှင့်စိမ်ရမည်' ဟု အမှတ်မှားပြီး လွဲချော်စွာလုပ်ကိုင်နေမိသဖြင့် မအောင်မြင်နိုင်ဘဲ ဖြစ်နေခြင်းဖြစ်သည်။) သူတော်က ဆရာတော်ရှင်မထီးအား ပြဒါးလုံး ဝင်းဝင်းတောက်သွားကြောင်း လျှောက်ထားရာ ဆရာတော်မှာ ပြဒါးလုံး သိဒ္ဓိပေါက်ပြီဟု သိရှိ၍ လွန်စွာဝမ်းမြောက်လေသည်။[၂]

ထို့နောက် ဆရာတော်သည် ပြဒါးလုံးကို အမွှေးနံ့သာတို့ဖြင့် ဆေးကြောလေသည်။ ထို့နောက်တွင် ဆရာတော်သည် သူတော်အား ဈေးသို့သွားကာ ရရာမျက်လုံးတစ်စုံကို ဝယ်ခိုင်းလေသည်။ သို့သော်လည်း အချိန်မှာ လင့်နေပြီဖြစ်၍ ဆိတ်မျက်လုံးတစ်လုံးနှင့် နွားမျက်လုံးတစ်လုံးသာ ရလေသည်။ ဆရာတော်သည် ထိုမျက်လုံးနှစ်လုံးကို အတွင်းသို့ ထည့်၍ ပြဒါးလုံးနှင့် ပွတ်လိုက်ရာ မျက်စိအလင်းပြန်ရခဲ့လေသည်။ ထိုအခါမှ စတင်၍ ရှင်မထီးဆရာတော်သည် "ရှင်အဇ္ဇဂေါဏ" ဟု အမည်တွင်ခဲ့သည်။[၁] (အဇ္ဇ=ဆိတ်၊ ဂေါဏ=နွား)[၂]

ပုဂံပြည်တွင် ရွှေမိုး၊ ငွေမိုး ရွာသည်ဟူ၍ပင် ယခုအချိန်အထိ ပြောစမတ်ပြုရသည့်အကြောင်းရှိသည်။ ရှင်အဇ္ဇဂေါဏသည် ကြေးရည်၊ ခဲရည်တို့ကို ကျို၍ သူ၏တောင်ဝှေးဖျား၌ ပြဒါးလုံးကိုတပ်ကာ ၎င်းကြေးရည်၊ ခဲရည်များကို မွှေလိုက်သောအခါ ထိုကြေးရည်၊ ခဲရည်တို့သည် ရွှေတုံး ရွှေခဲများ ဖြစ်ကြကုန်သည်။ ဆရာတော်သည် ထွက်ရပ်ပေါက်လုပ်ငန်းကို ဆက်လက်ကြိုးစားရန် တောမထွက်ခင် ပုဂံပြည်တွင်ရှိသော သူ၏ ဒါယကာ၊ ဒါယိကာမအရင်းများအား မ,စထားစေလိုသောကြောင့်ပင်ဖြစ်သည်။ နောက်ဆုံးတွင် ပုဂံပြည်ရှိ ဒကာ၊ ဒကာမတို့အား သူကြွယ်ဖြစ်အောင် မ,စခဲ့သည်။ ပုဂံပြည်၌ ရွှေမိုး ငွေမိုး အုန်းအုန်းမြည်အောင်ရွာစေခဲ့သည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (၁၇ ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၉၃-၁၉၆။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ဦးစန္ဒိမာ(စလင်း). "လွန်ဆွဲခြင်းနှင့် မိုးခေါင်ကျော်စွာနတ်". စံတော်ချိန်နေ့စဉ်.