မုန်တိုင်ပင်သည် ဆဲလပ်စတြေးစီအီး(Celastraceae) မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် လိုဖိုပက်တလမ် ဝေါ်လီချီး(Lophopetalum wallichii)ဟုခေါ်သည်။ မြန်မာနိုင်ငံ မိုးပါးသော အရပ်တို့၌ ရှိသည့် အင်တိုင်းတောများတွင်များစွာ ပေါက်ရောက်သည်။ မုန်တိုင်ပင် သည်အမြင့်၃၅ ပေမှ ၄၅ ပေအထိ ရှိ၍ ပင်စည်လုံးပတ်မှာ ၄ ပေ ၅ ပေခန့်ရှိ သော တောသစ်ပင်ဖြစ်သည်။ သို့သော်လည်း ရန်ကုန်အင်းစိန်ထားဝယ်၊ သောင်ရင်း၊ အတ္ထရန် အစရှိသော မြို့နယ် အသီးအသီးရှိ သစ်တောများ၌လည်း မုန်တိုင်ပင်များ ပေါက်ရောက်ကြကြောင်းသိရှိရသည်။

မုန်တိုင်ပင်ငယ်

မုန်တိုင်သား အရောင်မှာ ပန်းရောင်ဖြစ်၍ အတော်အသင့်မာသော သစ်သား ဖြစ်သဖြင့် အိမ်အသုံးအဆောင်များ၊ စားသောက်ဖွယ်ရာ ပစ္စည်းထည့်သော သေတ္တာများနှင့် မီးခြစ်အိမ်များပြုလုပ်ရာ၌ အသုံးပြုကြသည်။ တဲတွင်း၌ ထား၍ အခြောက်ခံသောနည်းဖြင့်ဖြစ်စေ အခက်အခဲ မရှိဘဲ အသားသေအောင် ပြုလုပ်စီမံ နိုင်သော သစ်သားဖြစ်သည်။ မုန်တိုင်ပင်မှ ရရှိသော အစေးတစ်မျိုးကို ပြည် တည်၍ ယဉ်းနေသည့် အနာပျောက်ရန် ဆေးအဖြစ် အသုံးပြုနိုင်သည်။ တနင်္သာရီတိုင်း တောင်ပိုင်းရှိ ထားဝယ်နယ်၌တွေ့ရသော မုန်တိုင်ပင်ကို ထိုနယ်ရှိ လူများက တောင်ယမနေဟူ၍လည်းကောင်းယမနေအဖြူပင်ဟူလ၍ လည်းကောင်း ခေါ်ကြသည်။ ထားဝယ်နယ်၌ ထိုမုန်တိုင်သားကို ပျဉ်ခွဲခြင်း၊ ကြက်ပေါင်စေးထည့် ရန် သေတ္တာများလုပ်ခြင်း စသည်တို့အတွက် အသုံးပြုကြသည်။ ရှမ်းပြည်နယ်တွင် တွေ့ရသော မုန်တိုင်ပင် အငယ်မျိုးကို မြန်မာနိုင်ငံ အရပ်ရပ်ရှိ သစ်တောများ၌လည်း တွေ့ရသည်။ ပင်လယ်ကမ်း တစ်လျှောက်နှင့် အောက်မြန်မာ နိုင်ငံ စိမ့်မြေရပ်တို့တွင် ပေါက်သော မုန်တိုင်ပင်ငယ်များလည်း ရှိသေးသည်။ မြန်မာနိုင်ငံ တောင်ပေါ်သစ်တောများ၌လည်း မဒိုင်ဟု ခေါ်သော မုန်တိုင်ပင် အငယ်မျိုးများကို တွေ့ရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)