မူဆယ်-မန္တလေး ရထားလမ်း သည် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ကို ချိတ်ဆက်ဖောက်လုပ်မည့် အမြန်ရထားလမ်းဖြစ်သည်။ အဆိုပါ ရထားလမ်းသည် တရုတ်နိုင်ငံမှ အဆိုပြုထားသော  တရုတ်-မြန်မာ မီးရထားစင်္ကြံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရထားလမ်းသည် ကီလိုမီတာ (၄၁၄) အရှည်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် အမေရိကန်ဒေါ်လာ (၈)ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ [၁] အဆိုပါလမ်းပိုင်းရှိ ရထား၏ အမြန်နှုန်းမှာ တနာရီ ၁၆၀ ကီလိုမီတာရှိမည်ဖြစ်ကာ မန္တလေးမှ မူဆယ်အထိ ၃ နာရီခန့်သာ ကြာမြင့်မည်ဖြစ်သည်။ [၂]

မူဆယ်-မန္တလေး ရထားလမ်း
Muse–Mandalay Railway
Overview
ဘူတာရုံပေါင်း(၃၆)ရုံ
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၄၁၄ ကီလိုမီတာ
လမ်းကြောင်းစံအတိုင်းအတာ၁၄၃၅ mm (4 ft 8 12 in)

ရထားလမ်းသစ်သည် ယခင်ရှိပြီးသား မန္တလေး-လာရှိုးရထားလမ်းပိုင်းနှင့် ချိတ်ဆက်ဖောက်လုပ်ခြင်း မဟုတ်ပဲ သီးခြားလမ်းအူကြောင်းအသစ် ဖောက်လုပ်ခြင်းဖြစ်သည်။ တံတား ၁၂၄ စင်းတည်ဆောက်ခြင်း၊ ဥမင်လိုဏ် ခေါင်း ၆၀ တည်ဆောက်ခြင်းအပြင် ဓာတ်အားခွဲရုံ (၁၁)ရုံကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့ စသည့် မြို့များအား ဖြတ်သန်းသွားမည်ဖြစ်သည်။ ၎င်းသည် မန္တလေးမြို့ တောင်ဘက် ပလိပ်မြို့ ရှိ အပြည်ပြည်ဆိုင်ရာ မီးရထားဘူတာသစ်တွင် ခရီးဆုံးမည်ဖြစ်သည်။ [၂]

ယခု ရထားလမ်းပိုင်းသည် တရုတ်နိုင်ငံမှ တည်ဆောက်လျက်ရှိသော ဘေဂျင်း - ကူမင်း - ရွှေလီ အမြန်ရထားလမ်း နှင့်ချိတ်ဆက်မည်ဖြစ်သည်။[၃] အဆိုပါ တရုတ်-မြန်မာ ချိတ်ဆက်မည့် တာလီ-ရွှေလီ ရထားလမ်းပိုင်းရှိ ရူလင်းဥမင်လိုဏ်ခေါင်းသည် နာမည်ကျော်ကြားပြီး ၁၃ နှစ်ကြာ ကြိုးပမ်းတည်ဆောက်ခဲ့ရခြင်းဖြစ်ကာ ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က ဖောက်လုပ် ပြီးစီးခဲ့သည်။ ယင်းသည် အရှည် ၉၆၇၇ မီတာထိ တူးဖော်ခဲ့ရသည့်အတွက် တောတောင်များအကြား ဥမင်လိုဏ်ခေါင်း တစ်ဆက်တည်း တူးဖောက်သည့်ရထားလမ်းများအတွင်း ကမ္ဘာ့အရှည်ဆုံးဥမင် အဖြစ် စံချိန်တင်ခဲ့သည်။ [၄]

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၁ ခုနှစ်တွင် အစိုးရနှစ်ရပ်ကြား မူဆယ်မှ ကျောက်ဖြူအထိ ရထားလမ်းဖောက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးကြသည်။ တရုတ်မီးရထားအုပ်စု (China Railway Group) သည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွှေလီမှ မူဆယ်ကို ဖြတ်ပြီး ကျောက်ဖြူအထိ ရထားလမ်း တည်ဆောက်ရေးကို တာဝန်ယူမည်ဖြစ်ကာ အဆိုပါ ရထားလမ်းသည် ၈၁၀ ကီလိုမီတာရှည်လျားသည်။ သုံးနှစ်အတွင်း ဒေါ်လာဘီလျံ ၂၀ အကုန်ခံ တည်ဆောက်မည် ဖြစ်သည်။ သို့သော် ဒေသခံများက အပြင်းအထန် ဆန့်ကျင်သောကြောင့် သမ္မတ ဦးသိန်းစိန်က စီမံကိန်းကို ဆိုင်းငံ့ခဲ့ကာ ၂၀၁၄ ခုနှစ်တွင် သဘောတူညီချက် သက်တမ်းကုန်ဆုံးခဲ့သည်။ [၂]

၂၀၁၇ ခုနှစ်မေလတွင် တရုတ်မီးရထားလုပ်ငန်း အုပ်စုမှ မူဆယ်မှ မန္တလေးအထိ ရထားလမ်းအတွက် ဖြစ်နိုင်ခြေ စမ်းသပ် စစ်ဆေးမှု ပြုလုပ်ရန် အဆိုပြုခဲ့ပြီး ဇွန်လတွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ မူကြမ်းရေးဆွဲခဲ့သည်။ [၂]

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group Co.Limited (CREEC) ၊ China Railway Group Limited တို့နှင့် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု ဆောင်ရွက်ရန် MoU ရေးထိုးခဲ့ကြသည်။ [၃][၅]

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် နည်းပညာပိုင်းဆိုင်ရာ ဖြစ်တန်ချေဆန်းစစ်ချက် ကို တရုတ်နိုင်ငံ China Railway Eryuan Engineering Group(CREEG) မှ ဆောင်ရွက်ခဲ့သည်။ ၂၀၂၀ ဇန်နဝါရီလ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့မီးရထား၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဘမြင့်နှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group(CREEG) ၏ ဥက္ကဋ္ဌ  Zhang Zhongyang တို့က မူဆယ်-မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံကို လွှဲပြောင်းပေးခြင်းစာလွှာကို လဲလှယ်ခဲ့သည်။ [၁]

မူဆယ်-မန္တလေး ရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီ Working Group နှင့် Technical Team များကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၄ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၃) ၊ (၂၂/၂၀၂၃)များဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းခဲ့သည်။

ဘူတာရုံများ[၆] ပြင်ဆင်ရန်

  • မူဆယ်
  • ပန်ခမ်း
  • Man Hawng
  • Na Hpai
  • နမ့်ပင်က
  • ပန်နင်
  • ကွတ်ခိုင်
  • Man Peng
  • Nawng Yen
  • Laban Pa
  • သိန္နီ
  • Sam Lou
  • Hang Lu
  • လားရှိုး မြောက်ပိုင်း
  • လားရှိုး အနောက်ပိုင်း
  • Mehan
  • Nam Un
  • Sint Eng
  • San Lau
  • Kong Tha
  • သီပေါ
  • သီပေါ တောင်ပိုင်း
  • Chaung Chauk
  • ကျောက်မဲ
  • Myin Gwin
  • Namban Ton River
  • Nawng Hkio
  • Om Maka
  • ဂန့်ဂေါ
  • ပြင်ဦးလွင်
  • Sin Byu In
  • စခန်းကြီး
  • တောင်ကျွန်း
  • Tok Hka Taung
  • မန္တလေး အရှေ့ပိုင်း
  • မန္တလေး တောင်ပိုင်း

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "ဒေါ်လာ ၈ ဘီလျံကျော်တန် မူဆယ်-မန္တလေးရထားလမ်းသစ်စီမံကိန်းအတွက် ဒီဇိုင်းကို တရုတ် Grant ဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေ"၊ NP News၊ 19 March 2024။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ နန်းလွင်။ "မူဆယ်-မန္တလေး ရထားလမ်းက အကြွေးနှင့် ပဋိပက္ခများအတွက် စိုးရိမ်နေကြ"၊ ဧရာဝတီ၊ 8 November 2018။ 
  3. ၃.၀ ၃.၁ ဂျန်ဇက် (NP News)။ "မူဆယ်-မန္တလေး၊ မန္တလေး-ကျောက်ဖြူမြို့တို့ကို ဆက်သွယ်ဖောက်လုပ်မည့် မီးရထားလမ်းစီမံကိန်းအတွက် မြန်မာနှင့် တရုတ်အစိုးရတို့ ဆွေးနွေး"၊ NP News၊ 1 Oct, 2023။ 
  4. "အာရှတိုက်စံချိန်တင် တာ့လီ-ရွှေလီရထားလမ်း ရူလင်းဥမင်လိုဏ်ခေါင်း ဖောက်လုပ်ပြီးစီး"၊ 云南发布၊ 22 Jan, 2021။ 
  5. "တရုတ်နဲ့ ပေါင်းပြီး မူဆယ် - မန္တလေး ရထားလမ်းဖောက်ဖို့ စစ်ဆေး"၊ BBC Burmese၊ 24 Oct,2018။ 
  6. https://www.ecd.gov.mm/wp-content/uploads/2022/06/MMR-EIA-Power-Supply.pdf