မေဂျီခေတ် ပြုပြင်မှုများ

ဂျပန်နိုင်ငံတွင်း ဘုရင့်စည်းမျဉ်းများ ပြုပြင်ပြောင်းလဲခြင်း

မဲအိဂျိခေတ် ပြုပြင်ရေး (ဂျပန်: 明治維新) သည် မဲအိဂျိ ဧကရာဇ် လက်ထက်၊ ၁၈၆၈ ခုတွင် ဂျပန်ပြည်၌ ကျင့်သုံးနေသည့် ဘုရင့်စည်းမျဉ်းကို ပြောင်းလဲသည့် ဖြစ်ရပ် ဖြစ်သည်။ အဆိုပါ ပြင်ပြောင်းမှုသည် ဂျပန်၏ နိုင်ငံရေးနှင့် လူမှုရေးအခင်းအကျင်းတွင် အပြောင်းအလဲ ကြီးစွာ ဖြစ်ပေါ်စေခဲ့သည်။ ပြောင်းလဲလိုက်သည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက်ကို ဘုရင်သစ် ကျမ်းသစ္စာဆိုရာ၌ ဖော်ပြထားသည်။ ကာလအားဖြင့် အဲဒိုခေတ်နှောင်းမှ မဲအိဂျိခေတ် အစောပိုင်းအထိ ကြာမြင့်ခဲ့သည်။

အနောက်တိုင်း လွှမ်းမိုးမှု

ပြင်ဆင်ရန်

ဂျပန်ရှိ ဆိပ်ကမ်းများအား ကုန်သွယ်ရေးအတွက် ဖွင့်ပေးရန် စာချုပ်လာလုပ်သည့် အမေရိကန်မှ မက်သရူး ပယ်ရီ (Matthew C. Perry) စစ်သင်္ဘောများဖြင့် လာရောက်သော ၁၈၅၃ ခု၌ မိမိတို့မှာ အနောက်ကမ္ဘာထက် များစွာ ခေတ်နောက်ကျနေမှန်း ဂျပန်တို့ သိလိုက်သည်။ ရှီမာဇု နာရီအကီရာ (島津 斉彬) က "ယခုလိုက်လျှင် နိုင်နိုင်သည်၊ သို့မဟုတ်လျှင် ရှုံးတော့မည်" ဟု တွက်ဆကာ တိုင်းတပါးနည်းပညာများ ဝင်ရောက်ရန် တံခါးအားလုံး ဖွင့်လိုက်သည်။ အနောက်တိုင်း စွမ်းရည်ကို တုံ့ပြန်သည့် ဂျပန်တို့၏ လုပ်ရပ်ကို ကြည့်ကာ ၁၈၆၃ အစောပိုင်း (မဲအိဂျိ ခေတ်ပြောင်း မစမီ ၅ နှစ်အလို) ကပင် ဂျပန်အား အဓိက အန္တရာယ်အဖြစ် တရုတ် စစ်ဗိုလ်ချုပ် လီ ဟုန်ကျန်း (李鸿章) က သတ်မှတ်ခဲ့သည်။ ခေတ်ပြောင်းတော်လှန်ရေးအဖြစ် ထင်ရှားလာပြီးနောက် မဲအိဂျိ ပြုပြင်ရေး ခေါင်းဆောင်များသည် နယ်ချဲ့အင်အားကို အံတုနိုင်မည့် ဂျပန်တို့၏ ဘုရင့်စည်းမျဉ်းကို မဲအိဂျိဟု အမည်ပေးသည်။ ဉာဏ်ပွင့်စည်းမျဉ်းဟု အဓိပ္ပာယ်ရပြီး မူလ အရှေ့တိုင်းတန်ဖိုးတို့ကို ခေတ်မီပညာတို့နှင့် ပေါင်းစည်းမည့် သဘော ဖြစ်သည်။ နှစ်ပေါင်း (၂၅၀) တိုင် တည်မြဲခဲ့သော ဆာကိုခု (鎖国) ခေါ် တံခါးပိတ်စနစ် (နိုင်ငံခြားသားများ ဝင်က သေဒဏ်ပေးခြင်း၊ နိုင်ငံသားများ ထွက်က သေဒဏ်ပေးခြင်းကို ကျင့်သုံးသည့် နိုင်ငံခြားရေး မူဝါဒ) အဆုံးသတ်သွားသည်။ အဓိက ခေါင်းဆောင်များမှာ အီတို ဟီရိုဘူမိ၊ မက်ဆုကာတာ မာဆာယိုရှိ၊ ကီဒို တာကာယိုရှိ၊ အီတာဂါကီ တာအီဆုကေ၊ ယာမာဂါတာ အာရီတိုမို၊ မိုရီ အာရီနိုရီ၊ အိုကူဘို တိုရှီမီချီနှင့် ယာမာဂူချီ နာအိုယိုရှိ တို့ ဖြစ်ကြသည်။