မောင်ရင်ပေါ်တောရသည် မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့နယ်မြင်းခြံမြို့၊ စက်မှုဇုန်အနီးတွင် တည်ရှိသည်။ လျှိုမြောင်၊ တောင်တန်း၊ ဂူလှိုဏ်များဖြင့် သာယာလှပသော နေရာ ဖြစ်ကာ၊ ရှေးယခင်က စွန်းလွန်းဆရာတော် သီတင်းသုံးနေထိုင်ခဲ့ရာ ဖြစ်သည်။ မောင်ရင်ပေါ်တောရ အနီးတွင် မောင်ရင်ပေါ်ချောက် ရှိသည်။

၁၃၂၃ ခုနှစ်တွင် မောင်ရင်ပေါ်ချောက်အနီး မြေပိုင်ရှင်များက သာသနာ့မြေအဖြစ် လှူဒါန်းသည် ဖြစ်၍ မြင်းခြံမှ ထေရ်ကြီး ဝါကြီး ဆရာတော်များ၊ ဒါယကာများနှင့် အတူ အောင်မြေရတနာ သတိပဋ္ဌာန်ဆရာတော် ဦးလောကတိဏ္ဏသည် ရေစက်ချလှူဒါန်းခြင်းကို လက်ခံပြီး၊ ပြာသိုလပြည့် စနေနေ့ဝယ် လောကရန်အောင်စေတီကို အုတ်မြစ်ချ တည်ဆောက်ရာမှ မောင်ရင်ပေါ် တောရဟူ၍ ပြန်လည်ပေါ်ထွန်းလာသည်။ ထိုနေ့၌ပင် ကျောင်းထိုင်ရန်အတွက် ဦးဝါယမကို လျှောက်ထား လွှဲအပ်ပေးတော်မူသည်။

မောင်ရင်ပေါ်တောရတွင် တည်ထားသော စေတီများမှာ

  • လောကရန်အောင်စေတီ
  • သစ္စာဖလကျေးစေတီ
  • ကဝိလောကစေတီ
  • သစ္စာရှင်စေတီ

တို့ ဖြစ်သည်။

စေတီများ ပြင်ဆင်ရန်

လောကရန်အောင်စေတီ ပြင်ဆင်ရန်

လောကရန်အောင်စေတီသည် မောင်ရင်ပေါ်တောရ၏ အလယ်ကျသော တောင်ထိပ်ကုန်းပေါ်တွင် တည်ရှိပြီး မောင်ရင်ပေါ်တောရ ပြန်လည် စည်ကားလာရသည့် သမိုင်းဝင် မှတ်တိုင်သဖွယ် ဦးစွာတည်ထားသော စေတီ ဖြစ်သည်။ မုခ်လေးပေါက် ပါရှိကာ ခေါင်းလောင်းမှောက် သွယ်လျသည်။ တောင်ဘက်တွင် တံခွန်တိုင်စေတီငယ် တည်ထားသည်။ တံခွန်တိုင်ခြေ၌ သတိပဋ္ဌာန် တရားတော် ရှင်းပြချက်များကို ရုပ်ပုံများဖြင့် ရေးဆွဲ ပူဇော်ထားသည်။ မုခ်လေးမုခ်အတွင်း စံပယ်တော်မူသည်မှာ တင်ပျဉ်ခွေ ရုပ်ပွားတော် လေးဆူ ဖြစ်သည်။

သစ္စာဖလကျေးစေတီ ပြင်ဆင်ရန်

သစ္စာဖလကျေးစေတီကို ၁၃၄၁ တွင် လောကရန်အောင်စေတီ၏ တောင်ဘက်ကျသော ကုန်းနိမ့်တွင် တည်ထားကာ၊ ပစ္စယံ သုံးဆင့် ရှိသည်။ ပထမပစ္စယံတွင် မုခ် ၈ ခုနှင့် ရုပ်ပွားတော် ၈ ဆူ၊ ဒုတိယပစ္စယံတွင် မုခ် ၄ ခု၊ တတိယပစ္စယံတွင် မုခ်ယောင်များ ပါရှိပြီး အထက်၌ ခေါင်းလောင်းမှောက် သွယ်လျသည်။ ခေါင်းလောင်းပတ်လည် မုခ်ယောင်နှင့် အောက်ခြေမုခ်ဦးများတွင် ကျေးများသဏ္ဌာန် သရုပ်ဖော်ထားရာ၊ ဘုရားပွဲ ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့များ၌ သက်ရှိကျေး (ကြက်တူရွေး)များ စေတီတော်ပေါ် လာရောက် နားခိုလေ့ ရှိသည်။ ကျေးစေတီကုန်းမှ အရှေ့လားသော် လျှိုအတွင်း၌ စွန်းလွန်းဂူ ရှိသည်။

ကဝိလောကစေတီ ပြင်ဆင်ရန်

ကဝိလောကစေတီအနီးတွင် စွန်းလွန်းဆရာတော် ဦးကဝိ တောထွက်စဉ် စတင် သီတင်းသုံးရာ ဂူ ရှိသည်။ ဂူဝသည် လူတရပ်သာသာ မြင့်ကာ ဂူတွင်း၌ ၁၅ ပေ ပတ်လည် ကျယ်သည်။ မိုးတွင်းကာလတွင် မျက်နှာကျက်မှ မိုးရေများ ယိုကျလေ့ ရှိပြီး ဆရာတော်သည် မိုးရေကြား၌ပင် တရား ကျင့်ကြံ အားထုတ်ခဲ့သည်ဟု ဆိုသည်။ ယခုမူ ဂူမိုးထက်မှ အင်္ဂတေလောင်းပြီး မိုးမယိုစိမ့်လေအောင် စီမံထားရှိသည်။ ဂူအတွင်းဝယ် ထီးဖြူတစင်းနှင့်တကွ စေတီငယ် တဆူ ရှိပြန်သည်။

သစ္စာရှင်စေတီ ပြင်ဆင်ရန်

သစ္စာရှင်စေတီတွင် အရံစေတီ လေးဆူ ပတ်ဝိုင်းထားပြီးလျှင်၊ နဂါးရုပ်လှေကား ရှိသည်။ ၎င်းစေတီမှ တောင်ဘက်စူးစူး လျှိုမြောင်၌ ကမ္မဋ္ဌာန်းလှိုဏ်ဂူများ ရှိကာ၊ လိုဏ်ခေါင်းမှာ ၅ ပေ ကျယ်၊ ပေ ၂၀ မျှ ရှည်သည်။ အေးချမ်းဆိတ်ငြိမ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. စံထွန်းသာ (ဇွန် ၂၀၀၂)။ မောင်ရင်ပေါ်တောရမှ ကြည်ညိုဖွယ်နေရာများ။ နက္ခတ္တရောင်ခြည်။ p. ၄၁။