မောရစ်ကောလစ်

ကိုလိုနီခေတ် စစ်ကိုင်း၊ ရန်ကုန်၊ မြိတ် အရေးပိုင်

မောရစ် စတီးဝါ့တ် ကောလစ် (အင်္ဂလိပ်: Maurice Stewart Collis; ၁၈၈၉-၁၉၇၂) သည် အိုင်းရစ်လူမျိုး မြန်မာပြည် အိုင်စီအက်အုပ်ချုပ်ရေးအရာရှိ ဖြစ်သည်။ မြန်မာပြည်အနှံ့ ကျင်လည်ခဲ့ရပြီး၊ မြန်မာစကားကို နားလည်သည်။ ပြောနိုင်သည်။ ၁၈၈၉ တွင် မွေးဖွားပြီး၊ အောက်စဖို့ တက္ကသိုလ်၌ ပညာသင်ကြားရာ ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း(အိုင်စီအက်)အဖြစ် ၁၉၁၂ တွင် မြန်မာပြည်သို့ စရောက်လာပြီး အမှုထမ်းသက် ၁၆ နှစ် ရှိသည့်အခါ စစ်ကိုင်းအရေးပိုင်တာဝန်မှ ရန်ကုန်အရေးပိုင်တာဝန်သို့ ပြောင်းရွှေ့ထမ်းရွက်ရသည်။ ရန်ကုန်အရေးပိုင်၏ တာဝန်ဝတ္တရားများတွင် ခရိုင်ရာဇဝတ်တရားသူကြီး တာဝန်လည်း ပါသည်။ ထိုကာလကား ၁၉၂၈ ဇူလိုင်မှ ၁၉၃၀ အောက်တိုဘာအထိ ဖြစ်လေသည်။[၁]

မောရစ် ကောလစ်
Maurice Collis
ဖိုင်:Maurice Collis (1889–1973).jpg
ရန်ကုန်အရေးပိုင်မင်း
တာဝန်သက်တမ်း
၁၉၂၉ – ၁၉၃၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမောရစ် စတီးဝါ့တ် ကောလစ်
(အင်္ဂလိပ်: Maurice Stewart Collis)

၁၀ ဇန်နဝါရီ ၁၈၈၉
ဒပ်ဗလင်မြို့အိုင်ယာလန်နိုင်ငံ
ကွယ်လွန်၁၂ ဇန်နဝါရီ၊ ၁၉၇၃(1973-01-12) (အသက် ၈၄)
လူမျိုးဗြိတိသျှ
ဆွေမျိုးသားချင်း
မိခင်ကျောင်းအောက်စ်ဖိုဒ် တက္ကသိုလ်
အလုပ်အကိုင်အုပ်ချုပ်ရေးအရာရှိ

သူ၏ မြန်မာပြည် အတွေ့အကြုံများ ကာလသည် ထိုကာလပင် ဖြစ်သည်။ ထိုကာလကို အခြေခံကာ သူတွေ့ကြုံခဲ့ရသည့် လူပုဂ္ဂိုလ်များ၊ အဖြစ်အပျက်များ၊ အရေးအခင်းများ၊ စစ်ဆေးခဲ့ရသည့် အမှုများအကြောင်းကို မြန်မာပြည် အတွေ့အကြုံများ စာအုပ်မှာ အသေးစိတ်ဖော်ပြထားသည်။ ထိုသို့ ဖော်ပြရာတွင် ကောလစ်သည် မည်သူ့ မျက်နှာကိုမျှ မထောက်ခဲ့ပေ။ အထူးသဖြင့် အင်္ဂလိပ် အရာရှိလောက၏ စိတ်သဘောထားကို သူထင်မြင်သည့်အတိုင်း ပွင့်ပွင့်လင်းလင်း တင်ပြသည်။ အမှန်စင်စစ် ထိုကာလသည် ကောလစ်အဖို့ရော မြန်မာသမိုင်းအဖို့ပါ ထူးခြားသည့် အချိန် ဖြစ်သည်။[၁]

ကောလစ်အတွက်မူ သူ၏ အမှုထမ်းသက် တလျှောက်လုံးတွင် စိတ်အရှုပ်ရဆုံး အချိန်ပိုင်း ဖြစ်သည်ဟု ဆိုရမည်။ တရားဥပဒေအလိုအတိုင်း မှန်မှန်ကန်ကန် တရားစီရင်ရာတွင် အင်္ဂလိပ်အသိုင်းအဝိုင်း၏ မျက်နှာကို စောင်းငဲ့ ကြည့်ရှုရသည့်အခါများ ကြုံရသည်။ သို့သော် သူသည် တရားချိန်ခွင်လျှာကို အတိမ်းအစောင်းမခံဘဲ ဖြောင့်မတ်စွာ စီရင်သည်။ သို့ဖြစ်ရာ အုပ်ချုပ်သူ အင်္ဂလိပ်အလိုကျ အမှုထမ်းကောင်း သူမဖြစ်လာ။ ကောလစ်သည် အင်္ဂလိပ်လူ မဟုတ်။ ရန်ကုန်တွင် အာဏာရ အင်္ဂလိပ်အသိုင်းအဝိုင်းက သူ့ကို ဝိုင်းပယ်စ ပြုလာသည်။ ပဲခူးကလပ်၊ ဘုတ်ကလပ်၊ ဂျင်မခါနာကလပ်တို့တွင် ကောလစ်ဝင်လာလျှင် နှာခေါင်းရှုံ့လာကြသည်။[၁]

၁၉၃၀ မြန်မာပြည်သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး သမိုင်းမှတ်တိုင်သစ်များ စိုက်ထူနေသည့်ကာလ ဖြစ်သည်။ ပြည်သူတရပ်လုံး အနေအစားဆင်းရဲကာ ဆူပူအုံကြွမှုများဖြင့် နိုင်ငံရေးဒီရေ မြင့်တက်နေသည်။ ယင်းနှစ်မှာပင် ကုလားမြန်မာရိုက်ပွဲ ဖြစ်ပွားသည်။ ရန်ကုန်ထောင်ထသည်။ ဆိုင်မွန်ကော်မရှင် အပြန်တွင် ခွဲရေးတွဲရေးသမားများ လှုပ်ရှားလာသည်။ ခွဲရေးတွဲရေးကို အကြောင်းပြုကာ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး နှစ်ခြမ်းကွဲသည်။ ဒိုင်အာခီ ငါးထောင်စားဝန်ကြီးချုပ်များသည် အုပ်ချုပ်ရေးအသစ်တွင် ရာထူးမပြုတ်ရန် နောက်လိုက်စုနေကြသည်။ ဆာချားအင်းနစ်သည် နိုင်ငံရေးရောဂါကြောင့် နာမကျန်း ဖြစ်ကာ ခွင့်လေးလယူပြီး အင်္ဂလန် ပြန်သည်။ ထိုနှစ်မှာပင် ပြည်ထဲရေးဝန်ကြီးချုပ် ဆာဂျေအေမောင်ကြီးသည် အင်းနစ်နေရာ၌ ခေတ္တဘုရင်ခံ ဖြစ်လာသည်။ ဆရာစံ ခေါင်းဆောင်သည့် တောင်သူလယ်သမား အရေးတော်ပုံ ပေါ်လာသည်။ ဤသို့နှယ် မြန်မာပြည်သည် သမိုင်းမှတ်တိုင်သစ်များ တတိုင်ပြီးတတိုင် စိုက်ထူနေလေသည်။[၁]

မြန်မာတို့လိုချင်သည်မှာ ဟုမ်းမရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်သည်။ ၁၉၂၂ တွင် အင်္ဂလိပ်က အတုအယောင်ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်သည့် ဒိုင်အာခီကို အတင်းထိုးပေးသည်။ မြန်မာတို့ မကျေနပ်၊ မပြုံးနိုင်။ ဒိုင်အာခီအုပ်ချုပ်ရေးသည် ခေါင်းဆောင်များ ငါးထောင်စား ဝန်ကြီးချုပ်ရာထူး လုကြရင်း အထွတ်အထိပ်သို့ ရောက်လာသည်။[၁]

ထိုကာလမှာပင် ကောလစ်သည် ရန်ကုန်ခရိုင် တရားသူကြီး ဖြစ်လာသည်။ ဒိုင်အာခီအုပ်ချုပ်ရေး အကောင်အထည်ဖော်ရသူ ဖြစ်လာသည်။ ကောလစ်သည် အင်္ဂလိပ်အလိုတော်ရိတွေအကြားတွင် မှန်ကန်ပြီး တရားမျှတသည့် စစ်ဆေးမှုကို ပြုလုပ်နိုင်ခဲ့သည်။ မှန်ကန်သည့် အပြစ်ဒဏ်ကိုလည်း ဘက်မလိုက် စီရင်နိုင်ခဲ့သည်။[၁]

ဆရာစံခေါင်းဆောင်သည့် လယ်သမားအရေးတော်ပုံ မဖြစ်ပွားမီ ရက်ပိုင်းအလိုတွင် ကင်မရွန်စစ်ဗိုလ်ကလေး၏ ကားတိုက်မှု စစ်ဆေးရာမှ အစပြု၍ ဘဝအလှည့်အပြောင်း ကြုံရသည်။ ထိုကာလတွင် ပေါ်ပေါက်လာသည့် အဖြစ်အပျက်အားလုံးသည် ရန်ကုန်တရားသူကြီး ဖြစ်သည့် ကောလစ်နှင့် တနည်းမဟုတ်တနည်း ပတ်သက်လာသောအခါ၊ ဆင်ခြင်တုံတရား လက်ကိုင်ပြုကာ မျှမျှတတ စစ်ဆေးစီရင်သည်။[၁]

အိုင်စီအက်ဆိုသည်မှာ အင်္ဂလိပ်အုပ်ချုပ်ရေးလောကဝယ် ထိပ်တန်းရာထူး ဖြစ်ကာ၊ လူတော်များသာ ဝင်ခွင့်ရသော ရာထူးမျိုး ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာတို့ကဲ့သို့ ကိုလိုနီများတွင် အင်္ဂလိပ်အလိုကျ အုပ်ချုပ်ပေးရသည်။ ပင်စင်ယူလျှင် အမှုထမ်းကောင်းဘွဲ့၊ ဆာဘွဲ့ စသည့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်သူကောင်းပြု ခံရတတ်သည်။ သို့ငြားလည်း မစ္စတာကောလစ်မှာ ဤအတန်းအစားထဲ မပါ။ အရေးပိုင်လုပ်ရင်း မြန်မာကျေးလက်နှင့် ရင်းနှီးလာသည်။ မြန်မာ့ယဉ်ကျေးမှုထုံးစံ အစဉ်အလာတို့ကို သူ လေးစားချစ်ခင်လာသည်။ မြန်မာ့ ယုံကြည်ကိုးကွယ်မှုကို လေ့လာလိုက်စားသည်။[၁]

အုပ်စိုးသူအင်္ဂလိပ်က မြန်မာများကို လူရိုင်း၊ အတွေးအခေါ်အားဖြင့် အောက်တန်းကျသူ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မတန်သူဟု မြင်သည်ကို ကောလစ်က တတ်နိုင်သရွေ့ ချေဖျက်သည်။ ဝိတိုရိယဘုရင်မကြီးခေတ်က နေမဝင်အင်ပါယာကြီး၏ ကြီးမြတ်ခြင်းကို ထိန်းသိမ်းရမည်ဟူသော အင်္ဂလိပ်အိုင်စီအက်တို့၏ ကျင့်ဝတ်ကို မခံယူ။ မြန်မာတို့၏ အမှုကိစ္စဟူသမျှကို မြန်မာ့ရှေ့နေကြီးသဖွယ် အယူခံတတ်သည်မှာ သူ့ ကျင့်ဝတ်သဖွယ် ဖြစ်လာသည်။ ၁၉၃၀ ဝန်းကျင်ကတည်းကပင် မြန်မာသည် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ထိုက်တန်သည်ဟူ၍ အလျဉ်းသင့်တိုင်း ထုတ်ပြောသည်။ မြန်မာအကြောင်းကို ဗြိတိသျှပါလီမန် သိအောင် မြန်မာခေါင်းဆောင်တို့ကို အဆက်အသွယ် ရှာပေးသည်။ မြန်မာ့ဆန္ဒကို အင်္ဂလိပ်နားသို့ ပေါက်အောင် ပါလီမန်မှတဆင့် ဖောက်ပေးသည်အထိ မြန်မာပြည်အပေါ် သံယောဇဉ် ရှိသည်။[၁]

အိုင်စီအက်ဝန်ထမ်း ဖြစ်သော်လည်း မပျော်ပိုက်။ အိုင်စီအက်ဆိုသည်မှာ အုပ်ချုပ်ရေးတွင် နစ်မြုပ်နေရသူ ဖြစ်သည်။ ပညာရှာမှီးရန် အခွင့်အလမ်း ပိတ်သွားပြီ။ မြန်မာပြည်လို ဝေးလံခေါင်သီသည့် ဒေသတွင် တောမြို့ကလေး၌ အခွန်တော်ကောက်ရင်း၊ အမှုစစ်ရင်း အချိန်ကုန်လွန်ခဲ့ရသည်။ စာပေဝါသနာထုံသူတွင် စကားပြောဖော်မရှိ။ စာပေ ဆွေးနွေးရန် ဘက်ညီသူ မရှိ။ အတွေးအခေါ်ပိုင်း ခေတ်နောက်ကျသည်ထက် နောက်ကျစရာသာ ရှိသည်။ ကမ္ဘာကြီးဘာဖြစ်နေသည်ကို ချက်ချင်းမသိရ။ သူအုပ်ချုပ်သည့် မြို့နယ်ကျေးရွာတို့တွင် အေးအေးချမ်းချမ်းရှိပြီး၊ အခွန်တော်မှန်မှန်ကောက်ခံရေးသည်သာ သူ့ကိစ္စ ဖြစ်သည်။ ကာလအတန်ကြာသော် ထိုတောနေဆင်းရဲသားတို့ကို ချစ်ခင်နှစ်သက်လာသည်။ အနေရိုး အစားရိုးသည့် သူတို့ဘဝကို ကိုယ်ချင်းစာတတ်လာသည်။ ထိုအခါ တရားမျှတအောင် အုပ်ချုပ်ဖို့ ကြိုးစားသည်။ ကျေးရွာအနှံ့ လျှောက်လည်သည်။ အတိုင်အတောမှန်သမျှ နားထောင်သည်။ သို့နှင့် အုပ်ချုပ်ရေးတာဝန် ပိသည်ထက် ပိလာကာ စာရေး၊ စာလေ့လာရန် စိတ်မကူးနိုင်တော့။ ကြာသော် အိုင်စီအက်ဘဝကို ငြီးငွေ့လာသည်။ အလုပ်ဝင်စကမူ အုပ်ချုပ်ရေးလုပ်ငန်းများမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်သည်။ သို့နှင့် သူ့တာဝန်မှာ အရှေ့တိုင်းသားတို့ကို ကြည့်ရှုစောင့်ရှောက်ကာ ပညာသင်ကြားပေးရသည့် သာသနာပြုလုပ်ငန်းမျိုး ဖြစ်မည်ဟု ယုံကြည်လာသည်။ မိမိကိုယ်မိမိ ပဲခူးတိုင်းမင်းကြီး ဆွစ်သင်ဗင့်နှင့် အိန္ဒိယပုလိပ်ပဋိညာဉ်ဝန်ထမ်း ဂျော့အော်ဝဲထက် ကံကောင်းသည်ဟု မှတ်ယူသည်။ အထက်အရာရှိ အကြိုက်ကို သိအောင် ကြိုးစားခြင်းလည်း မပြု။ အိုင်စီအက်ဝန်ထမ်းအဖြစ်က ထွက်ရန် ၁၉၁၉ ကတည်းက စိတ်ကူးနေခဲ့သည်။[၁]

ရန်ကုန်တရားသူကြီးအဖြစ် နောက်ဆုံးအမှုစစ်ဆေးပြီးသောအခါ ကောလစ်ကို တရားသူကြီးအဖြစ်မှ ယစ်မျိုးမင်းကြီးဘဝသို့ ရာထူးတိုးပေးပြီး ကန်တင်လိုက်သည်။ ၁၉၃၁ ဧပြီတွင် သူ ခွင့်ယူကာ အင်္ဂလန် ပြန်သည်။ ခွင့်စေ၍ ပြန်လာသည့်အခါ အရေးပိုင်အဖြစ် မြိတ်မြို့သို့ အပို့ခံရသည်။ မြိတ်တွင် နှစ်နှစ်ကျော် နေပြီးနောက် အင်္ဂလန်သို့ ပြန်လာသည်တွင် မြန်မာပြည်လည်း အုပ်ချုပ်ရေးအသစ်နှင့် နီးလာသည်။ ထိုအချိန် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းစည်းကမ်း ပြင်ဆင်သည်နှင့် တနှစ် ပေါင် ၉၀၀ ပင်စင်ရသည်တွင် ပင်စင်ယူလိုက်သည်။[၁]

မြိတ်တွင် အရေးပိုင်အဖြစ် အမှုထမ်းစဉ် စွန့်စားသူ ဆင်မျူရယ်ဝှိုက်၏ ဘဝဖြစ်စဉ်ကို အနည်းငယ် လေ့လာခွင့် ကြုံသည်။ ဆက်လက် လေ့လာပြီးနောက် ယိုးဒယားဝှိုက် အမည်ဖြင့် အတ္ထုပ္ပတ္တိ တစောင် စတင်ရေးသားသည်။ ထိုစာအုပ် အောင်မြင်သောကြောင့် ကောလစ် စာရေးဆရာလမ်းကြောင်းပေါ်သို့ ရောက်သည်။ သူ့မိတ်ဆွေ ဂျီအိတ်ချ်လု၏ မှန်နန်းရာဇဝင် ဘာသာပြန်ကို ဖတ်မိရာ မိဖုရားစော ဝတ္ထုကို ရေးရာ ယင်းလည်း အောင်မြင်သည်။ ထုတ်ဝေသူကို အပူတပြင်း ရှာစရာ မလို။ အောက်စဖို့တုန်းက ကျောင်းနေဖက် ဂေါ့ဖရီဖေဗာသည် ဖေဗာ အင် ဖေဗာ စာအုပ်တိုက် ထောင်စ ဖြစ်သည်နှင့် ကောလစ်ကို နောက်စာအုပ်အတွက် ကြိုတင်စရံငွေ ပေးကာ အရေးခိုင်းရာမှ မြန်မာပြည်အတွေ့အကြုံများ စာအုပ် ပေါ်ထွက်လာသည်။ ထိုစာအုပ်ကို ၁၉၃၈ တွင် ထုတ်ဝေသောအခါက သူ မြန်မာပြည် ရောက်နေသည်။ ရှမ်းပြည်နယ်တခွင် ခရီးလှည့်လည်ပြီး ပြန်လာရာ၊ အင်္ဂလန်ပြန်ရန် ရန်ကုန်၌ သင်္ဘောစောင့်နေစဉ် ဤစာအုပ်သစ်သည် ဆူးလေဘုရားလမ်းရှိ စမတ်အင်မူကာဒမ် စာအုပ်ဆိုင်သို့ တင်ရောက်လာသည်။ ရန်ကုန် အင်္ဂလိပ်အသိုင်းအဝိုင်းက နှာခေါင်းရှုံ့ကြသဖြင့် မီရာသင်္ဘောဖြင့် မြန်မာပြည်မှ အမြန်ထွက်ခွာရသည်။[၁]

သို့သော် အင်္ဂလိပ်စာအုပ်ဝေဖန်ရေးလောကကမူ မြန်မာပြည်အတွေ့အကြုံများကို ဧပြီလ၏ ထိပ်တန်းစာအုပ်ကောင်းအဖြစ် ချီးမွမ်း ဩဘာပေးသည်။ ထိုစာအုပ်အရင်းခံ၍ အင်္ဂလိပ်လူမျိုးတို့သည် မြန်မာပြည်အကြောင်းကို စိတ်ဝင်စားလာသည်။ ထိုစာအုပ်ကို ဖတ်အပြီး ဘဝတူအိုင်စီအက် ဂျေ၊ ကေ၊ စတင်းဖို့က သူ့ထံ မြန်မာပြည်မှ စာရေး ချီးကျူးသည်။ ခင်ဗျားစာအုပ်ဖတ်ပြီး၊ အဲထဲ ဘာတွေပါကြောင်း ကန်းနလစ်ကို အားရပါးရ ပြောမိတာ၊ ကန်းနလစ်မျက်နှာဟာ အိုလာပြီး မည်းသထက် မည်းလာတော့တာပဲ။ သူ့မျက်နှာကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ သိပ်ကျေနပ်သွားတာပဲဗျာ ဟူ၏။[၁]

ဂျတ်စတစ်ကန်းနလစ်သည် အသရေဖျက်မှုနှင့် ကောလစ်ကို တရားစွဲရန် ရှေ့နေများနှင့် တိုင်ပင်ရာ နိုင်ဖို့ အကြောင်းမမြင်ဟု ပြောကြသဖြင့် လက်လျှော့လိုက်ရသည်။[၁]

ကောလစ်၏ စာအုပ်အများအပြားကို မြန်မာဘာသာသို့ ပြန်ဆိုခြင်း ခံရသည်။ မြန်မာစာဖတ်ပရိသတ်သည် မောရစ်ကောလစ်နှင့် မစိမ်း။ မြန်မာ့ရေမြေတွင် သန္ဓေတည်ထားသည့် စာအုပ်နှင့် ဝတ္ထုများ ဖြစ်ရာ စန္ဒမာလာ၊ မိဖုရားစော၊ Siamese White၊ Last and First in Myanmar တို့မှာ လူကြိုက်များ ထင်ရှားလှသည်။ နောက်ဆုံးစာအုပ်မှာ The Journey Up (စာရေးဆရာလောကသို့) ဟူသော ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်သည်။[၁]

နိဂုံး ပြင်ဆင်ရန်

မောရစ်ကောလစ်သည် ၁၉၇၂ တွင် အင်္ဂလန်၌ ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ကျော်အောင် (၂၀၀၆)။ မြန်မာပြည်အတွေ့အကြုံများ (ဒုကြိမ် ed.)။ ရာပြည့်စာအုပ်တိုက်။ p. မြန်မာပြန်သူအမှာ(ကောက်နုတ်)။