မော်လမြိုင်ခရော်နီကယ်

မော်လမြိုင် ခရော်နီကယ် (အင်္ဂလိပ်: Maulmain Chronicle) သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အပတ်စဉ်ထုတ် မြန်မာသတင်းစာ ဖြစ်သည်။ အင်ဒိုချိုင်းနားဒေသ၏ ပထမဆုံးသတင်းစာလည်း ဖြစ်သည်။ ၁၈၃၆ ခု၊ မတ်လ ၃ ရက်၌ မော်လမြိုင်မြို့တွင် စထုတ်သည်။[၁]

သတင်းစာအကြောင်း အသေးစိတ်ပြင်ဆင်

၁၂.၅ x ၈.၅ လက်မ အရွယ်၊ နှစ်ကော်လံ သတင်းစာဖြစ်ပြီး လေးမျက်နှာ ပါရှိသည်။တစောင် ငါးမူးဖြင့် ရောင်းချသည်။

ကြော်ငြာခမှာ စာတကြောင်း တကြိမ်လျှင် နှစ်ပဲ သင့်သည်။ ၁၈၄၄ ခု၊ ဩဂုတ် ၁ ရက်မှစ၍ လေးပဲသို့ တိုးသော်လည်း နှစ်ကြိမ်ထည့်မူ သုံးပဲ၊ သုံးကြိမ်ထည့်လျှင် နှစ်ပဲ၊ ကော်လံဝက် ၁၈ ကျပ်၊ တကော်လံ ၃၆ ကျပ်ဟူ၍ သတ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့တိုင်း ထုတ်ဝေပြီး ၁၈၃၇ ခုနှစ်တွင် စနေနေ့သို့ ပြောင်းထုတ်သည်။

ထုတ်ဝေဖြစ်ပုံပြင်ဆင်

တနင်္သာရီ ကော်မရှင်နာမင်းကြီး မစ္စတာ ဘလန်ဒယ် (A.E. Blundell) က ပုံနှိပ်စက်နှင့် ခဲစာလုံးများမှာယူကာ ပုံနှိပ်စက်ထောင်သည်။ နောင်သော် ဘင်္ဂလားအစိုးရက ငွေအမ်းကာ လွှဲယူလိုက်ပြီး ပညာရေးကော်မတီလက်အောက်သို့ ထည့်သွင်းလိုက်သည်။ [၂]

အယ်ဒီတာအဖြစ် အမေရိကန်သား သင်းအုပ်ဘုန်းကြီး ဂျော့ဟော့ (George H. Hough) ကို ဘလန်ဒယ်က ခန့်ထားသည်။ ဂျော့ဟော့မှာ အစိုးရအလွတ်ပညာသင်ကျောင်း၏ ကျောင်းအုပ်လည်းဖြစ်သည်။ [၃] ဧပြီ ၁၅ ရက်ထုတ် ပထမဆုံးစာစောင်တွင် သတင်းစာ၏ ရပ်တည်ချက်ကို "နိုင်ငံရေးနှင့် အငြင်းပွားဖွယ်ကိစ္စများကို ရှောင်ရှား၍ ပြည်နယ်တွင်းနှင့် ပတ်ဝန်းကျင်နိုင်ငံတို့အကြား သတင်းဖြန့်ဝေရန်" ဟူ၍ ပါရှိသည်။ [၄]

အထုတ်ရပ်ခြင်းပြင်ဆင်

ဂျော့ဟော့မှာ သာသနာပြုလုပ်ငန်းတွင်အားသန်ကာ ကျောင်းကိစ္စ သတင်းစာကိစ္စတို့တွင် လစ်ဟာမှုများရှိလာသဖြင့် အစိုးရက ကျောင်းနှင့် သတင်းစာကို ရပ်နားထားလိုက်သည်။ ၁၈၃၇ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ကာလကတ္တားမှ ဂျီဂျီဟပ် (G.G. Hughes) ရောက်လာမှသာ သတင်းစာ ပြန်လည်ပတ်သည်။ ၁၈၃၇ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် ယခင်ဗုဒ္ဓဟူးနေ့အစား စနေထုတ်သတင်းစာအဖြစ် ပြန်ထုတ်သည်။

ရပ်စဲခြင်းပြင်ဆင်

နိုင်ငံရေးသတင်းမှာ သတင်းစာ၏ အဓိကအသက်သွေးကြောဖြစ်နေသည်။ ကြော်ငြာနှင့် ပုံနှိပ်စက်သို့အပ်သည့် ပြင်ပလုပ်ငန်းများကြောင့် သတင်းစာလည်ပတ်ရန် လုံလောက်သည့်ငွေကြေး ရသော်လည်း ကြော်ငြာအဓိကထည့်သွင်းနေသည့် ကုန်သည်များ၏ဆန္ဒကို ငြင်းဆန်ရန် ခက်ခဲနေသည်။ ကုန်သည်များ၏ ဆန္ဒအရ အထက်မြန်မာပြည်သတင်းများကိုလည်း ထုတ်သွင်းပေးနေရသည်။ ဘလန်ဒယ်မှာ ဒေသခံများဘက်မှ ရပ်တည်သည်ဟုယူဆလာသဖြင့် ဘုရင်ခံ လော့အဲလန်ဘိုရော့ (Lord Ellenborough) က ဟင်နရီဒူရန် (Henry Durand) နှင့် လဲလှယ်လိုက်သည်။

ထိုအချိန်၌ လစာပေးရုံးမှ စာရင်းကိုင်ဟောင်း အီမန်နျူရယ်အဘရူ (Emanuel Abreu) က အယ်ဒီတာအဖြစ် တာဝန်ယူနေပြီ ဖြစ်သည်။ ၁၈၄၆ ခုနှစ်တွင် အဘရူအား ဖမ်းဆီးပြီး ရူပီး (၃၀၀၀) ဒဏ်ရိုက်သည်။ ၁၈၃၅ ခုနှစ် ပုံနှိပ်ဥပဒေ ပုဒ်မ (၇) နှင့် (၈) အား ချိုးဖောက်မှုအတွက် ထောင်ဒဏ်နှစ်နှစ်ကိုလည်း ကျခံစေသည်။ အဆိုပါ ပုဒ်မများမှာ သတင်းစာများ၌ ပိုင်ရှင်၊ ထုတ်ဝေသူနှင့် ပုံနှိပ်စက်ကို စာစောင်တိုင်း၌ ထည့်သွင်းရန် ပြဋ္ဌာန်းခြင်း ဖြစ်သည်။ စာစောင်နှစ်ခုတွင် အဘရူက ထည့်သွင်းမထားခဲ့ပေ။ အယူခံဝင်ရာ၌ ခဲစာလုံးများ ပျောက်ဆုံးသည်ဟု ထွက်ဆိုသွားသည်။ အဘရူ အဖမ်းခံရပြီးနောက် ထုတ်ဝေမှုရပ်သွားသည်။

စည်းကမ်းတင်းကျပ်ကြောင်း ဝေဖန်မှုအများအပြားရှိလာ၍ ၁၈၄၆ တွင် ဒူရန်အား လူလဲလိုက်ရသည်။ ကပ္ပတိန်ဒူရန်မှာ ဘင်္ဂလားအစိုးရ၏အာဏာမှ ခွဲထွက်ကာ သီးခြားမင်းလုပ်ချင်သည့်ဟန်တူကြောင်း ဒုဘုရင်ခံက မှတ်ချက်ပြုသည်။ [၅]

မော်လမြိုင်အက်ဒဗာတိုက်ဇာသို့ ဘဝကူးခြင်းပြင်ဆင်

စက်နှင့် အစိတ်အပိုင်းကို ရှေ့နေ လူးဝစ် (H. W. Lewis) က ဝယ်ကာ မော်လမြိုင်အက်ဒဗာတိုက်ဇာ (Maulmain Advertiser) အမည်နှင့် ထုတ်သည်။ ပုံနှိပ်ခြင်းကို ဝှစ်တမ်မိသားစု (Whitton) က လုပ်သည်။ ၁၈၄၈ ခု၊ ဇူလိုင်လ ၁ ရက်တွင် စထုတ်သည်။

ရန်ကုန်ခရော်နီကယ် ဖြစ်သွားခြင်းပြင်ဆင်

အောက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းနိုင်ပြီးနောက် ရန်ကုန်သို့ လူးဝစ် ပြောင်းလာကာ ရန်ကုန် ခရော်နီကယ် (Rangoon Chronicle) အဖြစ် ထုတ်ဝေသည်။ ၁၈၅၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် စဖြန့်ပြီး တပတ်လျှင် ဗုဒ္ဓဟူးနှင့် စနေ နှစ်ရက် ထုတ်သည်။

ကိုးကားပြင်ဆင်

  1. Banerjee, I. & Logan, S. Asian Communication Handbook 2008. AMIC, 2008. ISBN 978-981-4136-10-5.
  2. P.E. Jamieson and B.O. Binns (1935) "Gazetteer for Amherst District"
  3. Frank Dennison Phinney (1917?) "Historical Descriptive", The American Baptist Mission Press, Rangoon, Burma
  4. The Maulmain Chronicle 1:1 (1837 Apr 15)
  5. William Womach (2003) "Politics and Press Censorship in British Burma: The case of the Moulmein Chronicle", SOAS Bulletin of Burma Research, Vol 1, No 1, ISSN:1479-8484