မြန်မာနိုင်ငံ သတင်းစာများ

မြန်မာ့ပထမဆုံးသတင်းစာများပြင်ဆင်

မြန်မာပြည်တွင် ပထမဆုံး ထုတ်ဝေခဲ့သည့် မော်လမြိုင် ခရော်နီကယ် သတင်းစာ ကို စတင်ပုံနှိပ်သည့် ခုနှစ်မှာ ၁၈၃၆ ခုနှစ်ဖြစ်၍ ထိုစဉ်က အနောက်နိုင်ငံများ၌ သတင်းစာလုပ်ငန်းမှာ သိသိသာသာကြီး တိုးတက်လျက် ရှိနေပေပြီ။ ၁၈၂၄ ခုနှစ်တွင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပြီးနောက် အင်္ဂလိပ် အား မြန်မာ က တနင်္သာရီ နှင့် ရခိုင်တိုင်းတို့ကို ပေးလိုက်ရသည်။ ထိုနယ်များတွင် အင်္ဂလိပ်တို့သည် လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့်၊ စီးပွားကုန်သွယ်ခွင့်၊ သာသနာပြုခွင့်နှင့် ပုံနှိပ်ထုတ်ဝေခွင့်တို့ကိုပါ တပါတည်းရရှိလေသည်။ မော်လမြိုင်မြို့တွင် ပထမဆုံးထုတ်ဝေနိုင်ခဲ့သည့် မော်လမြိုင် ခရော်နီကယ် သတင်းစာကို တနင်္သာရီတိုင်း မင်းကြီး ဗလန်ဒယ် ဆိုသူက အင်္ဂလိပ်ဘာသာဖြင့် ၁၈၃၆ ခုနှစ် မတ်လ ၃ ရက်နေ့၌ ထုတ်ဝေခဲ့၏။ ပထမဆုံး အယ်ဒီတာ မှာ အစိုးရအခမဲ့ကျောင်း၌ ကျောင်းအုပ် လုပ်နေသော အမေရိကန် သာသနာပြု ဆရာကြီး ဗင်းနက်ဖြစ်သည်။ နောင်တွင် ကျောင်းကိစ္စများထက် သာသနာပြု ကိစ္စများတွင် ပို၍စိတ်ဝင်စားကာ ဆောင်ရွက်နေသည်ကို အစိုးရက တွေ့ရှိသဖြင့် ကျောင်းကို ပိတ်ထားရပြီးလျှင် သတင်းစာ ကိုလည်း ခေတ္တမျှ ရပ်ဆိုင်းထားရလေသည်။ ၁၈၃၇ ခုနှစ်မတ်လ ၂ဝ ရက်နေ့တွင် ကာလကတ္တားမြို့မှ သာသနာပြုဆရာကြီး ဂျီ၊ ဂျီ၊ ဟပ်ဖ ရောက်ရှိလာသဖြင့် သတင်းစာကို ၁၈၃၇ ခုနှစ် ဧပြီလ ၁၅ ရက်နေ့၌ ပြန်လည်ထုတ်ဝေလေသည်။ ထိုစဉ်က သတင်းစာကို လပေးယူသူများမှာ ၁ဝ ယောက်မျှသာရှိသည်။ သို့သော် ကြော်ငြာများနှင့် အပြင်ပုံနှိပ်လုပ်ငန်းများမှ ရရှိသည့် ငွေများသည် သတင်းစာ ထုတ်နိုင်အောင် ရရှိလေသည်။ မော်လမြိုင် ခရော်နီကယ် သတင်းစာသည် ဗြိတိသျှ အစိုးရထုတ် သတင်းစာ တစ်စောင်ဖြစ်၍ အစိုးရအမှု ထမ်းများနှင့် အစိုးရဌာနမှသတင်းများကို ထည့်သွင်း ဖော်ပြလေ့ရှိသည်။ အထောက်အထားများအရ သိရှိရသလောက် ပထမဆုံး တိုင်းရင်းဘာသာဖြင့် ထုတ်ဝေသော သတင်းစာမှာ ဆဉ်တာူ်ဂဖီ (ဝါ) မောနင်းစတား ဖြစ်၍ ၁၈၄၁ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ ယင်းသတင်းစာကို ကရင်ဘာသာဖြင့် ခရစ်ယန် နှစ်ခြင်းသာသနာပြုအဖွဲ့က ထုတ်ဝေခဲ့၍ ထိုအဖွဲ့ကပင် ၁၈၄၂ ခုနှစ်၌ ဓမ္မသိတင်းစာ ကို မြန်မာ ဘာသာဖြင့် မော်လမြိုင်မြို့တွင် ထုတ်ဝေခဲ့သည်။ ဓမ္မသိတင်းစာသည် မြန်မာဘာသာ ဖြင့် ထုတ်ဝေသော သတင်းစာများတွင် အစောဆုံးဖြစ်သည်။ ထိုသတင်းစာများသည် ခရစ်ယန် နှစ်ခြင်းသာသနာပြုအဖွဲ့မှ ထုတ်ဝေခြင်း ဖြစ်သဖြင့် အယူဝါဒရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ အထူးရေးသားဖော်ပြသည်။ သို့သော် မြန်မာနိုင်ငံ သတင်းနှင့် ကမ္ဘာ့သတင်းများကိုလည်း ထည့်သွင်းဖော်ပြ သေးသည်။ ပမာအားဖြင့် ၁၈၅၂ ခုနှစ် ဧပြီလ ၄ ရက်၊ ၁၂၁၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁ဝ ရက်နေ့ထုတ် ဓမ္မသိတင်းစာ သတင်းစာ ဒသမတွဲ၊ အမှတ် ၄ ၌ အင်္ဂလိပ်မင်းနှင့် မြန်မာမင်းတို့ စစ်တိုက်ကြသည် အကြောင်းဟူ၍ ခေါင်းစဉ် တပ်လျက် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ အကြောင်းကို ရေးသား ဖော်ပြထားလေသည်။ ဓမ္မသတင်းစာသည် များသောအားဖြင့် စာမျက်နှာ ၁၂ မျက်နှာရှိ၍ တစ်လတွင် တစ်ကြိမ် ထုတ်ဝေခဲ့သည်။ ကြည့်ခနှုန်းမှာ တစ်နှစ်လျှင် တစ်ကျပ်ဖြစ်၏။ မော်လမြိုင်မှာပင် အခြားသတင်းစာများ ဆက်ကာဆက်ကာ ထွက်ပေါ်လာ၏။ ၁၈၄၆ ခုနှစ်တွင် စစ်ဘက်နှင့် အုပ်ချုပ်ရေး ဘက်ဆိုင်ရာ အရာရှိများက ကမ္မကထ ပြုပြီးလျှင် အရှေ့ အိန္ဒိယကုမ္ပဏီမှ ငွေကြေး စိုက်ထုတ်ပေး၍ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် မော်လမြိုင် အက်ဗာတိုက်ဇာ (ဝါ) မော်လမြိုင်ကြော်ငြာ သတင်းစာ ဟူ၍ ပေါ်လာ၏။ အယ်ဒီတာ၊ ပုံနှိပ်သူနှင့် ထုတ်ဝေသူမှာ ဝှစ်တန်ဆိုသူ ဖြစ်သည်ဟု သိရှိရ၏။ ၁၈၅ဝ ပြည့်နှစ်တွင် ဒဗျူတောမတ် ကုမ္ပဏီပိုင် မော်လမြိုင်တိုင်း သတင်းစာ ဟူ၍ ပေါ်သေး၏။ ထိုသတင်းစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့၏။ မော်လမြိုင် အက်ဗာတိုက်ဇာ သတင်းစာနှင့် မော်လမြိုင်တိုင်း သတင်းစာတို့သည် အချင်းချင်း ပူးပေါင်း ကြပြီးလျှင် ၁၈၅၁ ခုနှစ်၌ မော်လမြိုင် အက်ဗာတိုက်ဇာ အမည်ဖြင့် ထုတ်ဝေကြသည်။ ၁၈၅၂ ခုနှစ်တွင်ကား မော်လမြိုင်တိုင်း အမည်ဖြင့် ထုတ်ဝေပြန်သည်။ ထိုနောက်မှတစ်ဖန် မော်လမြိုင်အက်ဗာတိုက်ဇာ နာမည်ဖြင့် ထုတ်ဝေ ပြီးလျှင် တည်မြဲသွားလေသည်။ ထိုသတင်းစာသည် လက်အမျိုးမျိုးပြောင်းကာ ထွက်ခဲ့သည်။ ဂျေ ဗေလီ၊ ဟျူး၊ ချား လောတို့နှင့် ထုတ်ဝေခဲ့ရာမှ ၁၉ဝ၈ ခုနှစ်တွင် ဗင်ဂျမင်က ဆက်ခံထုတ်ဝေခဲ့၏။ ၁၉၁ဝ ပြည့်နှစ်ခန့်တွင် ထိုသတင်းစာကို ကက်စတာဆိုသူက အယ်ဒီတာအဖြစ် ဆောင်ရွက်၍ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များ၌ ထုတ်ဝေခဲ့သည်ဟု သိရှိရ၏။ ၁၉၃၄ ခုနှစ်တွင်ကား လျောင်အချွိုင်းက လေလံနှင့် ဝယ်ယူပြီးသော် အယ်ဒီတာ မောင်မောင်သိန်း ကွယ်လွန် သောအခါ ပီတာဆိုသူက အယ်ဒီတာအဖြစ် ဆောင်ရွက်၍ ၁၉၃၇ ခုနှစ်အထိ ထုတ်ဝေခဲ့သည်ဟု သိရှိရပေသည်။ ၁၈၆၆ ခုနှစ်တွင် မော်လမြိုင် အော့ဗဇာဗာ သတင်းစာ ထွက်ပေါ်ခဲ့၍ အခြား သတင်းစာများလည်း ထွက်ခဲ့ ပျက်ခဲ့ကြသည်ဟု သိရှိရ၏။ ထိုစဉ်က သတင်းစာများ၌ စစ်သတင်းများ၊ နယ်ပယ် အခြေအနေ သတင်းများနှင့် ကူးသန်း ရောင်းဝယ်ရေး သတင်း အနည်းငယ်တို့သာ ပါရှိကြလေသည်။

ရန်ကုန်မြို့တွင်ထွက်ပေါ်လာခြင်းပြင်ဆင်

မြန်မာနိုင်ငံ၏ သတင်းစာများသည် မော်လမြိုင်မြို့တွင်ဦးစွာ ဖွားမြင် လာခဲ့ကြပြီးနောက် ရန်ကုန်မြို့သို့ ပြောင်းရွေ့လာခဲ့ကြ၏။ ဤသို့ ပြောင်းရွေ့လာရခြင်း အကြောင်းမှာ ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီး၌ ရန်ကုန်အပါအဝင် အောက်မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်တို့က သိမ်းယူ လိုက်ခြင်းကြောင့် ဖြစ်၏။ ၁၈၅၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ဗုဒ္ဓဟူးနေ့၌ [[ရန်ကုန် ခရော်နီကယ် သတင်းစာ]] ထွက်လာ၏။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော ဤသတင်းစာသည် ရန်ကုန်မြို့၌ ပထမဆုံး ထုတ်ဝေသည့် သတင်းစာဖြစ်ကြောင်း အမှတ်အသား များအရ သိရှိရ၏။ ရန်ကုန်ခရော်နီကယ် သတင်းစာကို ဗုဒ္ဓဟူးနေ့နှင့် စနေနေ့တိုင်း ထုတ်ဝေခဲ့၏။ စာမျက်နှာ လေးမျက်နှာ ပါရှိ၍ သတင်းစာ၏ လစဉ်နှုန်းမှာ သုံးကျပ်ဖြစ်၏။ သတင်းစာပိုင်ရှင်မှာ မော်လမြိုင် ခရော်နီကယ် သတင်းစာ၏ နောက်ဆုံးပိုင်ရှင်ဖြစ်သော ရှေ့နေ လူးဝစ်ဖြစ်သည်။ ထိုစဉ်က ရန်ကုန်မြို့၌ အင်္ဂလိပ်ဘာသာ သတင်းစာကို ဖတ်နိုင်သူ လူ ၁ဝဝ လောက်သာရှိ၍ ကုန်သည်ကြီးများ မှာလည်း ၁၂ ဦးခန့်လောက်သာ ရှိရာ လူးဝစ်သည် ထိုသတင်းစာကို ထုတ်ဝေခဲ့ရာ၌ နောင်တွင် ရန်ကုန်မြို့သည် တစ်စတစ်စ ကြီးလာ၍ ဖွံ့ဖြိုးလာမည်ဟု ယုံကြည်သော ကြောင့်သာ ဖြစ်ရာ၏ဟု ဆောင်းပါးရှင်တစ်ဦးက မှတ်ချက်ချခဲ့၏။ ကျွန်ုပ်တို့သည် ရာဇဝတ် တရားသူကြီးအား (ရန်ကုန်)မြို့၏ နေရာအနှံ့အပြားတွင် မည်ကဲ့သို့ ဖြစ်ပျက်နေ ကြောင်းကို သိစေလို၏။ ပျက်စီးရိရွဲနေသော လူသေကောင်များ၊ ပုပ်ပွနေသော ခွေးသေကောင်များ၊ ကြောင်သေ၊ ကြွက်သေ များဖြင့် (ရန်ကုန်)မြို့နေရာ အနှံ့အပြား သေချင်စရာ ကောင်းလောက်အောင် ဗလပွ ပြည့်နှက်နေကြပါသည်ဟု ဖော်ပြခဲ့၏။ ထိုစဉ်က ဗြိတိသျှ အစိုးရနှင့် စပ်လျဉ်း၍လည်း ကျွန်ုပ်တို့သည် အဆိုးရွားဆုံး၊ အချုပ်အချာဆုံး၊ ပညာအမဲ့ဆုံး၊ အမြင် အကျဉ်းဆုံး၊ အကြင်နာမရှိဆုံး ဖြစ်သော အစိုးရ၏ အုပ်စိုးခြင်း ကို ခံနေရသည်ဟု ရေးသားခဲ့၏။ စင်စစ်အားဖြင့် လူးဝစ်သည် ရှေ့နေ၊ ကုန်သည်၊ သတင်းစာ တိုက်ပိုင်ရှင် အလုပ်များဖြင့် အသက်မွေး ဝမ်းကျောင်းခဲ့ သော်လည်း အယ်ဒီတာကား မဟုတ်ပေ။ လက်တွေ့သတင်း စာလုပ်ငန်း၌ ကောင်းစွာ ကျွမ်းကျင်သူ မဟုတ်သဖြင့် သူ့သတင်းစာ၏ ခေါင်းကြီး များကို သူကိုယ်တိုင် မရေး၊ မကျေမနပ် ဖြစ်နေသူ ဆောင်းပါးရှင်တို့၏ စာမူတို့ကို ခေါင်းကြီး အဖြစ်ဖြင့်သာ ထည့်သွင်းခြင်း ဖြစ်သည်ဟု အဆိုရှိ၏။ မည်သူပင် ရေးသည်ဖြစ်စေ လူးဝစ်၏ သတင်းစာ၌ပါရှိသည့် ဆောင်ပါးများကို အစိုးရက မနှစ်သက်ချေ။ သို့ရာတွင် လူးဝစ်သည် ရှေ့နေတစ်ဦးဖြစ်သဖြင့် ဥပဒေအရ နည်းမကျဘဲ သူ့အား အရေးမယူရဲပေ။ သို့ဖြစ်ရာ လူးဝစ်အား အစိုးရရာထူး တစ်ခု ပေးလိုက်ခြင်းဖြင့် ထိုပြဿနာကို လိမ်မာစွာ ဖြေရှင်း လိုက်လေသည်။ ၁၈၅၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကုန် ခရော်နီကယ် သတင်းစာ၌ ဤသတင်းစာ အုပ်ချုပ်မှု ပြောင်းလဲလုပ်ကိုင်လျက် ရှိပြီဖြစ်ကြောင်း ဟူ၍ ပါရှိခဲ့၏။ ဤသို့ဖြင့် ရန်ကုန် ခရော်နီကယ် သတင်းစာသည် မာရှယ်ဆိုသူ ရှေ့နေတစ်ဦး လက်ထဲသို့ ရောက်ရှိသွားပြန်၏။ ထိုသတင်းစာကို လူးဝစ် လက်ထက်ကကဲ့သို့ပင် ရေးသားထုတ်ဝေသွား၏။ သို့ရာတွင် မာရှယ်သည် လူးဝစ်ကဲ့သို့ကား အစိုးရရာထူးတစ်ခုကို မရရှာလေ။ မာရှယ်သည် ရန်ကုန် ခရော်နီကယ် သတင်းစာကို ခြောက်လခန့် ထုတ်ဝေပြီးနောက် တောမတ် ဂေါ့ဖရီဆိုသူ ကုန်သည်တစ်ဦးအား ရောင်းချလိုက်၏။ ဂေါ့ဖရီသည် သတင်းစာလုပ်ငန်းနှင့် စပ်လျဉ်း၍ ကောင်းစွာ နားလည်သူ မဟုတ်သည့်ပြင် သတင်းစာလုပ်ငန်းကို လေ့လာလုပ်ကိုင် လိုစိတ်လည်းမရှိခဲ့။ ထိုကြောင့်လည်း ထိုသတင်းစာကို ကာရင်ဆိုသူ အိုင်ရစ်လူမျိုး ရှေ့နေတစ်ဦးအား ရောင်းလိုက်ပြန်လေသည်။ ကာရင်သည် ထိုသတင်းစာကို ကျကျနန ထုတ်ဝေလို သူဖြစ်သဖြင့် ကာလကတ္တားမှ သတင်းစာဆရာတစ်ဦးကို ခေါ်ယူလုပ်ကိုင်စေ၏။ သို့သော် ထိုသတင်းစာမှာ မကြီးပွားချေ။ ကြည့်ရှုအားပေးသူ နည်းနေသဖြင့် သတင်းစာ၏ နာမည်ကို ပဲခူးဂေဇတ် ဟု ပြောင်း၍ ထုတ်ဝေသေး၏။ သို့သော် ၁၈၅၈ ခုနှစ် မေလတွင် ရပ်လိုက်ရလေသည်။ ထိုစဉ်က ရန်ကုန်မြို့၌ နေထိုင်သူတို့သည် ရန်ကုန်မှထုတ်ဝေ သည့် သတင်းစာများကို မကြိုက်ကြဘဲ ကာလကတ္တားမြို့ မှထုတ်ဝေသော အင်းဂလစ်ရှမင်း(နောင်တွင် စတိတ်စမင်း ဟူ၍ ပြောင်းထုတ်သည်။) နှင့် ဟာကရု သတင်းစာ တို့ကိုသာ မှာယူဖတ်ရှုလေ့ရှိကြ၏။ ထို ပဲခူးဂေဇတ် သတင်းစာကို ၁၈၅၈ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်း သတင်းစာ ဟူ၍ နာမည်ပြောင်းကာ ထုတ်ဝေခဲ့ပြန်သည်။ ပိုင်ရှင်မှာ ဒေါက်တာ ဒေါ်ဆန်ဆိုသူဖြစ်၏။ ဆောင်းပါးရှင် တစ်ဦးကမူ ရန်ကုန်တိုင်း သတင်းစာကို ရှေ့နေနျူတန်နှင့် ဒေါက်တာ ဒေါ်ဆန်တို့ တစ်ပတ်နှစ်ကြိမ် ထုတ်ဝေခဲ့သည်ဟုရေး၏။ အခြားဆောင်းပါးရှင်တစ်ဦးကလည်း ရန်ကုန်တိုင်း သတင်းစာကို ဂေါ့ဖရီဆိုသူက ၁၈၅၆ ခုနှစ် သာသာ လောက်တွင် စတင်တည်ထောင်သည်။ ထိုနောက် ကာရင် ဆိုသူက ဝယ်ယူလိုက်သည်ဆို၏။ ရန်ကုန်တိုင်း သတင်းစာ၌ အယ်ဒီတာ လုပ်ခဲ့သော နိုလန်ဆိုသူက ၁၉၃၃ ခုနှစ်၌ ဆောင်းပါးတစ်ခုရေးရာတွင် ရန်ကုန်တိုင်း သတင်းစာကို အင်္ဂလိပ်တို့ ရန်ကုန်ကို သိမ်းပြီး၍ မကြာမီ ၁၈၅၄ ခုနှစ်၌ နံနက် သတင်းစာဖြစ်ဖြင့် ထုတ်ဝေခဲ့သည်ဟု ဆိုလေသည်။ ဒေါက်တာ ဒေါ်ဆန်သည် အာဏာပိုင်များအား မြှောက်ပင့် ပေါင်းသင်းသည်ဟု သိရ၏။ သတင်းစာ ဖတ်သူများလည်း တိုးလာ၍ ကုန်သည်ကြီးများလည်း ထိုသတင်းစာ၌ ကြော်ငြာရန် ဆုံးဖြတ်ကြ၏။ ဒေါက်တာဒေါ်ဆန်သည် ဘာသာရပ် အမျိုးမျိုးနှင့် စပ်လျဉ်း၍ ကျကျနန ရေးတတ်ရေးနိုင်သူဖြစ်၏။ မြန်မာနိုင်ငံ အခွန်တော် ကိစ္စနှင့် စပ်လျဉ်း၍ စုံလင်ကောင်းမွန်သော ဆောင်းပါးများကို ရေးသဖြင့် ထိုစဉ်က မြန်မာနိုင်ငံ ပထမဆုံးပဲခူးတိုင်းမင်းကြီး (နောင်မဟာမင်းကြီး) [[အာသာ ဖယ်ယာ]] တွေ့ရှိချီးကျူးသဖြင့် ရန်ကုန်တိုင်း သတင်းစာသည် နာမည်ထွက်၍ လာလေတော့သည်။ ရန်ကုန်တိုင်းသတင်းစာ ထွက်လာပြီးနောက် နှစ်နှစ်ခန့်မျှ ကြာသောအခါ ရန်ကုန်မြို့ရှိ ကုန်သည် အချို့က ထိုသတင်းစာ ၏ အာဘော်ကို မကျေမနပ် ဖြစ်လာကြ၏။ သို့ဖြစ်ရာ အယ်ဒီတာအား သူတို့အလိုရှိသော အယူအဆများကို ရေးမထည့်လျှင် အခြားသတင်းစာ တစ်စောင် ထောင်ရပါ လိမ့်မည်ဟု ခြိမ်းချောက်ကြ၏။ ရန်ကုန်တိုင်း သတင်းစာ ကလည်း အလျှော့မပေးသဖြင့် ၁၈၆၁ ခုနှစ်တွင် ရန်ကုန်ဂေဇက် ဟူ၍ တစ်ပတ် နှစ်ကြိမ်ထုတ် သတင်းစာကို တည်ထောင်လိုက်ကြ လေသည်။ ရန်ကုန်ဂေဇက် သတင်းစာသည် စာမျက်နှာ ၁၆ မျက်နှာ ပါရှိ၍ အာဘော်မှာ ရှေးဆန်ဆန်ဖြစ်၏။ ထိုသတင်းစာ၏ ပထမဆုံးအယ်ဒီတာနှင့် မန်နေဂျာမှာ ကက်ဒီဆိုသူဖြစ်၏။ လေးနှစ်ခန့်အကြာတွင် ကက်ဒီ ကွယ်လွန်၍ ချန်တား ဆက်လက်လုပ်ကိုင်၏။ သူ့လက်ထက်တွင် သတင်းစာ စောင်ရေလည်း တက်လာ၍ ကြောငြာများလည်း တိုးလာ၏။ ထိုကြောင့် ၁၈၈၇ ခုနှစ်၌ ရန်ကုန်ဂေဇက် သတင်းစာကို ချန်တားက ဝယ်ယူလိုက် လေသည်။ တစ်နှစ်ခန့် အကြာတွင် ချန်တားသည် ပျောက်ကွယ်သွားလေသည်။ ဗိလတ်သို့သွားမည် ဟုပြောကာ ဗန်းဆိုသူအား လွှဲထားခဲ့ရာမှ စုံးစုံးမြုပ် ပျောက်သွားတော့သည်။ ရန်ကုန် ဂေမ္ဘက် သတင်းစာသည် လက်အမျိုးမျိုး ပြောင်းခဲ့၏။ နောင်တွင် ဗာလသာဇာ၊ ဝတ်လုံတော်ရ မစ်ချယ်၊ အစိုးရရှေ့နေ ဒဲဗက်၊ ဝတ်လုံတော်ရ မန်းနှင့် ရှေ့နေကပဲတို့ ပေါင်းစပ်ပိုင်ဆိုင်လာကြ၏။ ၁၈၇၄ ခုနှစ်တွင် ဟဎေ္0x046း ဆိုသူက တာဝန်ခံ အယ်ဒီတာအဖြစ် စတင် ဆောင်ရွက်လေသည်။ ၁၈၈၃ ခုနှ်၌ တစ်ပတ်လျှင် နှစ်ကြိမ် ထုတ်ဝေရာမှ နေ့စဉ် နံနက်သတင်းစာအဖြစ် ပြောင်းလဲ ထုတ်ဝေလေသည်။ ထို့ကြောင့် ရန်ကုန်ဂေဇက် သတင်းစာသည် မြန်မာနိုင်ငံ၌ ပထမဆုံး နေ့စဉ်သတင်းစာဟု ဆိုရပေမည်။ ရန်ကုန်ဂေဇက် သတင်းစာကား ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်၍ အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွာသွားသည်အထိ ထုတ်ဝေခဲ့လေသည်။ စစ်ပြီးသည့် နောက်ကား ပြန်လည်ထုတ်ဝေခြင်း မပြုတော့ပေ။ ၁၈၇၈ ခုနှစ်တွင် ရန်ကုန် ဒေးလီးမေ ဟူ၍ အင်္ဂလိပ်သတင်းစာ တစ်စောင် ထွက်လာသေး၏။ သို့သော် ခြောက်လခန့်အကြာတွင် ရပ်စဲသွားလေသည်။ ၁၈၇၉ ခုနှစ်တွင် ဒေးလီးရီဗျူး သတင်းစာ ထွက်လာ၏။ သို့သော် မကြာမီပင် ပြုတ်သွားလေသည်။ ထို့ပြင် ဗြိတိသျှ မြန်မာ သတင်း ဟူ၍ သတင်းစာတစ်စောင်လည်း အထက် မြန်မာနိုင်ငံကို အင်္ဂလိပ် မသိမ်းမီက ရန်ကုန်မြို့တွင် ထွက်လာသေး၏။ ၁၈၈၄ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ လူထုအစည်း အဝေးတစ်ရပ် ကျင်းပ၍ အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ရန် ( ဗြိတိသျှ အစိုးရအား ) အပြင်းအထန် တိုက်တွန်းပါသည် ဟူသော အဆိုကို တင်သွင်းရာ၌ မြန်မာများ၊ ဥရောပတိုက်သားများ၊ တရုတ်များနှင့် အိန္ဒိယတိုင်းသားများစွာတို့ တက်ရောက်၍ တညီတညွတ်တည်း ဆုံးဖြတ်ကြသည် ဟု အစည်းအဝေး မှတ်တမ်း၌ ပါရှိသည်ကို ထိုသတင်းစာက တက်ရောက်သူ များအနက် အင်္ဂလိပ် မြို့သူမြို့သားများမှအပ အခြေအနေရှိသော မြန်မာ၊ တရုတ်နှင့် အခြားနိုင်ငံခြားသား ငါးယောက်ထက်မပို ဟု သတင်းရေးခဲ့၏။

ရတနာပုံခေတ်ပြင်ဆင်

မန္တလေးမြို့ရတနာပုံနေပြည်တော်သတင်းစာ ထုတ်ဝေနေသည့် ( ၁၈၇၄ - ၁၈၈၅ ) အချိန်တွင် အောက်မြန်မာပြည် မော်လမြိုင်ရန်ကုန်မြို့များ၌ သတင်းစာ အတော်များများ ထွက်ခဲ့ပြီးပေပြီ။ ရတနာပုံ သတင်းစာနှင့် တစ်ချိန်တည်း ရန်ကုန်မြို့တွင် ထုတ်ဝေသော သတင်းစာများမှာ

ကြီးဆွေ]] အမည်ဖြင့် သတင်းစာကြီး တစ်စောင် လည်း ပေါ်ခဲ့သေးသည်ဟု ရတနာပုံ နေပြည်တော် သတင်းစာတွင် ပါသည့် သတင်းတစ်ရပ်အရ သိရလေ သည်။

ရခိုင်ပြည်၌လည်း ၁၈၅၃ ခုနှစ်တွင် စစ်တွေ ကူးသန်းရောင်းဝယ်ရေး သတင်းစာ ဟူ၍ သတင်းစာ တစ်စောင် ထွက်ခဲ့သေး၏။ နောင်အခါ ဟေးဆိုသူက ထိုသတင်းစာကို ဝယ်ယူကာ ရခိုင်သတင်း ဟူ၍ ထုတ်ဝေ သည်။ ထိုသတင်းစာကို ရခိုင်လူမျိုး လှဖော်သဲနှင့် သူ့သားမောင် ကြင်ခိုင်တို့က ၁၈၆၈ ခုနှစ်တွင် ဝယ်ယူလိုက်လေသည်။ ရတနာပုံ နေပြည်တော် သတင်းစာကို မန္တလေးမြို့၌ ၁၈၇၄ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ထုတ်ဝေခဲ့သည်။ ရာဇဝင် ဆရာအချို့၏ ရေးသားချက်အရ ထိုသတင်းစာကို မန္တလေး ရွှေမြို့တော်ရှိ ဗရင်ဂျီဂိုဏ်းအုပ် ဘီဂန်းဒက်က အကြံပေး တိုက်တွန်းချက်အရ မင်းတုန်းမင်း ကြီးက ထုတ်ဝေခဲ့သည်ဟု ဆိုလေသည်။ သို့ရာတွင် ထိုအချိန်က ကင်းဝန်မင်းကြီး ခေါင်းဆောင်သော မြန်မာသံတော်အဖွဲ့သည် အင်္ဂလန်ပြင်သစ်အီတလီ စသော ဥရောပတိုင်းကြီး ပြည်ကြီးများမှ ပြန်လည် ရောက်ခါစဖြစ်၍ သတင်းစာလုပ်ငန်း အစီအစဉ်တစ်ရပ်ကို ကင်းဝန်မင်းကြီးနှင့်အတူ ပါလာသည်ဟုဆိုသော် ဆိုနိုင် ရာပေသည်။ တစ်နည်းအားဖြင့်လည်း ဗြိတိသျှပိုင် အောက်မြန်မာပြည်၌ သတင်းစာများ တွင်ကျယ်ခေတ်စားနေခြင်းကြောင့် မန္တလေးကလည်း နောက်ကျ၍ မဖြစ်တော့သည့်အတိုင်း အစိုးရ ဂေဇက်သဖွယ်ဖြစ်သော ရတနာပုံ နေပြည်တော် သတင်းစာကို မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် တပေါင်းလ၊ ခရစ် ၁၈၇၄ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့လေသည်။ ရတနာပုံနေပြည်တော် သတင်းစာကို တရုတ် မြန်မာ ကပြားဖြစ်သော ဦးအဟီးဆိုသူအား ဘုရင်မင်းမြတ်က နေမျိုး သီဝသိဒ္ဓိ ဘွဲ့နှင့် သံတော်ဆင့်ရာထူး ပေးအပ်လျက် စီမံအုပ်ချုပ်စေခဲ့သည်။ ယင်း၏ လက်အောက်မှ သတင်းစာဆရာ မောင်ထင်(ဘိုးဝဇီရ)နှင့် သတင်းထောက်နှစ်ဦးတို့က သတင်းစာနှင့် စပ်လျဉ်းမျှသော ကိစ္စအဝဝတို့ကို တာဝန်ယူ၍ ဆောင်ရွက်ကြရလေသည်။(ဝဇီရ၊ ဘိုး။) သတင်းစာအရေးအသားမှာ ထိုခေတ်မြန်မာတို့အကြိုက် ဖြစ်သော ကဗျာလင်္ကာသွားဖြင့် ရှေးဆန်ဆန် ရေးသားထားသော်လည်း၊ နိုင်ငံခြားသတင်၊ ကြေးနန်းသတင်းတို့ဖြင့် သတင်းစာ တစ်စောင်၏ လက္ခဏာရပ်နှင့် ပြည့်စုံစွာရိုက်နှိပ်ထားလေသည်။ လောကီသုတပညာ သတင်းစာတွင် ရေးသား ပုံမှာလည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ထိုပြင် ရတနာပုံ နေပြည်တော် သတင်းစာ၏ အခွင်းလမ်းနှင့် စပ်လျဉ်း၍ မင်းတုန်းမင်းတရားကြီး ပေးထားသော အမိန့်တော်မှာ စိတ်ဝင်စားဖွယ် မှတ်သားဖွယ်ကောင်း၏။ ယင်းအမိန့်တော်မှာ ငါ မကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးမကောင်းလျှင် သားသမီးတွေကိုရေး၊ လွှတ်တရားသူကြီး မကောင်းလျှင် တရားသူကြီးကိုရေး၊ မြို့ဝန်မကောင်းလျှင် မြို့ဝန်ကိုရေး၊ မင်းတို့ သတင်းစာ၌ အပြစ်မရှိစေရ၊ နန်းတော် တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ ဟူသော အမိန့်တော်ဖြစ်လေသည်။ ရတနာပုံ နေပြည်တော် သတင်းစာတွင် မင်းတုန်းမင်းတရားကြီး ကုသိုလ်တော်ဘုရားကြီးသို့ ကြွရောက် ရွှေထီး တင်လှူရန် ထွက်တော်မူသည့် သတင်းကို ဖော်ပြရာ၌ ၁၂၃၉ ခု ရတုပြိ ကဆုန်လဆန်း မည်မှန်းတွက်ချက် ၁၄ ရက် မင်္ဂလာအခါတော် ကြိုက်ဆဲတွင် ကျော်သဲဘွဲ့သာ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားသို့ ရွှေသားထီး တင်လှူ တော်မူရန် အမှန်ထွက်တော်မူသည့် အခမ်းအနားမှာ စသည်ဖြင့်ပါရှိသည်။ ၁၈၇၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ထုတ် လောကီသုတပညာ သတင်းစာတွင် ဒေလီမြို့ ဒါဗာပွဲတော်ကြီး ကျင်းပစဉ်အခါ ရန်ကုန်မြို့မှ သွားရောက်ကြသော မြန်မာဂုဏ်သရေရှိ လူကြီးနှစ်ဦး ဆုတံဆိပ်များရသည့် သတင်းကို ဖော်ပြရာ၌ ဇမ္ဘူနယ်တွင်မှီရာယှဉ်မရသော သခင်ဘုရင်မ ဒယ်လီမြို့တော်သို့ နယ်ပေါ်တွင်သမုတ်အသိမ်ခံထုတ်ပေသော ကျွန်ုပ်တို့ ရန်ကုန်မြို့က မချို့ကြက်သရေ တက်ဝေလျှံကျော် ရှိန်တေဇော်နှင့် စမော်ကော် ဝန်ထောက်မင်း ဦးအုန်း၊ ၎င်းပြင် ရန်ကုန်မြို့ပေါ်တွင် ပေါ်ထင်ဂုဏ်သရေ ရှိလှသော မြန်မာလူကြီးထဲက ဦးဘော့ကြီးပါ ဒယ်လီမြို့ အောင်ချာ၌ သိုက်မြိုက်ယဉ်ကျေးစွာ အစိုးရမင်းတို့က ဘွဲ့သစ်ချီတော်မူ ကြောင်းကို ရည်သန်တော်မူ၍ တံဆိပ်ဒင်္ဂါး တစ်ပြားစီ ဆုပေးသနားတော်မူကြောင်း ကြားသိရလေသည်ဟု ပါရှိလေသည်။ ၁၈၇၈ ခုနှစ်တွင် ရန်ကုန်မြို့ ကျုံးကြီးလမ်း၌ မြန်မာသံတော်ဆင့် သတင်းစာကို မန္တလေးမှ သံတော်ဆင့်ကြီး ကိုင်တိုင်ဖွင့်လှစ်၍ ထုတ်ဝေခဲ့၏။ နောင်အခါ ထိုသတင်းစာတိုက်ကို မော်လမြိုင် ကတိုးကော့နှပ်ရွာသား ဦးဘိုးအိုဆိုသူက ဝယ်ယူ၍ ဆက်လက်ထုတ်ဝေသည်။ နှစ်ပေါင်း ၅ဝ ကျော်မျှကြာအောင် ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည်နိုင်ငံရေးခေတ် ထခါစလောက်တွင် ရပ်စဲသွားလေသည်။ အထက် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ မစ္စတာ ရစ်ပလီက ဟံသာဝတီ သတင်းစာကို ထုတ်ဝေခဲ့၏။ ထိုသတင်းစာသည်လည်း နှစ်ပေါင်းအတော်ကြာ ထုတ်ဝေခဲ့ပြီးနောက် မြန်မာပြည် ဒိုင်အာခီ နိုင်ငံရေးခေတ်တွင် ရပ်စဲသွားလေသည်။ မစ္စတာ ရစ်ပလီ မကွယ်လွန်မီ ဗြိတိသျှဘာမား ဦးညွန့်က ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက် အားလုံးကို သိမ်းကျုံး ဝယ်ယူလိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် အမျိုးသားနေ့မှစ၍ ဟံသာဝတီ သတင်းစာကို ဆက်လက်ထုတ်ဝေခဲ့သည်။ မြန်မာပြည် နိုင်ငံရေးခေတ် မထမီက ထုတ်ဝေသော သတင်းစာတို့မှာလည်း မန္တလေးတွင် မြန်မာ့တာရာ သတင်းစာ (ထိုသတင်းစာသည် မြန်မာသံတော်ဆင့် သတင်းစာကဲ့သို့ အသက်ရှည်ခဲ့သော သတင်းစာ ဖြစ်သည်။ မြန်မာ နိုင်ငံရေးခေတ် ထလာသော အချိန်တွင် ရပ်စဲသွားသည်။) ရန်ကုန် ဂေဇက်တိုက်မှ မြန်မာအဆွေ သတင်းစာ၊ မြန်မာ့ဝတီ သတင်းစာ၊ ကူးသန်းရောင်းဝယ်ရေး သတင်းစာမန္တလေးတိုင်း သတင်းစာ၊ မော်လမြိုင်တိုင်း သတင်းစာ၊ ပုသိမ် ဇမ္ဘူမင်္ဂလာ သတင်းစာ၊ မဟာဗောဓိ သတင်းစာ စသည်တို့ ဖြစ်ကြသည်။ ထိုခေတ် ထိုအခါက သတင်းစာများတွင် ပါရှိသော စိတ်ဝင်စားဖွယ် ဖတ်စရာတို့မှာ ဥရောပတိုက် ဗော်လကန် စစ်ပွဲ ကြေးနန်းသတင်းများနှင့် ဗုဒ္ဓအယူဝါဒဆိုင်ရာ စာပေကျမ်းဂန် အယူအဆများနှင့် စပ်လျဉ်း၍ အချေအတင် ရေးသားမှုများ ဖြစ်လေသည်။ ၁၉၁၁ ခုနှစ်တွင် ဦးဘအေးနှင့် ဦးလှဖေတို့က သူရိယ သတင်းစာကို စတင်ထုတ်ဝေကြသည်။ ထိုနှစ်ကား သတင်းစာအားဖြင့် နိုင်ငံရေး မျိုးစေ့ချသော နှစ်ပင်ဖြစ်၏။ ထိုနှစ်မတိုင်မီကလည်း ကွယ်လွန်သူ ဦးမေအောင်က ဗားမင်း အမည်နှင့် သတင်းစာ တစ်စောင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသေးသည်။ ဦးစွာ၌ အင်္ဂလိပ်ဘာသာ သန့်သန့်ဖြင့် ထုတ်ဝေပြီးနောက် အင်္ဂလိပ်တဝက် မြန်မာတဝက်ရော၍ထုတ်ရန် ကြံစည်ခဲ့ရာ အထမမြောက်ချေ။ နောက်ဆုံးတွင် ထိုသတင်းစာကို တောင်ငူ ဦးဘချို ဝယ်ယူသွားပြီးနောက် ကာလအနည်းငယ် ထုတ်ဝေ၍ ရပ်စဲသွားလေသည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး ဖြစ်လာသောအခါ သူရိယ သတင်းစာကို နံနက်ပိုင်းသာ မဟုတ်ဘဲ ညနေပိုင်း အထူးကြေးနန်း သတင်းများကို ထုတ်ဝေခြင်း၊ အထူး စိတ်ဝင်စားဖွယ် ကောင်းသော ဥရောပတိုက် စစ်မြေပုံများနှင့် ရုပ်ပုံများ ဖော်ပြခြင်း စသည်တို့ကြောင့် လည်းကောင်း၊ ဝိုင်၊ အမ်၊ ဘီ၊ အေနှင့်အလားတူ အသင်းသားတို့က ဝိုင်းဝန်း အားပေးကြခြင်း၊ ဆရာတော် ဦးဥတ္တမ၊ ဦးဘစောနှင့် ဦးစိန်ဘ စသော ဝိုင်၊ အမ်၊ ဘီ၊ အေ တရားဟော ဆရာတို့၏ ဟောပြောချက် ဆောင်ရွက်ချက်တို့ကြောင့်လည်းကောင်း၊ ဦးဘဘေနှင့် ဦးလှဖေတို့၏ကြိုးပမ်းမှု ခေတ်စားလျက်ရှိသောကြောင့် လည်းကောင်း သူရိယသတင်းစာမှာ အထူး တိုးတက်ကျော်ကြားလာသည်။ နိုင်ငံရေး လှုပ်ရှားမှုများသည်လည်း သိသိ သာသာကြီး တိုးတက်လာသည်။ ၁၉၁၈ ခုနှစ်တွင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးနှင့် ဦးတင်တို့က ပညာ့အလင်း သတင်းစာကို ထုတ်ဝေကြသည်။ ၁၉၂၂ ခုနှစ်တွင် လှိုင်၊ ပု၊ ကျော်နှင့် ၂၁ ဦးတို့ကွဲရာ လှိုင်၊ ပု၊ ကျော် သပိတ်မှောက်ဂိုဏ်းဘက်မှ ခေါင်းဆောင်၍ အပြင်းအထန် အတိုက်အခံ ရေးခဲ့၏။ ၁၉၁၉ ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာထုတ်ဝေ၏။ ထိုသတင်းစာ အယ်ဒီတာ ဆရာသင်သည် လူဆိုးကြီး ငမိုးလက်ချက်ဖြင့် အသက်ဆုံးရရှာသည်။ ဆရာသင် လူသတ်မှုကြောင့် ၁၉၄၂ ခုနှစ်တွင် ပညာ့အလင်း သတင်းစာတိုက်ရှင် ဦးတင် အဖမ်းခံရပြီးသည့်နောက် မကြာမီပင် သတင်းစာတိုက် အခြေပျက်၍ ရစ်စဲသွားရသည်။ ထိုတခေတ်တွင် နိုင်ငံရေးလှုပ်ရှားမှုကို အကြောင်းပြု လျက် ထွက်ပေါ်လာကြသော သတင်းစာတို့မှာ

  • (၁) …… သူရိယ သတင်းစာ(မူလရှိရင်းဟောင်း)၊
  • (၂) …… ပညာ့အလင်း သတင်းစာ၊
  • (၃) …… မြန်မာ့အလင်း သတင်းစာ၊
  • (၄) …… မြန်မာ့ ဝန်ထမ်း သတင်းစာ၊
  • (၅) ……မော်ဒန် ဘားမားတိုင်း သတင်းစာ၊
  • (၆) …… ကြယ်တံခွန် သတင်းစာ၊
  • (၇) …… မြန်မာလွှတ် သတင်းစာ၊
  • (၈) …… ဝံသာနု သတင်းစာ၊
  • (၉) …… မြန်မာ့ဇေယျာ သတင်းစာ၊
  • (၁ဝ) …… အောင်မြန်မာ သတင်းစာ၊
  • (၁၁) …… ဗ'ုလ သတင်းစာ၊
  • (၁၂) …… သစ္စဝါဒီ သတင်းစာ၊
  • (၁၃) …… မဟောသဓာ သတင်းစာ၊
  • (၁၄) …… မောရိယ သတင်းစာ၊
  • (၁၅) …… မြန်မာ့နေ့စဉ် သတင်းစာ၊
  • (၁၆) ……သခင် သတင်းစာ၊
  • (၁၇) …… မြန်မာ့ယုဝ သတင်းစာ၊
  • (၁၈) …… တိုးတက်ရေး သတင်းစာ၊
  • (၁၉) ……ဆယ်သန်း သတင်းစာ၊
  • (၂ဝ) …… ဒီးဒုတ် နေ့စဉ်သတင်းစာ စသည်တို့ ဖြစ်သည်။

မန္တလေးတွင်

  • (၂၁) ……မြန်မာ့တာရာ သတင်းစာ၊ (ရှိရင်း မူဟောင်း)၊
  • (၂၂) ……အသူရိန် သတင်းစာ၊
  • (၂၃) ……ပဟိုရ်စည်သတင်းစာ၊
  • (၂၄) ……မန္တလေး သူရိယသတင်းစာ၊
  • (၂၅) ……တိုင်းချစ် သတင်းစာနှင့်
  • (၂၆) ……မြန်မာ့ဦးစွန်းသတင်းစာတို့ဖြစ်ကြသည်။

ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော ရန်ကုန်ဂေဇက်နှင့် ရန်ကုန်တိုင်း သတင်းစာတို့ အပြင် အင်္ဂလိပ်ဘာသာဖြင့် ရက်ခြားထုတ်ဝေသော မြန်မာပိုင်နယူးဘားမား သတင်းစာ တစ်စောင်ရှိလေသေးသည်။ အစိုးရကလည်း ဦးစွာ၌ တိုင်းကျိုးသတင်းစာ ထုတ်သည်။ ထိုနောက် သူကြီးဂေဇက်၊ ထိုနောက် ရွှေပြည်တော် သတင်းစာ ထုတ်သည်။

ဂျပန်ခေတ်ပြင်ဆင်

မြန်မာပြည်တွင် ဂျပန်တို့ ကြီးစိုးသွားသည့် သုံးနှစ်အတွင်း ထုတ်ဝေနိုင်သော မြန်မာ သတင်းစာတို့မှာ

  • (၁) ……သူရိယသတင်းစာ၊
  • (၂) ……မြန်မာ့အလင်း သတင်းစာနှင့်
  • (၃) ……ဗမာ့ခေတ် သတင်းစာ (ဒေါက်တာဘမော် အစိုးရက ထုတ်ဝေသည်။) တို့ ဖြစ်ကြ၏။

ဂျပန်ဝင်စ၌ ထားဝယ်မြို့တွင် ထားဝယ်နေ့စဉ် သတင်းစာကို သခင်ကြီးမြင့်တည်းဖြတ်၍ ထုတ်ဝေခဲ့သေးသည်။ ထိုပြင် အင်္ဂလိပ်ဘာသာဖြင့် ဂရိတ်တား အေရှား ခေါ် သတင်းစာကိုလည်း ထုတ်ဝေခဲ့သေး၏။ မြန်မာပြည်သို့ အင်္ဂလိပ်တို့ ပြန်လည်ရောက်ခါစ အခါတွင် အစိုးရက ဝါဒဖြန့်သဘောဖြင့် ထုတ်ဝေကြသော မြန်မာသတင်းစာတို့မှာ

  • (၁) …… ခေတ်သစ် ( ရန်ကုန် )၊
  • (၂) …… ရွှေမန်း အောင်စည် ( မန္တလေး )၊
  • (၃) …… တက်ခေတ်မြန်မာ (သာယာသတီ)၊
  • (၄) …… ရွှေမြိုင်အသံ ( မော်လမြိုင် ) တို့ ဖြစ်၍ ယင်းတို့ကို တိုင်းပြည်လူထုက စိတ်ဝင်စားခြင်းမရှိသည့်ပြင် အစိုးရသည် စက္ကူရှားသည့်အခါတွင် အလဟဿ စက္ကူဖြုန်းနေသည်ဟု ဆူပူရေးသားပြောဆိုကြ၍ ရပ်စဲပစ်လိုက်ရလေသည်။

ထိုပြင် ဗြိတိသျှစစ်အုပ်ချုပ်ရေး၏ ဝါဒစစ်ဆင်ရေး ဌာနမှ ရန်ကုန်လစ်ဗရေးတား အမည်ရှိ အင်္ဂလိပ် သတင်းစာကို ထုတ်ဝေသည်။ နောင်သော် ထိုသတင်းစာကို နျူးတိုင်းအော့ဗားမားဟူသောအမည်ဖြင့် ဆက်လက် ထုတ်ဝေခဲ့သည်။ နျူးတိုင်းအော့ဗားမား သတင်းစာကို လွတ်လပ်ရေးရပြီးသည့်နောက် ကွယ်လွန်သူ ဝန်ကြီး ဦးတင်ထွဋ်၏ အဆက်အနွယ်တို့က အစိုးရထံမျှ တင်ဒါစနစ်ဖြင့် လေလံဆွဲယူလိုက်သည်။ သို့သော် ၁၉၆ဝ ပြည့်နှစ် ဇူလိုင်လကုန်တွင် ရပ်စဲလိုက်ရလေသည်။ ဗြိတိသျှတို့ပြန်လည် ဝင်ရောက်ပြီးသည့်နောက် အမျိုးသားစိတ်ဓာတ်များ ပြန်လည်ဖွံ့ဖြိုးလာပြီးလျှင် လူသုံးများသော အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်းရင်းသားတို့ပိုင် ဗားမင်း သတင်းစာပေါ်ပေါက်လာပြန်သည်။ အခြား အင်္ဂလိပ်သတင်းစာ တစ်စောင်မှာ ရန်ကုန်မီရာ သတင်းစာဖြစ်သည်။ ထိုနောက်တွင်လည်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဒေးလီမော်နီတာသတင်းစာနေးရှင်း သတင်းစာဂါဒီယန် သတင်းစာနှင့် ယူနီယန် အိပ်စပရက် သတင်းစာတို့ ပေါ်ပေါက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာပြည်သို့ ပြန်လည် ရောက်ရှိလာသော တစ်နှစ်အတွင်းထုတ်ဝေကြသော သတင်းစာတို့မှာ

  • (၁) ……သူရိယ သတင်းစာ၊
  • (၂) ……မြန်မာ့ အလင်း သတင်းစာ၊
  • (၃)……ဗမာ့ခေတ် သတင်းစာ၊
  • (၄) ……လမ်းညွှန် သတင်းစာ၊
  • (၅) ……လွတ်လပ်ရေး သတင်းစာ၊
  • (၆) ……သံတော်ဆင့် သတင်းစာ(သစ်)၊
  • (၇) ……ဟံသာဝတီ သတင်းစာ၊
  • (၈) ……မျိုးစောင့် သတင်းစာ၊
  • (၉) ……ရှေ့ဆောင် သတင်းစာ၊
  • (၁ဝ) ……ပြည်သူ့ သတင်းစာ၊
  • (၁၁) ……သခင် သတင်းစာနှင့်
  • (၁၂) ……ပြည်သူ့အာဏာ သတင်းစာ စသည်တို့ဖြစ်ကြသည်။

ထိုနောက် ပေါ်ပေါက်လာသော သတင်းစာတို့မှာ

  • ……ရန်ကုန် သတင်းစာ၊
  • ……စီးပွားရေး သတင်းစာ၊
  • ……ကွန်မြူနစ် သတင်းစာ၊
  • ……ဟစ်တိုင် သတင်းစာ၊
  • ……သမာဓိ သတင်းစာ၊
  • ……တိုးတက်ရေး သတင်းစာ၊
  • ……အိုးဝေ သတင်းစာ စသည်တို့ ဖြစ်ကြ၏။

တစ်ဖန် နောက်ထပ် ပေါ်လာပြန်သော သတင်းစာများမှာ

  • ……ထွန်းနေ့စဉ် သတင်းစာ၊
  • ……ကြေးမုံ သတင်းစာ၊
  • ……မဏ္ဍိုင် သတင်းစာ၊
  • ……ပြည်ထောင်စု သတင်းစာ၊
  • ……ဘွင်းဘွင်း သတင်းစာ၊
  • …… နှစ်ဘက်ချွန် သတင်းစာ၊
  • ……ဗိုလ်တထောင် သတင်းစာ၊
  • ……အထောက်တော် သတင်းစာ၊
  • ……ယုဝတီ သတင်းစာ၊
  • ……မိုးကြိုး သတင်းစာ၊
  • ……အမျိုးသား နေ့စဉ် သတင်းစာ စသည်တို့ ဖြစ်ကြလေသည်။

မန္တလေးမှလည်း

  • ……လူထု သတင်းစာ၊
  • ……မန္တလေး သူရိယ၊
  • ……ပဟိုရ်စည်၊
  • ……တိုင်းချစ် သတင်းစာတို့ ထုတ်ဝေ ကြသည်။

၁၉၆၄ ခုနှစ် မေလ ၁၈ ရက်နေ့၌ နေရှင်းသတင်းစာ ရပ်စဲသွားသည်။ ထိုနှစ်အတွင်းမှာပင် စက်တင်ဘာလ ၁ ရက်နေ့၌ ကြေးမုံ သတင်းစာကိုလည်းကောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့၌ ဗိုလ်တထောင် သတင်းစာကို လည်းကောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဂါဒီယန်း နေ့စဉ် သတင်းစာကိုလည်းကောင်း တော်လှန်ရေး အစိုးရက ပြည်သူပိုင် ပြုလုပ်ခဲ့သည်။ ထို့ပြင် တော်လှန်ရေးအစိုးရ ပြန်ကြားရေးဌာနမှ လုပ်သားပြည်သူ နေ့စဉ်သတင်းစာကို မြန်မာဘာသာဖြင့် ၁၉၆၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၌လည်းကောင်း စတင်ထုတ်ဝေခဲ့သည်။ နိုင်ငံခြား သတင်းဖြန့်ချိရေးဌာနများနှင့် စာချုပ်ချုပ်ဆို၍ နိုင်ငံခြားကြေးနန်းသတင်းများကို တော်လှန်ရေး အစိုးရ ပြန်ကြားရေးဌာန၏ မြန်မာ့သတင်းစဉ် (ပြည်ပ) က ၁၉၆၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှ အစပြု၍ ဖြန့်ချိခဲ့သည်။ နိုင်ငံခြားမှ ရေဒီယို သတင်းဓာတ်ပုံများကိုလည်း ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ အစပြု၍ မြန်မာ့ သတင်းစဉ် (ပြည်ပ) က ဖြန့်ချိခဲ့သည်။ ပြည်တွင်းသတင်း ဓာတ်ပုံများကို ရေဒီယိုဖြင့် ပို့သည့်လုပ်ငန်းကို ၁၉၆၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့သည်။[၁]

ဆက်စပ်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)