ဦးမော်သန်း (၁၉၃၉ - ၂၀၂၁) သည် မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဘောဂဗေဒ ပညာရှင် ဖြစ်သည်။သူသည် ရန်ကုန်စီးပွားရေးတက္ကသိုလ် ၏ ပါမောက္ခချုပ် လည်းဖြစ်ခဲ့ပြီး ၊ ဦးသိန်းစိန်အစိုးရအဖွဲ့၏ နိုင်ငံတော်သမ္မတ စီးပွားရေးနှင့် လူမှုရေးကောင်စီ နာယက ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာ အဖွဲ့ဝင် အစရှိသည့် တာဝန်များအပြင် သမ္မတဦးထင်ကျော်၊သမ္မတဦးဝင်းမြင့် လက်ထက် ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။[၁]

ဦးမော်သန်း
ပြည်ထောင်စုစာရင်းစစ်ချုပ်
တာဝန်သက်တမ်း
၆ ဧပြီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ခန့်အပ်သူဦးထင်ကျော်
သမ္မတဦးထင်ကျော်
ဦးဝင်းမြင့်
ယခင်လူမျိုးမြင့်
ဆက်ခံသူဒေါက်တာ ကံဇော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်
တာဝန်သက်တမ်း
၂၀၁၃ – ၂၀၁၆
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1939 -08-28)ဩဂုတ် ၂၈၊ ၁၉၃၉
မုံရွာမြို့နယ်ခိုးသန်းရွာ
ကွယ်လွန်ဩဂုတ် ၆၊ ၂၀၂၁(2021-08-06) (အသက် ၈၁)
ရန်ကုန်မြို့
လူမျိုးမြန်မာ
ကြင်ဖော်(များ)သန်းသန်းအေး
သားသမီးနန်းခမ်းနုမော်
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ်
ကျွမ်းကျင်မှုစီးပွားရေးကျွမ်းကျင်သူ
ဘောဂဗေဒပညာရှင်

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

အဖ ဦးအောင်၊အမိ ဒေါ်ယဉ် တို့က သူ့အား ၁၉၃၉ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ခိုးသန်းရွာ တွင် မွေးဖွားခဲ့သည်။[၂] မွေးချင်း ၈ ယောက်ရှိသည်။ ငယ်စဉ်က မန္တလေးမြို့ရှိ စိန့်ပီတာကျောင်းတွင် ပညာသင်ကြားသည်။မန္တလေးမြို့ မှ ပင် ဆယ်တန်းအောင်သည်။ ရန်ကုန်တက္ကသိုလ် မှ B.Com,BL ဘွဲ့ရသည်။ယင်းနောက် စီးပွားရေးတက္ကသိုလ် တွင် သင်ကြားရေးပိုင်း ဖြင့် အလုပ်ဝင်သည်။ ရာထူးအဆင့်ဆင့်တိုးသည်။ သူသည် စီးပွားရေးတက္ကသိုလ် တွင် သာ ပါမောက္ခချုပ် ဖြစ်သည်အထိ တစ်စိုက်မတ်မတ် အလုပ်လုပ်ခဲ့သူလည်း ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တာဝန်မှအငြိမ်းစားယူခဲ့သည်။

အခြားတာဝန်များ ပြင်ဆင်ရန်

ဦးမော်သန်း သည် ပါမောက္ခချုပ် အဖြစ် မှ အငြိမ်းစားယူပြီးနောက် မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဘောဂဗေဒ ပညာရှင် တစ်ဦး အဖြစ် ဘဝကို ဆက်လက် ဖြတ်သန်းခဲ့သည်။ တပ်မတော်အစိုးရ တစ်ရပ်ဖြစ်သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် တွင် ၎င်းဖြတ်သန်းနေထိုင်နေရသော်လည်း ပြည်ပ သတင်းမီဒီယာ များ၏ အမေးများအား မငြင်းဆန်ဘဲ ရဲရဲဝံ့ဝံ့ လက်ခံ ဖြေကြားပေးခြင်း ကိုလည်း ဆောင်ရွက်ခဲ့သည်။[၃] ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာလများတွင်လည်း နိုင်ငံ၏စီးပွားရေးအား ဆက်လက် ထောက်ပြဝေဖန်အကြံပြု ခြင်း များ ဆောင်ရွက်ခဲ့သည်။[၄] [၅] ၂၀၁၂ ခုနှစ် အရောက်တွင် သမ္မတဦးသိန်းစိန် က သူ့အား နိုင်ငံတော်သမ္မတ စီးပွားရေးနှင့် လူမှုရေးကောင်စီ နာယက အဖြစ် တာဝန်ပေးသည်။[၆] သူသည် ၂၀၁၃ ခုနှစ် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ဒါရိုက်တာ အဖွဲ့ဝင် ဖြစ်လာသည်။ ထိုတာဝန်များအား ၂၀၁၆ ခုနှစ် အထိ ထမ်းဆောင်ခဲ့သည်။[၇]


ပြည်ထောင်စုစာရင်းစစ်ချုပ်ဖြစ်လာပုံ ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတ ဦးထင်ကျော် က သူ့အား ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်လိုကြောင်း ၂၀၁၆ ခုနှစ် ဧပြီ ၄ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် တွင် အဆိုတင်သွင်းသည်။[၈] ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့၍ ၂၀၁၆ ခုနှစ် ဧပြီ ၆ရက်နေ့ တွင် စတင်တာဝန် ထမ်းသည်။ ထိုတာဝန် ကို ၂၀၂၁ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် နေ့ မနက်ပိုင်း အထိ ထမ်းဆောင်ခဲ့သည်။


ထင်ရှားဖြစ်ရပ်များ ပြင်ဆင်ရန်

ပြည်ထဲရေးဝန်ကြီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ ရဲတပ်ဖွဲ့ ၄ ခု ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့သည့် ကိစ္စရပ်[၉] နှင့် တရုတ်ချေးငွေများ အတိုးနှုန်းမြင့်၍ သတိထားသုံးစွဲရန် တိုက်တွန်းသည့် ကိစ္စရပ်[၁၀] အပါအဝင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များ သုံးစွဲခဲ့သည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ စာရင်းအချို့ ဥပဒေနှင့် မကိုက်ညီသည့်ကိစ္စရပ်[၁၁] များ အပေါ် အစီရင်ခံစာ တင်သွင်းမှု နှင့် ပြောကြားချက်များက လူအများစိတ်ဝင်စားစရာဖြစ်ခဲ့ရသည်။

မိသားစုဘဝ ပြင်ဆင်ရန်

၁၉၅၉ ခုနှစ် တွင် ဒေါ်သန်းသန်းအေး (ခ) မာလွင်နှင့် အိမ်ထောင်ပြုသည်။ နန်းခမ်းနုမော် ဆိုသည့် သမီး တစ်ဦး ထွန်းကားသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

၂၀၂၁ ခုနှစ် ဇူလိုင်လ တွင် ၎င်းသည် ကိုဗစ်-၁၉ ရောဂါဝေဒနာအား ပြင်းထန်စွာ ခံစားခဲ့ရသည်။ရောဂါကူးစက်မှုဒဏ် ကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း နောက်ဆက်တွဲသက်ရောက်မှု များကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၆ ရက် တွင် ဘဝနိဂုံး ချုပ်ခဲ့သည်။[၁၂]

ကိုးကား ပြင်ဆင်ရန်

  1. ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)ကျင်းပMyanmar Digital News (၂၄ ဧပြီ ၂၀၁၉)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အသစ်ခန့်မည့်ဝန်ကြီး၂ ဦး၏ ကိုယ်ရေးအကျဉ်းDVB (၄ ဧပြီ ၂၀၁၆)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. အမေရိကန် အရေးယူမှုစာရင်းမှာ စစ်အစိုးရနှင့်ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတချို့ ထပ်မံထည့်သွင်းVOA Burmese (၃၀ ဇူလိုင် ၂၀၀၈)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စီးပွားရေး တကယ့်အပြောင်းအလဲ ဖြစ်နေပြီလားBBC Burmese (၈ အောက်တိုဘာ ၂၀၁၁)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်RFA Burmese (၂၈ မတ် ၂၀၁၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်RFA Burmese (၂၆ မေ ၂၀၁၂)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ (၂၀၁၃-၂၀၁၆)CBM။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ဝန်ကြီးသစ်နှင့် ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် အမည်စာရင်းလွှတ်တော်၌ တင်သွင်းDVB (၄ ဧပြီ ၂၀၁၆)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  9. ရဲတပ်ဖွဲ့ ၄ ခုက ကျပ်သိန်း ၆ ထောင်ကျော် အလွဲသုံးစားလုပ်ခဲ့BBC Burmese (၁၇ ဒီဇင်ဘာ၂၀၁၉)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  10. တရုတ်ချေးငွေတွေ အတိုးနှုန်းမြင့်လို့ သတိထားသုံးစွဲဖို့ စာရင်းစစ်ချုပ်ပြောRFA Burmese (၈ ဇွန် ၂၀၂၀)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  11. ယခင် အစိုးရ တိုင်းနှင့် ပြည်နယ် ရန်ပုံငွေ စာရင်းများ မကိုက်ဟု စာရင်းစစ်ချုပ်ပြောThe Irrawaddy (၁၆ ဇန်နဝါရီ ၂၀၁၈)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်း ဦးမော်သန်း COVID-19 နောက်ဆက်တွဲ ရောဂါဖြင့်ကွယ်လွန်Eleven Media Group (၆ ဩဂုတ် ၂၀၂၁)။ ၁ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။