မျောက်လုပ်
Artocarpus lacucha | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Moraceae |
မျိုးဇာတ်: | Artocarpeae |
မျိုးစု: | Artocarpus |
မျိုးစိတ်: | A. lacucha
|
ဒွိနာမ | |
Artocarpus lacucha | |
Synonyms | |
|
မျောက်လုပ်ပင်၏ ရုက္ခဗေဒ အမည်မှာ Artocarpus lakoocha ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် တွေ့ရှိရလေ့ရှိသည်။[၁] သစ်ပင်အမြင့် ပေ ၆ဝ အထိရှိ၍ အကိုင်းအခက်အရွက်တို့ဖြင့် ဝေဝေဆာဆာ အုပ်အုပ်ဆိုင်းဆိုင်း ပေါက်ရောက်တတ်သော မျောက်လုပ်ပင်များကို အောက်မြန်မာနိုင်ငံရှိ သစ်တောများ၌ လည်းကောင်း၊ ဥယျာဉ်များတွင် တခါတရံ စိုက်ပျိုးထားကြသည်ကိုလည်းကောင်း တွေ့ကြရသည်။ မျောက်လုပ်ပင်တို့သည် အပင်ကြီးမျိုးဖြစ်၍ စိမ်းလန်းသော အရွက်တို့ဖြင့် အရိပ်ကောင်းရသော အပင်များဖြစ်ကြသည်။ မျောက်လုပ်ပင်သည် ပိန္နဲပင်၊ ပေါင်သီးပင်တို့နှင့်အတူ မိုရေးစီအီး မျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒ အလိုအားဖြင့် ယင်းကို အာတိုကားပပ် လာကူချာ ဟုခေါ်သည်။ မျောက်လုပ်ပင်ကို နေရာတကာ အနှံ့အပြား၌ စိုက်ပျိုးကြသောကြောင့် ယင်း၏ မူလပေါက်ရောက်ရာ ဒေသအမှန် တပ်အပ်သေချာ မပြောနိုင်ပေ။ ဟိမဝန္တာတောင်ခြေ တစ်လျှောက် ဩရိဿပြည်နယ်နှင့် အနောက်ဂတ်တောင်ဒေသတို့တွင် အလေ့ကျပေါက်လျက်ရှိသည်ကို တွေ့ရသည်။ သီဟိုဠ်ကျွန်းနှင့် မလ္လာယုကျွန်းဆွယ်တို့၌လည်း တွေ့ရသည်။
မျောက်လုပ်ပင်၏ အရွက်များသည်ထူ အလျား ၆ လက်မမှ ၁ဝ လက်မအထိ၊ အနံ ၃ လက်မမှ ၅ လက်မအထိရိသဖြင့်ဝိုင်းရှည်ရှည်ဖြစ်သည်။ အရွက်၏ အပေါ်ဘက်သည် အစိမ်းရင့်ရောင်ဖြစ်၍ ပြောင်ချောသည်။ အောက်ဘက်တွင်ကား အမွေးနုကလေးများရှိသည်။ အပွင့်များသည် သေး၍ ပိန္နဲပွင့်များကဲ့သို့ အဖိုအမ နှစ်မျိုးကွဲသည်။ ပွင့်ဖိုများသည် အတက်ဟောင်းများပေါ်၌ ပွင့်၍ အပွင့်တစ်ပွင့်တွင် ဝတ်ဆံဖို တံငယ်တစ်ခုစီနှင့် ပွင့်ချပ် ၂ ခုမှ ၄ ခုအထိပါသည်။ ပွင့်မများကား အတက်သစ်ပေါ်၌ ပွင့်၍ အပွင့်တစ်ပွင့်တွင် ဝတ်ဆံမ တစ်ခုစီပါ ပြွန်ပုံပါဖတ်အုံအတွင်း၌ ငုံလျက်ရှိသည်။
အသီး၏ ပုံသဏ္ဌာန်သည် ပုဝိုင်းဝိုင်း၊ လူ၏လက်သီးဆုပ်ခန့်ရှိ၍ အချင်း ၃ လက်မမှ ၄ လက်မအထိ ရှိသည်။ မညီညာသော အသီးခွံသည် ချော၍ ကတ္တီပါသားကဲ့သို့ ရှိသည်။ အသီးမှည့်လာသောအခါ အရောင်ဝါလာသဖြင့် စားကြသည်။ မျောက်လုပ်သီး အနုများကို ပိန္နဲသီးအနုများကဲ့သို့ အချို့ ဟင်းချက်၍ လည်းကောင်း၊ ပြုတ်ပြီးသော် တို့စရာအဖြစ်လည်းကောင်း စားသုံးကြသည်။ အပွင့်များသည် မတ်လနှင့် ဧပြီလများတွင်ပွင့်ကြ၍ အသီးများကား မိုးရာသီ ဇွန်နှင့်ဇူလိုင်လများ၌ မှည့်ကြသည်။ မျောက်လုပ်ခေါက်သည် နီညိုရောင်ရှိ၍ အပင်အိုလာသောအခါ ကြမ်း၍ အကြေးအဖတ်များ ပေါ်လာသည်။ ကွမ်းသီးရှားပါးသောအခါ ကွမ်းသီးအစားမျောက်လုပ်ခေါက်ကို ကွမ်းသီးအဖြစ် စားကြသည်။ ကွမ်းသီးအရသာကဲ့သို့ ရှိသည်။
အစေ့များကို ပျိုး၍ မျောက်လုပ်ပင်ကို စိုက်ကြသည်။ အစေ့များသည် ကြာရှည်မခံသောကြောင့် လတ်လတ်ဆတ်ဆတ်စိုက်ပျိုးရသည်။ မြေအိုးများ၊ ခြင်းတောင်းများ၌ အစေ့များကို ဦးစွာပျိုးပြီးနောက်မှ လိုသည့်နေရာ၌ ပြောင်းရွှေ့စိုက်နိုင်သည်။ တစ်အိုးတစ်အိုးတွင် သုံးလေးစေ့ထည့်၍ ပျိုးပြီးလျှင် အပင်တက်လာသောအခါ သန်သော အပင်ကြီးတစ်ပင်ကို ချန်လှပ်၍ အခြားအပင်များကို နုတ်လိုက်ရသည်။ အတော် အသင့်ကြီးလာသောအခါမှ စိုက်လိုရာ၌ အမြဲစိုက်သင့်ပေသည်။ မျောက်လုပ်ပင်သည် ပိန္နဲပင်လောက် အရိပ်ကောင်းမရနိုင်သော်လည်း ပို၍အကြီးမြန်သော သစ်ပင်ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝှန်းလုံး၌ စိုက်ပျိုးထားကြသည်။ မျောက်လုပ်ပင်တို့သည် နွေအခါတွင် ပင်လုံးကျွတ်မျှ ရွက်ဟောင်းများကြွေ၍ ရက်အနည်းငယ်အတွင်းတွင် ရွက်သစ်ရွက်နုများ ထွက်လာတတ်သောကြောင့် လမ်းဘေးတလျှောက်၌ အရိပ်ရရန် စိုက်ပျိုး ထားတတ်ကြသည်။
မျောက်လုပ်သား၏ အရောင်မှာ ညို၍ ပြုပြင်ရလွယ်သော သစ်သားဖြစ်သည်။ အသားသေအောင် ပြုလုပ်ရ လွယ်ကူသည့်ပြင် လက်လာအောင် အရောင်တင်နိုင်သော သစ်သားလည်းဖြစ်သောကြောင့် အိမ်အသုံးအဆောင်များလုပ်ရာ၌ အလွန်အသုံးဝင်သည်။ ကြာရှည်ခံသော သစ်သားဖြစ်သည်သာမက ခြကောင်တို့ မဖျက်ဆီးနိုင်သဖြင့် အိမ်တိုင်၊ ထုတ်လျောက်များ၊ လှေများ၊ လှော်တက်များ၊ ရေတွင်းဘောင်များ ပြုလုပ်ရန် နှင့် ကြံကြိတ်ဆုံများအတွက် အထူးသင့်လျော်သည်။
မျောက်လုပ်ပင် အမြစ်မှ အဝါရောင် ဆိုးဆေးရသည်။ မျောက်လုပ်သီးမှ ရသော အရည်နှင့် အစေ့တို့ကို ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုနိုင်သည် မျောက်လုပ်သီးမှည့်သည် အရသာအားဖြင့် ချိုသည်ဖြစ်၍ သည်းခြေနာကို နိုင်သည်။ မျောက်လုပ်သီးစိမ်းမူကားအရသာအားဖြင့် ချဉ်သည် ဖြစ်၍ သလိပ်၊ သည်းခြေကို ပျက်စေတတ်သည်။ မျောက်လုပ်ပင်ကို မျောက်လောင်းပင်ဟုလည်း ခေါ်သည်။ တနင်္သာရီတောင်ပိုင်းတွင် မျောက်လုပ်နီပင်ဟု ခေါ်သော အပင်တစ်မျိုးပေါက်ရောက်သည်။[၂]