စပါးမျိုးရင်း

(မြက်ပင် မှ ပြန်ညွှန်းထားသည်)

လူနှင့် တိရစ္ဆာန်တို့သည် မြက်ပင်များကို မှီ၍ အသက်ရှင်နေကြသည်ဟု ဆိုရချေမည်။ စပါးပင်၊ ရိုင်းစပါးပင်၊ မြင်းစားဂျုံပင်၊ မုယောပင်၊ နှံစားပြောင်းပင်၊ ဖူးစားပြောင်းပင်နှင့် ကြံပင်တို့သည် စင်စစ်အားဖြင့် လူတို့ စားသုံးရန်အတွက် ပြုပြင်ထားသောမြက်ပင်များ ဖြစ်ကြသည်။ မြက်ရိုင်းများမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့၏ အစာဖြစ်၍ ထိုတိရစ္ဆာန်များကို လူတို့ကတဖန် ပြန်လည်အသုံးချရသဖြင့် မြက်ယဉ်၊ မြက်ရိုင်းနှစ်မျိုးစလုံးသည် လူတို့အတွက် အလွန် အသုံးဝင်သော အပင်များ ဖြစ်ကြသည်။ ဤမျှမကသေးမြက်ပင်တို့သည် သစ်ပင်ကြီးများနှင့် အကြီးနှေးသော အပင်များ မြေဆီလွှာတွင် မြဲမြံစွာ အမြစ်မစွဲမီ မြေကြီးကို အမြစ်သေး အမြစ်မွှားတို့ဖြင့် စုချုပ်စည်းနှောင်ထားလေသည်။ မိုး၊ ရေ၊ လေတို့ကြောင့် မြေကြီးကို တိုက်စားသွားခြင်း၊ မြေကျွံခြင်းအန္တရာယ်တို့ကို မြက်ပင်များက ကာကွယ်ပေး၏။ ထိုကြောင့် မြက်ပင်များသည်

သစ်ပင်ကြီးများ၏အမြစ်များကို ဖုံးအုပ်ကာကွယ်ထားလေသည်။ အဆောက်အအုံများ၊ လမ်းများ၊ ဝင်းခြံစည်းရိုးများ မြေထဲသို့ ကျွံကျ၍မသွားရအောင် မြက်ပင်များကပင် အခြေခံမြေကို ခိုင်မြဲစေလေသည်။ ပထမက သဘာဝ အလျောက် ပေါက်ရောက်လျက် ရှိနေသော ကမ္ဘာပေါ်ရှိ မြက်ခင်းကြီးများမှာ ရုရှနိုင်ငံရှိ စတက် မြက်ခင်း၊ မြောက်အမေရိကတိုက်ရှိ ပရေရီမြက်ခင်းပြင်၊ တောင်အမေရိကတိုက်ရှိ ပမ်းပပ် မြက်ခင်းနှင့် ဩစတြေးလီးယားတိုက်ရှိဒေါင်းမြက်ခင်းကြီးများ ဖြစ်သည်။ ဂရင်းလန်းကျွန်းနှင့် အန္တာတိကတိုက်တို့ကို ဖယ်လိုက်ပါက ဆာဗားနားမြက်ခင်းပြင်ကဲ့သို့သောမြက်ခင်းပြင်များတွင် မြက်ပင်တို့သည် အဓိကကြီးစိုးပြီး ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၄၀.၅ ရာခိုင်းနှုန်းရှိသည်ဟုဆိုသည်။[] ဤကဲ့သို့ ကျယ်ပြန့်သော သဘာဝ မြက်ခင်းကြီးများ ရှိခြင်းကြောင့် ထိုတိုင်းပြည်များတွင် တိရစ္ဆာန်မွေးမြူခြင်းလုပ်ငန်းမှာ တိုးတက်လျက်ရှိသည်။ လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသော တိုင်းနိုင်ငံတို့တွင် ကျွဲစားကျက်၊ နွားစားကျက်များကို အထူးတလည် ထားရှိရသည်။ မြက်စိုများကို အာဟာရဓာတ် မပျက်ပြားစေဘဲ ခြောက်သွေ့လာအောင် ပြုလုပ်ပေးနိုင်သည့်စက်ကို တီထွင်လိုက်ခြင်းဖြင့် ယခင်ကကဲ့သို့ လယ်လုပ်သူတို့သည် တိရစ္ဆာန်အစာအတွက် မပူပင်ရသည့်ပြင်၊ နိုင်ငံခြားမှ နှမ်းဖတ် ကဲ့သို့သော အစာများကို ဝယ်ယူရသည့် ကုန်ကျစရိတ်ကိုလည်း များစွာ သက်သာလာစေသည်။ မြက်ပင်များသည် မြေမရွေး၊ ရာသီဥတု အခြေအနေမရွေး ပေါက်ရောက်နိုင်သော အပင်များဖြစ်ရာ၊ အပူပိုင်းဇုန်၊ သမပိုင်းဇုန်၊ အအေးပိုင်းဇုန်စသည့် ဇုန်အသီးအသီးတို့တွင် အနှံ့အပြား တွေ့ရှိရသည်။ အပူပိုင်းတွင် အလွန်မြင့်မားသော ဝါးပင်ကြီးများနှင့် အခြားမြက်ပင်များကိုလည်းကောင်း၊ သမပိုင်းတွင် အလတ်စား မြက်ပင်များကိုလည်းကောင်း၊ အအေးပိုင်းရှိ ဆီးနှင်းအတိ ဖုံးလွှမ်းလျက်ရှိသော မြေပြင်တွင် ကပ်လျက် ပေါက်နေသည့် မှော်ပင်ကလေးများကိုလည်းကောင်း တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် မြက်ပင်မျိုးပေါင်း ၄ဝဝဝ ကျော်မျှ ရှိသည်။ ထို့ပြင် မြက်ပင်များသည် အပင်လောကတွင် ရှေးအကျဆုံးအပင်များထဲ၌ အပါအဝင်ဖြစ်၏။ မြေကျန်၊ မြေလပ်၊ မြေလွတ်များ၌လည်း မြက်ပင်များသာလျှင် အလျင်ဦးစွာ ပေါက်ရောက်ကြသည်ကို တွေ့ရှိရသည်။ နေပူရှိန်ပြင်းလွန်းသည့် အခါ၌ ဖြစ်စေ၊ ရာသီဥတုအေးမြလွန်းသည့်အခါ၌ ဖြစ်စေ၊ မြက်ပင်များသည် စိမ်းလန်းစိုပြည်နေရာမှ နွမ်းအိ၊ ရိယော်လာလျက် အရွက်များ ပျက်ကြွေကြလေသည်။ ယင်းတို့အရွက်များ ဆွေးမြည့်ကြခြင်းဖြင့် မြေဩဇာဓာတ်ကို ဖြည့်လောင်းပေးကြသည်။

မြက်ပင်မျိုးရင်း၏ ရုက္ခဗေဒအမည်မှာ ဂရာမင်းနီအီး (Gramineae) ဖြစ်ပြီး မျိုးစိတ်ပေါင်း ၁၂၀၀၀ ထိရှိသည်။[] မြက်ပင်နှင့် အခြားအပင်များ ကွဲပြားခြားနားချက်များမှာ မြက်ပင်တို့၏ ပင်စည်တွင် အဆစ်များရှိခြင်း၊ အဆစ်တစ်ဆစ်တွင် အရွက်တစ်ရွက်စီပင်စည်၏ တဖက်တချက်၌ ထွက်နေခြင်း၊ များသောအားဖြင့် မြက်ပင်တို့၏ ပင်စည်မှာ ခေါင်းပွ ဖြစ်ခြင်းတို့ ဖြစ်သည်။ အချို့မြက်ပင်မျိုး၌သာ ပင်စည်၏ အခေါင်းတွင် အနှစ်ပျော့ပျော့များပြည့်လျက် ရှိသည်ကို တွေ့ရသည်။ မြက်ပင်များသည် အကြီးမြန်သော အပင်မျိုးဖြစ်၍ အချို့မြက်ပင်ကြီးများသည် ၂၄ နာရီ အတွင်း ၂ ပေမှ ၃ ပေကျော်အထိပင် မြင့်မားလာနိုင်ကြပေသည်။ ဝါးပင်ကြီးများဆိုလျှင် ၂ လ၊ ၃ လအတွင်း ပေ ၁ဝ အထိပင် ကြီးမြင့်၍လာသည်ကိုတွေ့ရှိရသည်။ ထို့ပြင် မြက်ပင်များသည်ရေ၊ မိုးပါးရှားသည့်ဒဏ်ကိုလည်း အထူးခံနိုင်ရည်ရှိကြပေသည်။ အချို့ ခြံဥယျာဉ်များ အတွင်း၌ မြက်ခင်းများကို ဂရုစိုက်၍ ပြုပြင်လျက် ထားရှိကြသည်။ အိမ်ရှေ့ မျက်နှာစာနှင့် အိမ်ဘေးတို့တွင် မြက်ပင်များကို တမင်တကာ စိုက်ပျိုးထား၍ ရေမှန်မှန်လောင်းပေးခြင်း၊ အရွက်များ တညီတညာတည်းရှိအောင် မြက်ဖြတ်စက်ဖြင့် ဖြတ်ပေးခြင်း၊ ဒလိမ့်တုံးဖြင့် လှိမ့်ပေးခြင်း စသည်တို့ကို အစဉ်တစိုက် ပြုလုပ်ပေးခြင်းဖြင့် အိမ်၏ တင့်တယ်ခြင်းကို ဆောင်ပေသည်။ သာမန်မြက်ပင်များအပြင် ငှက်မွှေး ငှက်တောင်ကဲ့သို့ အပွင့်များ ပွင့်တတ်သော မြက်ပင်များလည်း ရှိပေသေးသည်။ အချို့ခြံဥယျာဉ်များတွင် ဤမြက်လှပင်များကို ပန်းပင်၊ ပန်းခြံပင်များနှင့် ရောယှက်၍ အလှစိုက်ပျိုးထားတတ်ကြသည်။[]

  1. "Dinosaur-associated Poaceae epidermis and phytoliths from the Early Cretaceous of China" (2018). National Science Review 5 (5): 721–727. doi:10.1093/nsr/nwx145. 
  2. Angiosperm Phylogeny Group (2009). "An update of the Angiosperm Phylogeny Group classification for the orders and families of flowering plants: APG III". Botanical Journal of the Linnean Society 161 (2): 105–121. doi:10.1111/j.1095-8339.2009.00996.x. 
  3. "The Linear Angiosperm Phylogeny Group (LAPG) III: a linear sequence of the families in APG III" (October 2009). Botanical Journal of the Linnean Society 161 (2): 128–131. doi:10.1111/j.1095-8339.2009.01000.x. 
  4. Reynolds၊ S.G.။ Grassland of the world။ 2016-09-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2016-10-04 တွင် ပြန်စစ်ပြီး။
  5. "The number of known plants species in the world and its annual increase" (2016). Phytotaxa 261 (3): 201–217. doi:10.11646/phytotaxa.261.3.1. 
  6. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)