တေးရေး မြင့်မိုးအောင် သည် မြန်မာနိုင်ငံသား တေးရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်သည်။ တေးရေး မြင့်မိုးအောင် သည် ၁၉၉၂ ခုနှစ်တွင် ဂီတလောကသို့ စတင်ရောက်ရှိခဲ့ပြီး နာမည်ကျော်တေးသံရှင်များအတွက် တေးသီချင်းများစွာရေးသားခဲ့သည့်အပြင် ရုပ်ရှင်ဗွီဒီယို သီချင်း၊ ရုပ်သံဇာတ်လမ်းတွဲသီချင်းနဲ့ ကြော်ငြာ သီချင်းများစွာကိုလည်း ရေးသားဖန်တီးထုတ်လုပ်ခဲ့ပါသည်။ Melody World , အိပ်မက်ဆုံရာ ၊ ရာသက်ပန် အစရှိသော သီချင်းဆိုပြိုင်ပွဲများတွင်လည်း အကဲဖြတ်ဒိုင်အဖြစ် အချိန်ကြာမြင့်စွာဆောင်ရွက်ခဲ့ပြီး Living Songs , Fashion Music Festival , Forever Music Tribute အစရှိသော ရုပ်သံဂီတ အစီအစဉ်များတွင်လည်း Director , Producer , Music Producer အဖြစ် နှစ်ပေါင်းများစွာ စီစဉ်ထုတ်လုပ်ခဲ့သူလည်းဖြစ်ပါသည်။၂၀၀၈ နိုဝင်ဘာလ၌ ပြုလုပ်ခဲ့သော အာဆီယံ ၁ဝ နိုင်ငံ အမျိုးသား သီချင်း (Anthem) ပြိုင်ပွဲတွင် ကိုယ်တိုင် ရေးသားခဲ့သော "When We Are One" သီချင်းနှင့် ဆန်ခါတင်အဆင့် အထိ ပါဝင် အရွေးခံခဲ့ရသူ ဖြစ်သည်။

မြင့်မိုးအောင် (Myint Moe Aung) Myint Moe Aung Profile Photo
မွေးဖွား (၁၉၆၄-0၄-၂၃) ဧပြီ ၂၃၊ ၁၉၆၄ (အသက် ၅၉)
ဟင်္သာတမြို့
ပညာရေးဝါဏိဇ္ဇဗေဒ (B.Eco.)
မိဘ(များ)အဖ ဦးကြည်လှိုင်၊ အမိ ဒေါ်ခင်လေးမြင့်

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

တေးရေးဆရာ ကဗျာဆရာ မြင့်မိုးအောင်အား ၁၉၆၄ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် အဖ ဦးကြည်လှိုင်၊ အမိ ဒေါ်ခင်လေးမြင့်တို့က ဟင်္သာတမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ၅ နှစ် အရွယ် ကျောင်းနေချိန်မှ စပြီး ပုသိမ်မြို့မှာ နေထိုင် ကြီးပြင်းခဲ့သည်။ ၁၉၈ဝ အထိ ပုသိမ် အထက (၂)၊ ၁၉၈၂ အထိ ပုသိမ် ဒေသကောလိပ်၊ ၁၉၈၅ မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဝါဏိဇ္ဇဗေဒ (B.Eco.) ဘွဲ့ ရရှိခဲ့သည်။

အနုပညာ လုပ်ကိုင်ခြင်း ပြင်ဆင်ရန်

ဂစ်တာ တီးနည်း အမျိုးမျိုးနှင့် ဂီတသင်္ကေတ ဖတ်နည်းတို့ကို စနစ်တကျ လေ့လာ သင်ကြား တတ်မြောက်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ ပိုပိုနှင့် တွဲဖက်၍ "Black River" Guitar Sketches နှင့် "Untitled" ဂီတာတီးခတ်ခြင်း ပွဲများကို ပြုလုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ် မှ ၁၉၉၂ ခုနှစ် အထိ ဇာတိမြေ ပုသိမ်မြို့တွင် ဂစ်တာသင်တန်း ဖွင့်လှစ် ပို့ချခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ကဗျာများကို စတင်ရေးသားခဲ့သည်။

၁၉၉၂ ခုနှစ်မှစ၍ တေးရေးဆရာအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၉၃ - ၉၄ တွင် အဆိုတော်သစ် ထက်နိုင်ကျော်၏ ခေါင်းစဉ် သီချင်း "အားလုံးထက် အချစ်ကို လိုတယ်" ဟူသည့် သီချင်း အပါအဝင် ကော်ပီတေးသီချင်း ၅ ပုဒ် စတင် ရေးသားကာ ဂီတလောကသို့ အခြေချခဲ့သည်။ ၁၉၉၃ တွင် ထူးအိမ်သင်စကားလုံး မရှိတဲ့ ကောင်းကင် အယ်လ်ဘမ်ကို တစ်ဦးတည်း သီချင်းများ ရေးရင်း ပရော်ဖက်ရှင်နယ် တေရေး ဆရာဘဝကို ခံယူ အသက်မွေး ဝမ်းကျောင်း ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူငယ်ချင်းဖြစ်သူ ပိုပိုနှင့် တွဲဖက်၍ "ကမ္ဘာဦး ဂီတ - Primitive Pieces" ဂီတစီးရီးနှင့် "Solid Concepts" တကိုယ်တော်ဂီတရှိုးကို ပြုလုပ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် "အမဲလိုက်အက - Predatory Dance" ကဗျာစာအုပ်ကို မြန်မာ၊ အင်္ဂလိပ်၊ ဂျပန် သုံးဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။

Bec-Tero ၏ London Music အတွက် ချစ်သော ကမ္ဘာမြေ သီချင်းအယ်လ်ဘမ်ကို ဦးစီး စီစဉ် (Produce) လုပ်ကိုင် ထုတ်လုပ်ရာမှ တေးရေး ရွှေဂျော်ဂျော်နဲ့ ပူးတွဲ လုပ်ကိုင်ခဲ့သည်။ အမြဲစိမ်း အချစ် အမည်ရ 20 Year Before သီချင်းများချည်း ပါဝင်တဲ့ အယ်လ်ဘမ်ကိုလည်း သီချင်း တစ်ပုဒ်မှလွဲ၍ အားလုံး တကိုယ်တော် ရေးသား ထုတ်လုပ်ခဲ့သည်။

သီးခြား ဝါသနာမှာ ကဗျာရေးခြင်း၊ Installation Art နှင့် ဗီဒီယို ရိုက်ကူးခြင်း ဖြစ်ကာ၊ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် GEM (General English Magazine) မဂ္ဂဇင်းမှာ ဖော်ပြပါရှိခဲ့တဲ့ ငါး အမည်ရ ကဗျာဖြင့် လပွတ္တာမြို့နယ်က စီစဉ် ချီးမြှင့်သော 'ရသကမ်းခြေ' ဟေမန္တ ကဗျာဆုကို ဆွတ်ခူး ရရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြင့်မိုးအောင်သည် ဂီတလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပြီး သိသာထင်ရှားသော အားထုတ်ကြိုးပမ်းမှုမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော မူပိုင်ခွင့်စုပေါင်းစီမံခန့်ခွဲမှု အဖွဲ့ (Collective Management Organization) ဖြစ်သော မြန်မာတေးသီချင်းမူပိုင်ရှင်များအသင်း (Myanmar Performance Rights Organization - MPRO) ကို အခြားသော နာမည်ကျော်တေးရေးဆရာ များစွာနှင့်အတူ စတင်တည်ထောင်ခဲ့သည်။ မြင့်မိုးအောင်လက်ထက်တွင် MPRO အနေဖြင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ဂီတမူပိုင်ခွင့်အဖွဲ့ (APMA - Asian Pacific Music Association) အဖွဲ့နှင့် နှစ်ဦးသဘောတူလက်မှတ်ရေးထိုး၍ အာရှ - ပစိဖိတ်ဒေသ၏ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ မူပိုင်ခွင့် ဥပဒေရေးဆွဲခြင်း၊ လုပ်ထုံးလုပ်နည်း ဥပဒေများ ချမှတ်ရာတွင်လည်း ပါဝင်ထောက်ပံ့ပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် မြင့်မိုးအောင်သည် (Myanmar Performance Rights Organization - MPRO) မှ တရားဝင် အနားယူခဲ့သည်။

၂၀၁၇ ခုနှစ်တွင် "လူသေအော်သံ - Scream of the Dead" ကဗျာအား ပိုပို (Art) နှင့် စိုးနိုင် (Sculptures) တို့ဖြင့် ရေးသားခဲ့ပြီး "ဖန်ခွက်အလွတ် - Empty Glass & Landscape Drama" ကဗျာများကိုလည်း ရေးသားခဲ့သည်။ မြင့်မိုးအောင်သည် ဂီတလောကတွင် အောင်မြင်ကျော်ကြားရုံသာမက အခြားသော အနုပညာနယ်ပယ်များဖြစ်သည့် ကဗျာ၊ ရုပ်ရှင်၊ ထုတ်လုပ်ရေး၊ ပန်းချီ စသည့် အခန်းကဏ္ဍများတွင် ပါဝင်လှုပ်ရှားလုပ်ကိုင်ခဲ့သည်။ ၎င်း၏ "အမဲလိုက်အက" ကဗျာစာအုပ်သည် Masterpiece တစ်ခုအဖြစ် ဝေဖန်သူများက မှတ်ချက်ပြုခဲ့ကြသည်။

ထို့ပြင် မြင့်မိုးအောင်သည် သမိုင်းဆိုင်ရာ အထောက်အထားများမှတဆင့် ၎င်း၏ ဘဝတလျှောက် နှစ်ပေါင်း (၂၀) ကျော်မျှကြာအောင်ပင် မြန်မာနိုင်ငံ စတင်မဖြစ်ပေါ်မီ မြန်မာ့မြေပေါ်တွင် မှီတင်းနေထိုင်ခဲ့ကြသော ရှေးဟောင်းပျူလူမျိုးတို့၏ ဂီတတူရိယာများ၊ ပျူ တေးသီချင်းများအား အပတ်တကုတ်ကြိုးပမ်းအားထုတ်၍ ဖော်ထုတ်ခဲ့သည်။ အစပိုင်းတွင် ၎င်းတစ်ဦးတည်း လုပ်ကိုင်ဆောင်ရွက် နေရာမှ ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် New Age Myanmar Cultural Foundation ကို ဂီတပညာရှင်များ၊ တူရိယာ ထုတ်လုပ်သူ ပညာရှင်များ၊ အခြားသော နယ်ပယ်အစုံမှ ပညာရှင်များစွာဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ယခင်ကတည်းက စမ်းသပ် သုတေသနပြုလုပ်ထားသော ပျူတူရိယာများ အချောသတ်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး လုပ်ဆောင်စဉ် ကာလအတွင်းတွင် Goethe Institute ဖြင့် စီမံချက်နှစ်ခုကို လက်တွဲလုပ်ဆောင် နိုင်ခဲ့သည်။ ပျူသမိုင်းနှင့် ယဉ်ကျေးမှုစာအုပ်တို့ကိုလည်း နောင်လာနောင်သားများ လေ့လာသိရှိနိုင်စေရန် ရေးသားပြုစုလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် စမ်းသပ်ထုတ်လုပ်ထားသော ပျူခေတ်တူရိယာများဖြင့် တေးသီချင်းများ ဖန်တီးပြုလုပ်ခြင်း၊ စမ်းသပ်တီးခတ်ခြင်း၊ အသံသွင်းခြင်း၊ ဗွီဒီယိုများ၊ အင်တာဗျူးရိုက်ကူးရေးများ ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ပျူခေတ်တူရိယာတို့ဖြင့် ရှေးခေတ် သီချင်းကြီး၊ မဟာဂီတမှအစ ယခုခေတ် Electro Music အထိ အသုံးပြုစေနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

မြင့်မိုးအောင်သည် Music Theory ဖြင့် တေးသီချင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ရေးစပ်ဖန်တီးနိုင်ရုံမျှမက ထင်ရှားသော အမှတ်ရဖွယ်ရာ တေးသီချင်းလက်ရာများစွာကိုလည်း ဖန်တီးရေးသားခဲ့သည်။ မြင့်မိုးအောင် တေးသီချင်း မရေးသားပေးဖူးသော ထင်ရှားကျော်ကြားသည့် အဆိုပညာရှင်ဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ယခင်နာမည်ကျော် အဆိုရှင်များဖြစ်သည့် ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဇော်ပိုင်၊ တင်ဇာမော်၊ ဖြူဖြူကျော်သိန်း တို့မှအစ ယခုခေတ် လူငယ်အဆိုရှင်များဖြစ်သည့် ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ NJ၊ ကိုထက် (Ko Htett) တို့ခေတ်အထိ တေးသီချင်းများစွာကို ဖန်တီးရေးသားနေဆဲပင် ဖြစ်သည်။ မြင့်မိုးအောင် သည် အခြားသော တေးရေးဆရာများနှင့်လည်း ပေါင်းစပ်မှုများပြုလုပ်ကာ တေးသီချင်းများကို ဖန်တီးရေးသားလေ့ရှိသည်။ ထူးခြားသော ပေါင်းစပ်မှုတစ်ခုမှာ တေးရေးဆရာ "ကိုညွှန့်ဝေ" နှင့် ပေါင်းစပ်၍ ခေတ်ဟောင်း ခေတ်သစ် ပေါင်းစပ်မှုအဖြစ် "ပင်တိုင်စံအတွက် အချစ်ရဲ့ အလင်းရောင်" ဟူသော တေးသီချင်းကိုလည်း ဖန်တီးထုတ်လုပ်ခဲ့သည်။

မြင့်မိုးအောင်သည် ယခုအခါ Tribute Records - Record Label မှတဆင့် ၎င်း၏ တေးသီချင်းများကို ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ Myint Moe Aung Official YouTube Channel တွင်လည်း ၎င်းကိုယ်တိုင်ရေးသားဖန်တီးထားခဲ့သော တေးသီချင်းများကို ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ အနီးစပ်ဆုံး ထင်ရှားသော တေးသီချင်းမှာ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့သော "ဒေါင်းယာဉ်ပျံမှာ ရေးတဲ့စာ" တေးသီချင်း ဖြစ်သည်။ "ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်" ဟူသော ဒရမ်မာစီးရီး၏ ဇာတ်ဝင်တေးသီချင်း လည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် တေးရေးများ၏ Publishing Royalty မူပိုင်ကြေးများအား အပြည့်အဝရရှိစေနိုင်ရန်နှင့် ကာကွယ်ပေးနိုင်ရန်အတွက် Imagine Music Publishing (IMP) ကုမ္ပဏီကိုလည်း ဂီတမူပိုင်ခွင့် နားလည်တတ်ကျွမ်းသော အဖွဲ့အစည်းများနှင့်ပေါင်းစပ်၍ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Chief Executive Officer (CEO) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

မူပိုင်ခွင့်နှင့်ပတ်သက်သော မြန်မာနိုင်ငံ ဂီတလောကဆိုင်ရာ ကိစ္စရပ်များအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လ၊ (၁) ရက်နေ့တွင် "မြန်မာနိုင်ငံ ဂီတမူပိုင်ခွင့်အဖွဲ့" (Music Copyright Myanmar - MCM) အဖွဲ့အား နာမည်ကျော် တေးရေးများ၊ တေးဆို/တေးရေး (Singer/Songwriter) များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

ရေးသားခဲ့သော ထင်ရှားသည့် တေးသီချင်းများ ပြင်ဆင်ရန်

တုနှိုင်းမဲ့ရတနာ
စကားလုံးမရှိတဲ့ကောင်းကင်
လေလွင့်ခြင်းလမ်းမများ
အပြာရောင်ည
ကြိုးမဲ့စွန်
နူးညံ့တဲ့အမိန့်တော်အတိုင်း 
ကလေးတစ်ယောက်နဲ့ ကြာဖြူတစ်ပွင့်
သီချင်းမဲ့ ဂစ်တာ
ဒေါင်းယာဉ်ပျံမှာ ရေးတဲ့စာ
အဖြူရောင် သက္ကရာဇ် နှင့် တေးသီချင်းပေါင်း များစွာ

ကိုးကား ပြင်ဆင်ရန်

  1. Myanmar Chronicle Online Magazine နှင့်shinmee.com တို့မှ ပြန်လည် စုစည်း ဖော်ပြသည်။