မြတ်ထန်
မြတ်ထန် (၁၉၂ဝ- ၁၉၈၈) သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတစ်ဦး ဖြစ်ခဲ့ပြီး စာပေဗိမာန် စာမူဆုရ စာရေးဆရာတစ်ဦး လည်း ဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု နှင့် နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က လွတ်လပ်ရေး မော်ကွန်းဝင်(ပထမအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမအဆင့်)၊ နှင့် စည်သူဘွဲ့ တို့ ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်သည်။
မြတ်ထန် | |
---|---|
![]() မြတ်ထန် (ခေါ်) ဗိုလ်မှူးကြီး(ဟောင်း) တင်မောင် | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | တင်မောင် ၁ ဧပြီ၊ ၁၉၂၀ ပုသိမ်မြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂၅ ဒီဇင်ဘာ၊ ၁၉၈၈ ရန်ကုန်မြို့ | (အသက် ၆၈)
ကြင်ဖော်(များ) | ဒေါ်နန်းဝိုခမ်း |
မိဘ | ဦးစံဖေ + ဒေါ်တော် |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် ဂျပန်ဘုရင့် စစ်တက္ကသိုလ် |
အလုပ်အကိုင် | စစ်မှုထမ်း၊ စာရေးဆရာ |
ကျော်ကြားမှု | စာပေဗိမာန် စာမူဆုရ (နှောင်းတမြေ့မြေ့ ဝတ္ထုရှည်) စာရေးဆရာ |
ဆုတံဆိပ်များ | စည်သူဘွဲ့ လွတ်လပ်ရေးမော်ကွန်းဝင်(ပထမဆင့်) နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) စာပေဗိမာန် စာမူဆု (၁၉၆၉) |
ငယ်ဘဝပြင်ဆင်
မြတ်ထန်ကို ၁၉၂ဝ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အဖ ဦးစံဖေ၊ အမိဒေါ်တော်တို့မှ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ ရန်ကုန် စိန်ပေါကျောင်းမှ ၁ဝ တန်း အောင်မြင်သည်။ ရန်ကုန် တက္ကသိုလ် ဥပစာ သိပ္ပံ အထက်တန်း၌ ပညာ သင်ကြားနေစဉ် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာ၌ ပညာသင်ကြားရေးကို စွန့်လွှတ်ပြီး ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင် တာဝန် အဆင့်ဆင့်ကို ဝင်ရောက် ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းဘဝပြင်ဆင်
ဂျပန်ခေတ် စစ်ပညာတော်သင်ပြင်ဆင်
၁၉၄၂ ခုနှစ်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ဘုရင့် စစ်တက္ဗသိုလ် ဂျပန် စစ်ပညာသင်ကျောင်းသို့ တက်ရောက်ခဲ့သည်။
ဗိုလ်မှူးကြီးပြင်ဆင်
၁၉၅၁ ခုနှစ်တွင် ဗိုလ်သင်တန်း ကျောင်းအုပ်ကြီး အဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၅၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ စစ်သံမှူး အဖြစ် ခြောက်နှစ်ခန့် အမှုထမ်းခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသော အခါ တပ်မဟာမှူး၊ တပ်မင်း စသည့် ရာထူး အဆင့်ဆင့်ဖြင့် တပ်မတော်တွင် ဆက်လက် တာဝန် ထမ်းဆောင်ခဲ့သည်။ ဗိုလ်မှူးကြီး တင်မောင်သည် ၁၉၆၁ ခုနှစ်တွင် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။
စာရေးဆရာဘဝပြင်ဆင်
တပ်မတော်မှ အငြိမ်းစား ယူပြီးနောက် စာပေလောကသို့ မြတ်ထန် ကလောင်အမည်ဖြင့် ဝင်ရောက်ခဲ့သည်။ သတ္တိ ဟူသည်မှာ မွန်မြတ်သော၊ ကိုယ်ကျိုးမငဲ့သော၊ စစ်မှန်သော၊ သန့်စင်သော အကျင့်အကြံသာ ဖြစ်ထိုက်သည် ဟူသော အမြင်ကို ဖော်ထုတ် ရေးသားခဲ့သည့် "နှောင်းတမြေ့မြေ့" ဝတ္ထုရှည်ဖြင့် "မြတ်ထန်" ဟူသော အမည်သည် စာပေလောက၌ ထင်ရှား ကျော်ကြားလာခဲ့သည်။ "နှောင်းတမြေ့မြေ့" စာမူဖြင့် ၁၉၆၉ ခုနှစ် အတွက် စာပေဗိမာန် စာမူဆု ချီးမြှင့်ရာတွင် ဝတ္ထုရှည် (ပထမဆု) ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် ချယ်ရီ မဂ္ဂဇင်းကို ဦးစီး ထုတ်ဝေခဲ့သည်။
ဂုဏ်ပြုချီးကျူးခံရခြင်းပြင်ဆင်
၁၉၆ဝ ပြည့်နှစ်တွင် နိုင်ငံတော် အစိုးရက စည်သူဘွဲ့ ချီးမြှင့် ပေးအပ်သည်။ ၁၉၇၅ ခုနှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ရရှိခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်က အပ်နှင်းသော နိုင်ငံ့ဂုဏ်ရည် (ပထမဆင့်) ရရှိခဲ့သည်။
ကွယ်လွန်ခြင်းပြင်ဆင်
ဆရာသည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ဆရာ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်နန်းဝိုခမ်းနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။
ရေးသား ပြုစုခဲ့သော စာအုပ်များပြင်ဆင်
- နှောင်းတမြေ့မြေ့ (၁၉၆၉ စာပေဗိမာန်ဝတ္ထုရှည် ပထမဆုရ) ၁၉၇၀
- ဂျပန်ခေတ် စစ်ပညာတော်သင် တစ်ဦး ၁၉၇၁
- နှောင်ကြိုးငယ် ငင်သောကြောင့် ၁၉၇၂
- ကြင်နာပါတယ် မောင့်ကို ၁၉၇၂
- သူတို့ဘဝ သူတို့အလှ ၁၉၇၂
- တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ၁၉၇၃
- မမကေသီ ၁၉၇၃
- မေတ္တာစမ်းနှင့် ပန်းအေ့က ၁၉၇၃
- မုန်းသည် ပြုံးသည် ချစ်ရသည် ၁၉၇၃
- ဘဝဇာတ်ကြောင်း နှင်ပါလေဦး ၁၉၇၃
- မုန်တိုင်းလွန်သော် ၁၉၇၄
- ပြန်မပြောချင်တဲ့ ဇာတ်လမ်းတပုဒ် ၁၉၇၄
- သက် ၁၉၇၄
- မောင်နဲ့သာဆိုရင် ၁၉၇၅
- ချစ်သောမမ ၁၉၇၅
- လှိုင်းပုတ်သံ ၁၉၇၆
- သွေမဖယ် ရွှေနွယ်ရိုးရယ် ၁၉၇၇
- တောင်ပြာတန်းမှာ ပွင့်သောပန်း ၁၉၇၈
- ပြုံးလဲ့ ၁၉၇၈
- စပယ်ဖြူ ပန်သူနှင့်လေး ၁၉၇၈
- မျှော်ရပါသော်ကော မြသထာ ၁၉၇၈
- လွမ်တေးကိုသာ သီပါလေတော့ ၁၉၇၈
- ခွန်ဆျန် ၁၉၈၀
- သုံးတောင်ပြည့် ခန်းသာလယ်မှာ ၁၉၈၀
- အိပ်မက်ထဲက ကိုယ့်ချစ်သူ ၁၉၈၁
- မပန်းပွင့် ၁၉၈၁
- မောင့်မောင့်ကို အချစ်ဆုံး ၁၉၈၁
- ဟိုကောင်မလေး ညိုတိုတို ၁၉၈၂
- အိပ်မက်ကမ္ဘာသို့ တခေါက် ၁၉၈၂
- ပေးအပ်ခြင်းသည်သာ ၁၉၈၂
- ချစ်ရလွန်းသူတယောက် ၁၉၈၃
- အိုဘယ့် စစ်သည်အိုနှင့် အခြားဝတ္ထုများ ၁၉၈၃
- ပန်းနီနီကိုမှ ပန်ခဲ့သူ ၁၉၈၄
- မုန်းသူမို့ ချစ်ရသည် ၁၉၈၄
ကိုးကားပြင်ဆင်
- ↑ ၂၀၀၈ ခုနှစ်၊ မတ်လမှာ ပထမအကြိမ် အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့က စုဆောင်း ပြုစု ပုံနှိပ် ထုတ်ဝေလိုက်တဲ့ 'နှစ်ဆယ်ရာစု စာဆိုစစ်သည်များ' စာအုပ်မှ