မြန်မာဆေးပညာကို မရေးသားမီ ရှေးဦးစွာ မဇ္ဈိမဒေသ ဆေးပညာကို ရေးသားရန် ဖြစ်သည်။ ဆေးပညာမှာ လူတို့ တတ်သိအပ်သော အတတ်ပညာ အဌာရသ ဆယ့်ရှစ်ရပ်တွင် တပါး အပါအဝင်ဖြစ်သည်။ ယင်းဆေးပညာမှာ အကြောင်းမဲ့ ဖြစ်ပေါ်လာသည်မဟုတ်၊ လူတို့၌ အနာရောဂါ ဖြစ်ပေါ်လာသောအခါ ပျောက်ကင်းရန် နည်းလမ်းကို ရှာဖွေသော ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုဆေးပညာကို လူသားများသာ တတ်မြောက်သည်မဟုတ်။ တိရစ္ဆာများလည်း သဘာဝ အလျောက် တတ်မြောက်ကြသည်။ ကြောင်ကို မြွေကိုက်လျှင် ပျောက်စေတတ်သော ဆေးပင်ကို ရှာ၍စားခြင်း၊ ခွေးများ အစာမကြေလျှင် မြတ်ပင်ကိုစား၍ အန်ပစ်ခြင်း၊ စားကောင်းသော အစာ၊ မစားကောင်းသော အစာတို့ကို သိခြင်း စသည်တို့ကား သာဓကများ ဖြစ်ကြသည်။

ကမ္ဘာဦးအစ မဟာသမ္မတမင်း လက်ထက်မှစ၍ သုဇာတမင်း လက်ထက်တိုင်အောင် လူတို့သည် လောဘ၊ ဒေါသ စသော အကုသိုလ်တရား နည်းပါးခြင်း၊ ရာသီဥတု ညီညွတ်ခြင်း၊ အစာအဟာရ ကောင်းမွန်ခြင်းတို့ကြောင့် အနာရောဂါမရှိ၊ ကျန်းမာကြသည်။ သတ္တဝါတို့၌ ဖြစ်ပေါ်မြဲ ဓမ္မတာဖြစ်သော (၁) စားချိန်သောက်ချိန်သို့ ရောက်သောအခါ အစာရေစာ စာလောင် မွတ်သိပ်ခြင်း၊ (၂) တစုံတစ်ခုသော ဝတ္ထုပစ္စည်းကို လိုချင်တောင့်တခြင်း၊ (၃) အသက်အရွယ် ကြီးရင့် အိုမင်းခြင်း၊ ဤအနာရောဂါ သုံးပါးသာ ရှိလေသည်။ သုဇာတမင်း၏ သားတော် ဥက္ကာကရာဇ်မင်းကြီး လက်ထက်သို့ ရောက်သောအခါ။ မင်းဆရာ ပုဏ္ဏားတို့သည် သတ္တဝါတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်လျှင် နတ်ရွာသုဂတိ ရောက်ကြောင်း ဖြစ်သည်ဟု မဟုတ်မတရား လိမ်လည် လှည့်ဖြား၍ လျှောက်ထားကြရာ၊ မင်းကြီးသည် ယုံကြည်တော်မူ သဖြင့် သတ္တဝါတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်စေပြီးလျှင် သတ္တဝါတို့ အသားကို စားကြ၏။ ထိုအခါ လူတို့၌ အနာမျိုး ၉၆ပါး၊ ၉၈ပါးတို့သည် ဖြစ်ပေါ်လာကြ၏။ ( ယဇ်ပူဇော်ခြင်း။) ( အနာမျိုး ၉၆ ပါး)

ထိုအခါမှစ၍ အနာ ရောဂါတို့ကို ကုသရန် ဆေးပညာဖြစ်ပေါ်လာ၏ဟု ယူဆဖွယ် ရှိသည်။ ဆေးပညာဖြစ်ပေါ်လာသော်လည်း တိုးတက်ခြင်း မရှိသေး၊ ဆေးမြီးတို ပညာလောက်သာ ဖြစ်ဟန်ရှိသည်။ နောက်အနာမျိုး ၉၆ ပါး၊ ၉၈ ပါးအပြင်၊ အနာ ရောဂါအမျိုးမျိုး တိုးပွားလာသောအခါ၊ ကျန်းမာရေးအတွက် အလွန်အရေးကြီးလာရကား၊ မဇ္ဈိမဒေသ၌ အမတသာဂရ ရသေ့၊ ဓာနွန္တရီ ရသေ့၊ စရက ရသေ့ စသော ရသေ့ပညာရှိတို့သည် အမ္မတသာဂရဆေးကျမ်း၊ စရကသံဟိတ ဆေးကျမ်း၊ စိကိစ္ဆာနာ ဂဇ္ဇုနိရဆေးကျမ်း စသော ဆေးကျမ်းပေါင်း များစွာတို့ကို ရေးသားစီရင်ကြသည်။ ထိုဆေးကျမ်းတို့တွင် စိကိစ္ဆာနာဂဇ္ဇုနိရ ဆေးကျမ်း၌ ပြုစားနည်းကို ဆန်းဆန်းကြယ်ကြယ် ပြသည်ဟု အဆိုရှိသဖြင့် ပယောဂပညာ မှော်ပညာနှင့် စပ်ဆိုင်သော ဆေးကျမ်းများလည်း ပါဝင်ကြောင်း ထင်ရှားသည်။ ထိုဆေးကျမ်း များကို တပည့်များအားလည်း သင်ကြားပို့ချကြ သည်။

ထိုအခါမှစ၍ မဇ္ဈိမဒေသ၌ ဆေးပညာသည် တစတစ တိုးတက် လာသည်။ ဆေးကျမ်းများလည်း ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအရပ်ရပ်သို့ တစတစ ပျံ့နှံ့သွားသည်။ ထိုစဉ်ကပင် မြန်မာနိုင်ငံ သို့လည်း ရောက်လာဖွယ် ရှိသည်။ ယင်း ဆေးပညာသည် ဆေးကုရာ၌ 'ရာသီမနိုင် ဆေးမကိုင်နှင့်' ဆိုသည့်အတိုင်း ရာသီ ဥတုကို ပြဆိုသော ဗေဒင်ပညာနှင့် လည်း သက်ဆိုင်လျက်ရှိသည်။ ( ဗေဒင်။) မြတ်စွာဘုရား လက်ထက်တော်အခါ ရာဇဂြိုဟ်ပြည် ဆရာဇီဝကသည် ဆေးပညာ၌ ပါရဂူရောက် တတ်မြောက် လိမ်မာ၏။ တစ်နေ့သောအခါ သာကေတပြည် သူဌေးကတော် တစ်ဦး၏ ခုနစ်နှစ်စွဲကပ်နေသော ဦးယည်း ခေါင်းခဲနာကို ထောပတ်နှင့် စီမံထားသော ဆေးအနည်းငယ် တစ်ကြိမ် နှာနှပ်ရုံမျှဖြင့် ပျောက်ကင်း ချမ်းသာသည်။ ဗိဿိသာရမင်းကြီး ၏ မြင်းသရိုက်နာကို လက်သည်းပေါ်တွင် တင်ယူလာသော ဆေးအနည်းငယ် တစ်ကြိမ် သုတ်လိမ်းရုံမျှဖြင့် ပျောက် ကင်းချမ်းသာသည်။ ရာဇဂြိုဟ်ပြည် မဟာသာလ သူဌေးတစ်ဦး၏ ခုနစ်နှစ် စွဲကပ်နေသော ဦးယည်းခေါင်းခဲနာကို မေ့ဆေး ပေး၍ ဦးခေါင်းရေကို ခွာပြီးလျှင် ပိုးနှစ်ကောင်ကို ထုတ်ပစ်သဖြင့် ပျောက်ကင်း ချမ်းသာသည်။ ဗာရာဏသီပြည် သူဌေးသား တစ်ဦး၏ အူထုံးသော အနာကိုမေ့ဆေးပေး၍ ဝမ်းကို ခွဲပြီးလျှင် ထုံးနေသော အူကို ဖြေသဖြင့် ပျောက်ကင်း ချမ်းသာသည်။

မြတ်စွာဘုရားလည်း ရဟန်းတော်များ ကျမ်းမာရေးအတွက် နိဿယလေးပါးကို ခွင့်ပြုရာတွင် နွားကျင်ငယ်ရည်ဖြင့် စိမ်အပ်သော ဆီးဖြူ သျှိသျှား ဖန်ခါး ဆေးကိုလည်းကောင်း၊ ဝိနည်းမဟာဝါပါဠိ ဘေသဇ္ဇက္ခန္ဓက၌ ဖြစ်ပေါ်လာသော အနာ နှင့် သင့်လျော်သော ဆေးများကိုလည်းကောင်း ခွင့်ပြု တော်မူသည်။ ဤသာဓကများကို ထောက်၍ ထိုစဉ်အခါက ဆေးပညာမည်မျှလောက် တိုးတက်ကြီးပွား လာသည်ကို သိနိုင်သည်။ (ဤကား မဇ္ဈိမဒေသ ဆေးပညာတည်း။) နောက်အခါ မဇ္ဈိမဒေသမှ ဆေးကျမ်းပေါင်းများစွာနှင့် ဆေးဆရာများစွာတို့ မြန်မာနိုင်ငံသို့ တစ်စတစ်စ ပျံ့နှံ့လာခဲ့ရာ၊ အောက်ပိုင်း၌ သထုံခေတ်၊ အထက်ပိုင်း၌ တစ်ကောင်းခေတ်မှ စ၍ သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ စစ်ကိုင်း ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် တိုင်အောင် ဆေးပညာသည် ခေတ်အားလျော်စွာ တိုးတက် ထွွန်းကားခဲ့သည်။ ထိုကြောင့် မြန်မာ ဆေးပညာသည် သထုံခေတ်၊ တစ်ကောင်းခေတ် လောက်ကစ၍ ထွန်းကားလာကြောင်း ထင်းရှားသည်။

မဟာရာဇဝင်ကြီး ပထမတွဲ၌ ပဉ္စာတစ်ကောင်းပြည်ကို တည်ထောင်တော်မူသော သတိုးဇမ္ဗူဒီပဓဇရာဇာသည် သုခမိန် ပညာရှိ မှူးတော် မတ်တော်၊ လက်ဝဲ၊ လက်ယာ၊ အမှုထမ်း အရာထမ်း၊ ဆင်သည်၊ မြင်းသည်၊ ခြေသည်၊ သဌေး၊ သူကြွယ်၊ ပုဏ္ဏားဟူးရာ၊ ဆေးသမား၊ လက်သမားတို့အား တစ်ထောင်ခြောက်ဆယ်သော အမည်ဘွဲ့ပုံတို့ကို ပေးတော်မူ သည်ဆိုသော စကားကို ထောက်၍လည်းကောင်း၊ သရေခေတ္တရာပြည် ငတပါးမင်းအား ပိဋကတ် ဗေဒင်တို့ကို တတ်မြောက်အောင် သင်ပေး၏ဆိုသော စကား ကိုထောက်၍ လည်းကောင်း၊သရေခေတ္တရာပြည် ဘေရိန္ဒမင်းသည် တက္ကသိုလ်ပြည်သို့ သွား၍ ပညာသင်ကြားသောကြောင့် ဆေးဝါး မန္တရား ဗေဒင်တတ်လှစွာ၏ ဆိုသောစကားကို ထောက်၍လည်းကောင်း၊ပုဂံပြည် နော်ရထားမင်း လက်ထက် ဟူးရာဖြူ ဟူးရာညို တို့ကား ဗေဒင်ပညာနှင့် ဆေးပညာတို့ကို တတ်မြောက်သော ဗေဒင်ဆရာ ဆေးဆရာများ ဖြစ်သည်ကို ထောက်၍ လည်းကောင်း၊ နော်ရထာမင်း မိဖုရား စောမွန်လှ၏ နားတောင်းတွင် မွေတော်မြတ် ကိန်းဝပ်တော်မူသဖြင့် ရောင်တော်တောက်ထွန်း နေသည်ကို မိဖုရား မောင်းမတို့ မြင်လျှင် ဇော်ဂနီ စုန်းဖြစ်ကြောင်း လျှောက်ထားသည် ဆိုသော စကားကို ထောက်၍လည်းကောင်း၊ နော်ရထာမင်းသည် သထုံပြည် မနုဟာ မင်းကို စစ်နိုင်၍ မနုဟာမင်း သားမယား နှင့်တကွ ဓာတ်တော် မွေတော် ပိဋကတ်တော် စသည်တို့ကို ပုဂံပြည်သို့ ဆောင်ယူ လာသော အခါ ဆင်ဆေးသမား၊ မြင်းဆေးသမားများ ပါလာသည် ဆိုသော စကားကို ထောက်၍လည်းကောင်း၊သာသနာလင်္ကာရ၌လည်း ဟံသာဝတီပြည် ရာမာဓိပတိ (ဓမ္မစေတီ)မင်းသည် ပိဋကတ်၊ ဗေဒင်၊ ဝိဒက်၊ ဗျာကရုဏ်း၊ ဆန်း၊ အလင်္ကာ၊ ဟူးရာ၊ ဂဏန်းကျမ်း၊ ဆေးကျမ်းအားဖြင့် ဗဟုသုတများစွာရှိ၏ ဆိုသော စကားကို ထောက်၍ လည်းကောင်း၊ ပင်းယပြည် ဆင်ဖြူလေးစီရှင် ကျော်စွာမင်း လက်ထက်စတုရဂသ္မဗလအမတ်ကြီးသည် ပိဋကတ်နှင့်တကွ သက္ကတကျမ်းများကို ကျွမ်းကျင်တတ်မြောက်ကြောင်း ဆိုသော စကားကို ထောက်၍လည်းကောင်း၊အင်းဝပြည် သာလွန်မင်းတရားကြီး လက်ထက်ဘားမဲ့ ဆရာတော် စသော မွန်ဘုန်းကြီးတို့ လူမှုရေးရာ၊ ဗေဒင်၊ ဆေးမှု၊ အင်း၊ အိုင်၊ ယတြာ၊ လိမ်မာတတ်ကျွမ်းကြ၏ ဆိုသောစကားကိုထောက်၍ လည်းကောင်း၊အင်းဝပြည် သာလွန်မင်းတရားကြီး လက်ထက် တောင်ဘီလာဆရာတော်သည် လောကီလောကုတ္တရာကျမ်းများ စွာကို စီရင်ရေးသားရာတွင် ဆေးဘက်ဆိုင်ရာ ဒွါဒသရာသီ ဓာတ်ကျမ်း၊ ကွန်ခြာဓာတ်ကျမ်း၊ သမ္ပန္နဓာတ်ကျမ်း၊ ကွန်ခြာ ဆေးကျမ်း၊ ကမ္မဇရုပ်ကျမ်း၊ အဋ္ဌဓာတုကိန်း ဥပဒေကျမ်း၊ မဟာနရီ ဓာတ်ကျမ်းများ စီရင် ရေးသားသည်ကို ထောက်၍ လည်းကောင်း၊ ကုန်းဘောင်ခေတ် တောင်တွင်းဆရာတော် ခင်ကြီးဖျော်သည် လောကီလောကုတ္တရာ ကျမ်းအများကို စီရင် ရေးသားရာတွင် ဆေးဘက်ဆိုင်ရာ ဒွါဒသရာသီကျမ်း၊ အာဒိ ကပ္ပကျမ်း၊ ဓာတ်ကျမ်း၊ ဆနဝုတိဆေးကျမ်း၊ အသီတိ ဓာတ်ကျမ်းများ စီရင်ရေးသားသည်ကို ထောက်၍လည်းကောင်း၊ကုန်းဘောင်ခေတ် ပထမ မောင်းထောင် သာသနာပိုင် ဆရာတော်သည် လောကီလောကုတ္တရာ ကျမ်းများစွာကို စီရင်ရေးသားရာတွင် ၁၁၄၇ ခုနှစ် နိုင်ငံအရပ်ရပ်မှ ရောက်လာသော ကျမ်းမျိုးပေါင်း တစ်ဆယ့်တစ်မျိုး၊ စောင်ရေပေါင်း ၂၅ဝ ကျော်တို့မှ မြန်မာပြန်ဆိုအပ်သော ဒြဗျဂုဏ်း နိဿယ၊ သာရကောမုဒိ နိဿယ၊ ဩသဓ ရတနာကရ နိဿယ၊ သရရတုကထနနိဿယ၊ ဓာတုပြသံသနိဿယ၊ ကုန်းဘောင်ခေတ် ကုန်ဆုံးသည် တိုင်အောင် နောက်နောက် ဆရာများရေးသားအပ်သော ဘေသဇ္ဇမဉ္စူသာ ဆေးကျမ်း၊ ဓာတုဝိဘာဂဒီပနီ၊ ဓာတုဝိတ္တာရ ဒီပနီ၊ ဥတုဘောဇနသဂသ္မဟ ကျမ်းစသော ဆေးကျမ်းများနှင့် မြန်မာနိုင်ငံဖြစ်ဆေးကျမ်းပေါင်း ကိုးဆယ်ကျော်တို့ကို ထောက်၍ လည်းကောင်း မဇ္ဈိမဒေသ ဆေးပညာမှ ဆင်းသက် လာသော မြန်မာဆေးပညာသည် တခေတ်ထက် တခေတ် တိုးတက်ကြီးပွား ထွန်းကားလာသည်မှာ မျက်မြင် ဒိဋ္ဌဖြစ်၍ မည်သူမျှ မငြင်းနိုင်ပေ။

မြန်မာဆေးပညာဆိုရာ၌လည်း ဓာတ်၊ ပိဏ္ဍော ဆေးပညာ သာမဟုတ်၊ နက္ခတ်၊ ဗေဒင်၊ ပယောဂ၊ မှော်၊ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ မန္တရား၊ ဆေးဝါး၊ အဂ္ဂိယတ်စသော ဂ။ာရီဆိုင်ရာ ဝိဇ္ဇာဆိုင်ရာ ပညာရပ်များနှင့် မြတ်စွာဘုရား ဟောကြားတော် မူအပ်သော ဒေသနာတော် ပရိတရားတော်များလည်း ဝါဝင်သည်။ မြန်မာ ဆေးပညာအရ ဆေးဆရာများ သည် အနာရောဂါ အမျိုးမျိုးတို့ကို ကုသရာ၌ (၁) အနာရောဂါ စွဲကပ် နေသော ခန္ဓာကိုယ်၊ (၂) ရာသီဥတု၊ ဤနှစ်ပါးကို ကြည့်ရှုနှိုင်းချိန်၍ ကုသကြသည်။

ထိုနှစ်ပါးတို့တွင် ခန္ဓာကိုယ်ဘက်ကကြည့်လျှင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော၊ သည်းခြေ၊ အာဟာရ၊ အာကာသ ဤဓာတ်ကြီး ခုနစ်ပါးကိုလည်းကောင်၊ အရည်၊ အသွေး၊ အသား၊ အဆီ၊ အရိုး၊ ခြင်ဆီ၊ သုက်၊ ဤဓာတ်ကြီး ခုနစ်ပါးကိုလည်းကောင်း၊ ပထဝီဓာတ် နှစ်ဆယ်၊ အာပေါဓာတ်တစ်ဆယ့်နှစ်ပါး၊ တေဇောဓာတ်လေးပါး ဝါယောဓာတ် ခြောက်ပါး၊ ဤလေးဆယ့်နှစ်ကောဋ္ဌာသ ကိုလည်းကောင်း၊ ဗာလ၊ မဇ္ဈိမ၊ ဝုဒ္ဓ၊ ဤအရွယ်သုံးပါးကို လည်းကောင်း၊ ပိန်သောသူ၊ အလတ်ဖြစ် သောသူ၊ ဝသောသူ၊ ဤလူသုံးပါးကိုလည်းကောင်း ကြည့်ရှုနှိုင်းချိန်၍ ကုသကြသည်။

ဥတုဘက်က ကြည့်လျှင်လည်း တစ်နှစ်အတွင်း ဒက္ခိဏယာဉ်၊ ဥတ္တရာယာဉ်၊ ဤအယာဉ်နှစ်ပါးကို လည်းကောင်း၊ ဟေမန္တဥတု၊ ဂိမန္တဥတု၊ ဝသန္တဥတု၊ ဤဥတု ကြီးသုံးပါးကို လည်းကောင်း၊ ဟေမန္တဥတု၊ သိသိရဥတု၊ ဝသန္တဥတု၊ ဂိမဥတု၊ ဝဿနဥတု၊ သရဒဥတု၊ ဤဥတုငယ် ခြောက်ပါးကိုလည်းကောင်း၊ မိဿ၊ ပြိဿ၊ မေထုန်၊ ကာရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်၊ ဤ တစ်ဆယ့်နှစ်ရာသီကိုလည်းကောင်း၊ ရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်၊ ရက်ပေါင်း သုံးရာခြောက်ဆယ့်ခြောက်ရက်ကို လည်းကောင်း၊ တနဂသ္မနွေ၊ တနင်္လာ၊ အင်္ဂါ၊ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ ဤခုနစ်နေ့ကို လည်းကောင်း၊နေ့၊ ညဉ့် ဤနှစ်ပါးကို လည်းကောင်း၊ စိုစွတ်သော အနုပ၊ ခြောက်ကပ်သော ဇဂသ္မလ၊ နှစ်မျိုး ဆက်ဆံသော သာဓာရဏ၊ ဤအရပ်သုံးပါးကို လည်း ကောင်း ကြည့်ရှု့နှိုင်းချိန်၍ ကုသကြသည်။

စွဲကပ်နေသော အနာရောဂါကို ခွဲခြားရာ၌ ခန္ဓာကိုယ်ကို လည်းကောင်း၊ ဥတုကိုလည်းကောင်း ကြည့်ရှု၍ သလိပ်၊ သည်းခြေ၊ လေ ဒေါသသုံးပါးတို့တွင် သလိပ်ကြောင့် ဖြစ်သည်။ သည်းခြေကြောင့် ဖြစ်သည်၊ လေကြောင့်ဖြစ်သည်၊ ဒေသ နှစ်ပါးကြောင့် ဖြစ်သည်၊ ဒေါသသုံးပါးကြောင့် ဖြစ်သည် (ဤနေရာ၌ ဒေါသတစ်ပါးတည်း ဖြစ်လျှင် ပြတက်၊ နှစ်ပါး ဖြစ်လျှင် ဒွေးဝန်း၊ သုံးပါးဖြစ်လျှင် သန္နိပါတ် ခေါ်သည်။) ကံ၊ စိတ်၊ ဥတု၊ အာဟာရ အကြောင်းလေးပါး တို့တွင် ကံကြောင့်ဖြစ်သည်၊ စိတ်ကြောင့်ဖြစ်သည်၊ ဥတု ကြောင့်ဖြစ်သည်၊ အာဟာရကြောင့်ဖြစ်သည်၊ အအေးအပူ နှစ်ပါးတို့တွင် အအေးကြောင့် ဖြစ်သည်၊ အပူကြောင့်ဖြစ်သည်၊ အတက်အသက် နှစ်ပါးတို့တွင် အတက် ဖြစ်သည်၊ အသက်ဖြစ်သည်၊ စုန်းပယောဂ၊ နတ်ပယောဂ နှစ်ပါးတို့တွင် စုန်းပယောဂဖြစ်သည်၊ နတ်ပယောဂဖြစ်သည် စသည်ဖြင့် ခွဲခြား၍ ကုသကြသည်။ ဆေးနှင့် အစာကို စီမံရာ၌ အချို၊ အဆိမ့်၊ အချဉ်၊ အငန်၊ အခါး၊ အစပ်၊ အဖန် ရသခြောက်ပါးကို တစ်ပါး တစ်ပါး၌ ရသ၊ ဝိပါက၊ ဂုဏ်၊ ကိစ္စ၊ သတ္တိ၊ ဤငါးပါးကို စိစစ်၍၊ ဤဆေးသည် ဤအစာသည် သလိပ်ကို နိုင်သည်၊ သည်းခြေကို နိုင်သည်၊ လေကို နိုင်သည်၊ ဒွေးဝန်းကို နိုင်သည်၊ သန္နိပါတ်ကို နိုင်သည်၊ အအေးကိုနိုင်သည်၊ အပူကိုနိုင်သည်၊ အတက်ကိုနိုင်သည်၊ အသက်ကိုနိုင်သည် စသည်ဖြင့် စိစစ်၍ စီမံကြသည်။

ဆေးကုသရာ၌ အချုပ်အားဖြင့် သလိပ်ကြောင့် ဖြစ်သော အနာကို သလိပ်ကို နိုင်အောင်၊ သည်းခြေကြောင့်ဖြစ်သော အနာကို သည်းခြေကို နိုင်အောင်၊ လေကြောင့် ဖြစ်သော အနာကို လေကိုနိုင်အောင်၊ ဒေါသနှစ်ပါး ကြောင့်ဖြစ်သော အနာကို ဒေါသနှစ်ပါးကို နိုင်အောင်၊ ဒေါသသုံးပါးကြောင့် ဖြစ်သော အနာကို ဒေါသသုံးပါးကို နိုင်အောင် ကုသကြသည်။ ကံကြောင့်ဖြစ်သော အနာကိုဆေးမကုကောင်း။ စိတ်ကြောင့် ဖြစ်သော အနာကို စိတ်ကို ပြုပြင်လာအောင်၊ ဥတုကြောင့် ဖြစ်သော အနာကို ဥတုညီညွတ်လာအောင်၊ အဟာရကြောင့် ဖြစ်သော အနာကို အာဟာရ ညီညွတ်လာအောင်၊ အအေး ကြောင့်ဖြစ်သော အနာကို ပူလာအောင်၊ တက်၍ဖြစ်သော အနာကို သက်လာအောင်၊ သက်၍ဖြစ်သော အနာကို တက်လာအောင် ကုသကြသည်။ ဆေးနှင့် အစာပေးရာ၌လည်း အရွယ် သုံးပါးသို့ လိုက်၍လည်းကောင်း၊ လူသုံးပါးသို့လိုက်၍ လည်းကောင်း သင့်လျော်အောင် ပေးကြသည်။ အထူးအားဖြင့် စုန်း ကဝေ ဖမ်းစားသော ( ပြုစားသော ) ပယောဂနာနှင့် ဘီလူးနတ်ဆိုး၊ ဘုတ်၊ ပြိတ္တာ၊ သူရဲ၊ တစ္ဆေဖမ်းစားသော ( ပြုစား သော ) ပယောဂနာ၌ နတ်ဆေး ပယောဂဆေးဖြင့် လည်းကောင်း၊ မှော်ပညာဖြင့်လည်းကောင်း၊ အင်း၊ အိုင်၊ ခါး၊ လှည့်၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ မန္တရားတို့ဖြင့်လည်းကောင်း၊ မြတ်စွာဘုရား၏ ပရိတ်ဒေသနာတော်ဖြင့် လည်းကောင်း ကုသ ကြသည်။ ( ပယောဂနာကို အချို့က အယုံအကြည် မရှိကြ။ မရှိကြသော်လည်း အနာမျိုး ၉၆ ပါး၊ ၉၈ ပါး၌လည်းကောင်း၊ ဝိနည်းဒေသနာတော်၌ လည်းကောင်း ပြဆိုအပ်သော အပမာရ အနာကား စုန်းနတ်ဖမ်းစားသော ပယောဂနာဖြစ်သည်။)

ကုန်းဘောင်ခေတ်နောက်ပိုင်းသို့ ရောက်သောအခါ မြန်မာ ဆေးဆရာတို့သည် ရသေ့ ဆေးကျမ်းများ၌ လာသော နည်းလမ်းများဖြင့်ပင် ကုသကြသည်။ ပိဋကတ်တော်၌ ကျွမ်းကျင်လိမ်မာသော ဆေးဆရာတို့သည် ' သီတေန ပိ ရုပ္ပတိ၊ ဥဏှေနပိ ရုပ္ပတိ ' ဟူသော မြတ်စွာဘုရား၏ ဒေသနာကို နည်းမှီး၍ အသိဉာဏ်ပွင့်လင်းကာ၊ အနာရောဂါ မည်မျှပင် အမျိုးအမည် ထွေပြားများနေသော်လည်း၊ အနာ ရောဂါ ဆိုသည်မှာ ခန္ဓာကိုယ်၌ရှိသော အမာခံဓာတ်ကြီး လေးပါးနှင့် ရုပ်တရားတို့ ဖောက်ပြန်ပြောင်းလွဲခြင်းသာ ဖြစ်သည်။ ယင်းဖောက်ပြန် ပြောင်းလွဲခြင်းလည်း သီတအအေး၊ ဥဏှ၊ အပူ၊ ဤအကြောင်း နှစ်ပါးကြောင့် ဖြစ်ရသည်။ ထို့ကြောင့် ရသေ့ ဆေး ကျမ်းများ၌ လာသောနည်းနှင့် ဒေသနာတော်၌ လာသောနည်းတို့ကို ပေါးစပ်နှိုင်းချိန်လျှက် အောက်ပါအတိုင်း အနာ ရောဂါ တို့ကို အကျဉ်းချုပ် စုစည်းကာ ကုကြသည်။ (၁)သီတပကတိ သီတအဓိကနာ (၁) သီတပကတိ ဥဏှ အဓိကနာဟူ၍ အအေးနာနှစ်ပါး (၁) ဥဏှပကတိ ဥဏှအဓိကနာ၊ (၂) ဥဏှပကတိ သီတအဓိကနာ ဟူ၍ အပူနာ နှစ်ပါး၊ ဤအနာလေးပါးကို ခွဲခြားသတ်မှတ်၍ ကုသ ကြသည်။ နောက်တစ်ဖန် (၁) သဂသ္မဟိ တနာ (၂) ဗြုဟနနာ (၃) ပဂ္ဃရနနာဟူ၍ အအေးနာ သုံးပါး၊ (၁) ကက္ခဠနာ (၂) ဝိတ္ထမ္ဘိတနာ (၃) ပရိဿဝနာဟူ၍ အပူနာ သုံးပါး၊ ဤအနာခြောက်ပါးကို ခွဲခြားသတ်မှတ်၍ ကုသကြ သည်။ အထူးအားဖြင့် မင်းတုန်းမင်း လက်ထက် မြန်မာ ဆေးပညာကား ထိပ်တန်းသို့ ရောက်အောင် တိုးတက် ကြီးပွားလာသည်။ အင်္ဂလိပ် ခေတ်သို့ရောက်၍ အနောက်နိုင်ငံ ဆေးပညာကို တတ်မြောက်သော ဆရာဝန်များ ပေါ်လာကြသောအခါ၊ နှစ်ပေါင်းများစွာက ဘုရင်မင်းမြတ်နှင့် နိုင်ငံသူ နိုင်ငံသား များ၏ ကျန်းမာရေးအတွက် တာဝန်ခံ၍ ကုသလာသော မြန်မာဆေးဆရာများကို အစိုးရက အသိအမှတ်မပြုသည့် အတွက် အချို့နိုင်ငံသူနိုင်ငံသားတို့က တဖြည်းဖြည်း အထင်အမြင် သေးလာကြသည်။ အယုံအကြည် နည်းလာကြ သည်။ အပြစ်ပြောလာကြသည်။ ယုံကြည်သူများကာ မြန်မာ ဆေးဆရာများ ကိုသာ အားကိုးအားထား ပြုလျှက်ကုသစေကြ သည်။ သို့သော်လည်း တဖြည်းဖြည်း ကျဆင်းလာတော့သည်။ ဂိုဏ်းအမျိုး မျိုးသည် အထင်ရှားဆုံး ဖြစ်လာသည်။ ယခင် အနာခြောက်မျိုး ခွဲခြားသတ်မှတ်၍ ကုသသောနည်းကား တောင်သာ ဂိုဏ်းနည်းပင် ဖြစ်သည်။ မြန်မာဆေးပညာ ကျဆင်းလာသည်ဆိုသော်လည်း ထူးခြားချက် တစ်ရပ်မှာ အချို့နေရာ၌ ဆရာဝန်များထက် သာလွန်ခြင်းပင်ဖြစ်သည်။ ဆေးရုံမှာ ပျောက်ကင်းချမ်းသာအောင် မကုသနိုင်၍ ဆင်းလာ သော နာတာရှည် လူနာများနှင့် ဆရာဝန်များက မုချ သေလိမ့်မည် ဆုံးဖြတ်ထားသော လူနာများကို မြန်မာဆေးဆရာ များ ကုသကြရာ အချို့လူနာများ ပျောက်ကင်းချမ်းသော နေသည်ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ကြသည့်အတွက် အလွန် အံ့0x100သမိကြသည်။ ၁၉၂၈ ခုနှစ်သို့ ရောက်သောအခါ ပညာရေး အမတ်ချုပ် ကြီး ဦးဘရင်သည် မိမိကိုယ်တိုင်လည်း ဆေးဆရာဝန်ဖြစ်သည့် အားလျော်စွာ တိုင်းရင်မြန်မာ ဆေးပညာကို စနစ်တကျ ချီးမြေ|ာက်လိုသော ဆန္ဒဖြင့် အငြိမ်းစား အိုင်အမ်အက် (စ) လက်ဖတင်နင်ကာနယ် ဦးဘခက် အကြီးဥက္ကဋ္ဌ၊ အနောက်နိုင်ငံ ဆေးပညာတတ် မြန်မာဆရာဝန် သုံးဦး၊ တိုင်းရင်း မြန်မာ ဆေးပညာတတ် ဆရာကြီး ခြောက်ဦးတို့အား တိုင်းရင်းသား ဆေးပညာ စည်းစနစ်ကို စုံစမ်းသော ကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် တိုင်းရင်းမြန်မာ ဆေးပညာ စည်းစနစ်ကို နိုင်ငံတော်ရှိ ဆေးဆရာကြီးများထံ စုံစမ်း စစ်ဆေး၍ အစီရင်ခံစာ တင်သွင်းခဲ့သည်။ ယင်းအစီရင်ခံစာ၌ မြန်မာဆေးပညာအကြောင်း စုံလင်စွာ အစီရင်ခံထားသည့်အတွက် အလွန်မှတ်သားဖွယ် ကောင်းသည်။ အကျဉ်းချုပ်အားဖြင့် မြန်မာဆေးပညာသည် အိန္ဒိယအာယုဗ္ဗေဒ ဝဆေးပညာမှ ဆင်းသက်လာသည်။ အာယုဗ္ဗေဒဆေးပညာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက (တနည်း) ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၆ဝဝ ကျော်က စတင် ဖြစ်ပေါ်လာခဲ့သည်။ ဆေးပညာတို့၏ အရင်းခံ အခြေအမြစ်တစ်ခုဖြစ်သည့် အနောက်နိုင်ငံ ဆေးပညာတတ် ဆရာဝန်များသည်ပင် မိမိတို့ မနိုင်နင်းသော နာတာရှည်လူနာများအတွက် လည်းကောင်း၊ အိမ်သူ အိမ်သားများအတွက် လည်းကောင်း အာယုဗ္ဗေဒ ဆေးဆရာကြီးများကို ပင့်ခေါ်၍ ကုသကြရသည်။ ထို့ပြင် မြန်မာဆေးပညာ၌ အဘိဓမ္မာ (သို့မဟုတ်) ဓာတ်၊ ဗိန္ဒော၊ ပယောဂ၊ ဗေဒင်ပညာများလည်း ပါရှိသည်။ ယင်းပညာများကို မပျောက်မပျက် တိုးတက် ကြီးပွားလာရန် အစိုးရက မြန်မာဆေးပညာအဖွဲ့ချုပ်ကို ဖွဲ့စည်းအုပ်ချုပ်စေလျက် မြန်မာဆေးကျောင်းများ ကောလိပ်ကျောင်းများ ဖွင့်ပေးခြင်း၊ အောင်မြင် သူတို့အား အောင်လက်မှတ်ပေးခြင်း၊ ဆေးရုံဆောက်ပေးခြင်း စသည်ဖြင့် စနစ်တကျ ကူညီထောက်ပံ့ရန် စုံလင်စွာ အစီရင်ခံ ထားသည်။ ထိုသို့ အစီရင်ခံထားသော်လည်း အင်္ဂလိပ်အစိုးရသည် အစီရင်ခံစာအရ မြန်မာဆေးပညာကို တိုးတက်ကြီးပွားအောင် အကောင်အထည် ဖော်ခြင်းမရှိ၊ တခေတ်လုံး ဇာတ်မျောလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံး၍ လွတ်လပ်ရေး ရရှိပြီးနောက်၊ ၁၉၅၂ ခုနှစ်သို့ရောက်သောအခါ ယခင် အင်္ဂလိပ် ခေတ်က တိုင်းရင်းသာ ဆေးပညာစည်းစနစ်ကို စုံစမ်းသော ကော်မတီ အစီရင်ခံစာကို အကောင်အထည် ဖော်သော အနေဖြင့် ကျဆင်းနေသော တိုင်းရင်းမြန်မာ ဆေးပညာကို စနစ်တကျ မြှင့်တင်ရန် ရည်ရွယ်လျက် ကျန်းမာရေးဌာန ညွှန်ကြားရေးဝန် ဦးမောင်ကလေး ဥက္ကဋ္ဌ၊ သခင် ကိုယ်တော်မှိုင်း ဒုတိယဥက္ကဋ္ဌ၊ အင်းစိန်ခရိုင် ဆရာ ဝန်ကြီးဦးဝဏ္ဏ အကျိုးဆောင်နှင့် တိုင်းရင်းမြန်မာဆေးဆရာကြီး ၁၂ ဦးတို့အား ရှေ့ပြေးကော်မတီအဖြစ် ခန့်အပ်သည်။ ယင်းကော်မတီက တိုင်းရင်းမြန်မာ ဆေးပညာ မြှင့်တင်ရေး စီမံကိန်းများနှင့် တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေ များကို ရေးသား၍ အကြံပေးသည်။ အစိုးရက ကော်မတီ၏ စီမံကိန်းအရ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်မြို့၌ တိုင်းရင်းမြန်မာ အခမဲ့ ဆေးကုဌာနကိုးခုနှင့် မန္တလေးမြို့၌ တိုင်းရင်းမြန်မာ အခမဲ့ ဆေးကုဌာနကိုးခု၊ ပေါင်း ၁၈ ဌာန ဖွင့်လှစ်ကာ တိုင်းရင်းမြန်မာ ဆေးဆရာကြီး တို့အား ဆေးမှူးကြီးများအဖြစ် ခန့်အပ်ထား၍၊ နိုင်ငံသူနိုင်ငံသားတို့၏ ကျန်းမာရေးအတွက် တာဝန်ပေးလျက် ကုစေသည်။ ၁၉၅၄ ခုနှစ်တွင် တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေကို လွှတ်တော်နှစ်ရပ်က ပြဋ္ဌာန်းအတည်ပြုကြသည်။ ထို့နောက် ရှေ့ပြေးကော်မတီကို ဖျက်သိမ်းပြီးလျှင် အက်ဥပဒေ အရ တိုင်းရင်းမြန်မာ ဆေးပညာကို စနစ်တကျ မြှင့်တက်လျှက် ရှိသည်။ နည်းဥပဒေများကို ရေးသားလျှက် အဆင့်ဆင့် ပြဋ္ဌာန်းအတည်ပြုကြသည်။ ၁၉၅၅ ခုနှစ်မှစ၍ ၁၉၆၁ ခုနှစ် မေလအထိ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းရှိ တိုင်းရင်းမြန်မာ ဆေးဆရာတို့ကို (၁) ဓာတ် (၂) ဗိန္ဒော (၃) ပယောဂ (၄) နက္ခတ် ဗေဒင်၊ ဤလေးဘာသာကို ပိုင်းခြား သတ်မှတ်လျှက် မှတ်ပုံတင်ခဲ့ရာ၊ ယခုအခါ မှတ်ပုံတင်ပြီး ဆေးဆရာပေါင်း ၂ဝ…၉ဝဝ ဖြစ်သည်။ ( ဤကား မြန်မာ့ ဆေးပညာတည်း။ ) ဤသို့လျှင် အစိုးရက နိုင်ငံခြား ဆေးပညာတတ်များ နည်းတူ အားပေးချီးမြေ|ာက်လျှက် တိုင်းရင်းမြန်မာ ဆေးဆရာ များကလည်း ကြီးပွားတိုးတက်စေလိုသော စေတနာကောင်းဖြင့် အားကြိုးမာန်တက် ဆောင်ရွက်သွားပါလျှင် မြန်မာဆေးပညာ သည် ယခုလက်ရှိ ကမ္ဘာ့ဆေးပညာနှင့် ယင်ပေါင်တန်း ချီတက် လျှက် တိုင်းရင်းသားများအား အကျိုးဖြစ်ထွန်းနိုင်စေလိမ့်မည်ဟု မြေ|ာ်လင့်ရပေသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)