မြန်မာနိုင်ငံ သုတေသနအသင်း
မြန်မာနိုင်ငံ သုတေသနအသင်း (အင်္ဂလိပ်: Burma Research Society) သည် မြန်မာနိုင်ငံ၏ သမိုင်းသုတေသနဆိုင်ရာ အသင်းတစ်ခု ဖြစ်သည်။ အသင်း၏ အဓိက ရည်ရွယ်ချက်မှာ "မြန်မာနိုင်ငံနှင့် ယင်း၏ ကျောခိုင်းနံစပ် နိုင်ငံများ၏ ယဉ်ကျေးမှု အနုပညာ၊ သိပ္ပံပညာ၊ စာပေ ပညာစသည်တို့ကို လေ့လာစုံစမ်း ရှာဖွေရန်နှင့် အထူးသဖြင့် မြန်မာနိုင်ငံနှင့် စပ်လျဉ်းသော သုတေသန လုပ်ငန်းများကို အားပေးရန်" ဖြစ်သည်။[၁]
အတိုကောက် | BRS |
---|---|
ဖွဲ့စည်းခြင်း | မတ် ၂၉၊ ၁၉၁၀ |
အမျိုးအစား | Historical research |
ဌာနချုပ် | ရန်ကုန်မြို့ |
တည်နေရာ |
အသင်းကို ၁၉၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ဗားနတ်ပိဋကတ်တိုက်တွင် အိန္ဒိယ ပဋိညာဉ်ခံ အရာရှိ မစ္စတာ ဂျေ၊ အက်(စ) ဖာနီဗယ်၊ ပါမောက္ခ ဂျေ အေ စတီးဝပ် (J A Stewart)၊ ပါမောက္ခ ဂျီ၊ အိပ်လု(စ) (G.H. Luce)၊ ပါမောက္ခ ဦးဖေမောင်တင် တို့က စတင်တည်ထောင်ခဲ့သည်။ အသင်းကြီးမှ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် ကို ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် (၁၉၁၁–၁၉၇၇) တွင် အတွဲ ၅၉ တွဲ၊ ဂျာနယ် ၁၃၆ စောင်ထုတ်ဝေနိုင်ခဲ့ပြီး ဆောင်းပါးပေါင်း ၁၃၀၀ ကျော် ပါဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ်မှစ၍ ဂျာနယ်ထုတ်ဝေမှုသည် အစိုးရလက်အောက်ခံ ဖြစ်လာခဲ့သည်။ နှစ် ငါးဆယ်မြောက်အထိမ်းအမှတ် (ရန်ကုန်: မြန်မာနိုင်ငံ သုတေသနအသင်း၊ ၁၉၆၀–၆၁၊ နှစ်တွဲ) ကိုလည်း ထုတ်ဝေခဲ့သည်။ ပထမတွဲတွင် အသင်း၏ နှစ် ၅၀ ပြည့် ညီလာခံတွင် ဖတ်ကြားခဲ့သည့် စာတမ်းများ ပါဝင်ပြီး ဒုတိယတွဲသည် ၅၂၄ မျက်နှာရှိကာ ယခင်ထုတ်ဝေခဲ့သော ဂျာနယ်များမှ လက်ရွေးစင်ဆောင်းပါးများကို ပြန်လည်ပုံနှိပ်ထည့်သွင်းထားသည်။
အသင်းကြီးသည် သုတေသနဂျာနယ်များအပြင် မြန်မာရာဇဝင်ကျမ်းများ၊ လက်ရေးမူစာပေများနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုလည်း ထုတ်ဝေခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်အသင်းတည်ထောင်သည့်အခမ်းအနားကို ၁၉၁ဝ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ဗားနတ်ပိဋကတ်တိုက် ၌ ကျင်းပရာ၊ မြန်မာပြည် ဒုန္ထဘုရင်ခံ ဟားဗက် သာကယ်ဝှိုက်က သဘာပတိ ပြုလုပ်၍ ဝတ်လုံတော်ရ ဦးမေအောင်က အသင်းပဏာမမိန့်ခွန်းကို မြွက်ကြားခဲ့သည်။ အသင်း၏ ပထမဆုံး ဥက္ကဋ္ဌကား မစ္စတာ အိပ်(ချ)၊ အယ် အေး ဖြစ်၍၊ အသင်းတည်ထောင်စတွင် အဖွဲ့ဝင် ဦးရေ ၂၃၅ ဦး ရှိလေသည်။
အသင်း၏ အရပ်ရပ် လုပ်ငန်းဆောင်တာများကို အသင်းအရာရှိ ၁၅ ဦးနှင့် အခြားအဖွဲ့ဝင် ၁၅ ဦးတို့ပါဝင်သော အမှုဆောင်အဖွဲ့က ကွပ်ကဲဆောင်ရွက်လေသည်။ အမှုဆောင်အဖွဲ့သည် သာမန်အားဖြင့် တစ်နှစ်လေးကြိမ် တွေ့ဆုံစည်းဝေးကာ၊ ကြားကာလတွင် စီမံမှုအဖွဲ့ငယ်က အသင်း၏လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လေသည်။ ပုဂ္ဂိုလ် ၁၅ ဦးပါဝင်သော အထွေထွေ ကော်မတီအဖွဲ့က အသင်း၏ ဝါဒနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးလေသည်။
အသင်း၏ ၁၉၉၆ ခုနှစ် အဖွဲ့ဝင်ဦးရေမှာ ၁,ဝ၃၉ ဦးဖြစ်၏။ အသင်း၏ အဓိကလုပ်ငန်းသည် သုတေသန ပြုရေးပင်ဖြစ်ရာ အသင်းသားများ သုတေသန ပြုလုပ် ရှာဖွေတွေ့ရှိ ထားချက် စာတမ်းများကို ဖတ်ကြားနိုင်ရန် တစ်နှစ်လျှင်လေးကြိမ်မှ ခြောက်ကြိမ်အထိ အစည်းအဝေး ပြုလုပ်လေ့ရှိ၏။ နှစ်စဉ် ဒီဇင်ဘာလတွင်လည်း လေးရက်ကြာမျှ သုတေသနညီလာခံ ကျင်းပပြုလုပ်ကာ၊ အရပ်ရပ် သုတေသနစာတမ်းများ ၁ဝ စောင်မှာ ၁၅ စောင်အထိ ဖတ်ကြားကြလေသည်။
ယင်းစာတမ်းများကို မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ်တွင် ပုံနှိပ်ထုတ်ဝေသည်။ ဂျာနယ်ကို ၁၉၁၁ ခုနှစ်တွင် ပထမဆုံး စတင်ထုတ်ဝေခဲ့၍၊ ဂျာနယ်၏ ပထမဆုံး စာတည်းမှာ ကျောက်စာဝန် မစ္စတာစီ၊ ဒူရွားဇဲဖြစ်၏။ သုတေသနဂျာ နယ်သည် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင်မှ တစ်ပါး မပြတ်မလပ်ပင် ထွက်ပေါ်ခဲ့ရာ အုပ်တွဲပေါင်း ၄၅ တွဲအထိပင် ရောက်ရှိပြီဖြစ်၏။ မြန်မာနိုင်ငံနှင့် ကျောခိုင်းနံစပ် နိုင်ငံများဆိုင်ရာ စာပေဆောင်းပါး၊ ဘာသာစကားဆောင်ပါး၊ ရာဇဝင်သမိုင်း ဆောင်းပါး၊ ပုဂ္ဂိုလ်ထူး အထုပ္ပတ္တိ၊ ဓလေ့ထုံးစံ၊ ဘောဂဗေဒ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ရုက္ခဗေဒ၊ ပါဏဗေဒ၊ မနုဗေဒ စသော ပညာရပ်အသီးအသီးနှင့် စပ်ဆိုင်သည့် ဆောင်းပါး၊ စာအုပ် ဝေဖန်ချက် စသည့် အဖိုးတန် သုတေသန ဆောင်းပါး စာတမ်းများ ပါရှိခဲ့လေသည်။
စစ်ကြိုခေတ်က ထုတ်ဝေခဲ့သော ဂျာနယ်များမှာ စစ်ဘေး စစ်ဒဏ်ကြောင့် အလွန် ရှားပါးလျက်ရှိပေရာ၊ ၁၉၆ဝ ပြည့်နှစ်တွင် အသင်းအနှစ် ၅ဝ ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်းပါးကောင်းများကို ထုတ်နုတ် စုပေါင်းကာ နှစ် ၅ဝ စာစဉ်အဖြစ် ထုတ်ဝေခဲ့၏။
သုတေသနဂျာနယ်နှင့်မြန်မာနိုင်ငံသုတေသနအသင်း တွင်ပါဝင်သော ပညာရှင်များမှာ- မစ္စတာ ဂျီ၊ အို ဗလက်ဒင်၊ မစ္စတာ စီ၊ ဒူရွားဇဲ၊ မစ္စတာ ဂျေ၊ အက်(စ)ဖာနီဗယ်၊ ပါမောက္ခ ဒီ၊ ဂျီ၊ အီ ဟော၊ မစ္စတာ အာ၊ ဟာလီဒေး၊ မစ္စတာ ဂျီ၊ အီ ဟာဗေး၊ ပါမောက္ခ ဂျီ၊ အိပ်လု(စ)၊ ပါမောက္ခ အက်(ဖ)၊ ဂျေမက်ဂစ်၊ ပါမောက္ခ ဗီ၊ အာပန်း၊ ပါမောက္ခ အယ်၊ ဒီစတမ့်၊ ပါမောက္ခ ဂျေ၊ အေ စတီဝပ်၊ မစ္စတာဟားဘတ်အီးလ် စသော အနောက်တိုင်းသား ပညာရှင် အများအပြား နှင့်၊ မြန်မာပညာရှင်များထဲမှလည်း ဦးကောင်း၊အရေးပိုင်မင်းဦးကျော်ထွန်း၊"အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့ရ ဒေါက်တာဆရာလင်း၊ ပါမောက္ခဦးဖေမောင်တင်၊ ရခိုင်ပညာရှိဦးရွှေစံဘု၊ ကျောက်စာဝန် မစ္စတာတော်စိန်ခို၊ ဂုဏ်ထူးဆောင်ဆရာပွား၊ မှော်ဘီဆရာသိန်ကြီး၊ မြန်မာပညာရှိ ကျောက်စာဝန်ဦးဖေ၊ ပေါရာဏအဘိဓာန်ကျမ်းပြု အမျိုးသားပညာရေးဝန် ဦးဖိုးကျား၊ "သဒ္ဒါဘုရားပါရဂူ"ဟု တင်စားခြင်းခံရသော "ဝဇီရဗုဒ္ဓိ"ဘွဲ့ခံ ပညာအုပ်မင်းဦးဖိုးစိန်၊ ကဗျာဗန္ဓသာရကျမ်းပြု ပုဂံဝန်ထောက်မင်း ဦးတင်၊ ဦးဘသိန်း၊ဦးဘကျား၊"မြန်မာလေခမူလဝိဘာဝိနီ"မည်သော မြန်မာ အဘိဓာန်ကျမ်းပြု ဆရာဘီ၊ ဟံသာဝတီဦးဘရင်၊ ဦးဂုဏ်ဘဏ်၊ ဒီးဒုတ်ဦးဘချို၊ သုတေသနမှူးဦးအောင်သိန်း(နန်းညွန့်ဆွေ)၊ ပျူစာအားပထမဦးဆုံးရေးသားဖတ်နိုင်သူ စိုက်ပျိုးရေးဝန်သီရိပျံချီဦးသာမြတ်၊ "ငါးပိ"၏အာဟာရတန်ဖိုးကိုဖော်ထုတ်ခဲ့သော ဓာတုဗေဒဝန်ဦးချစ်သောင်း၊ ဂီတပညာရှင်ဦးခင်ဇော်(K)၊ ဆရာလွန်း၊ မွန်ပညာရှင် အသျှင်ဝါယမ၊ အဘိဓမ္မာပညာရှင်ဦးရွှေဇံအောင်၊ ဧချင်းဟောင်း(၁၂)စောင်ကိုတည်းဖြတ်ထုတ်ဝေခဲ့ သူ ပြည်ထဲရေးဝန်ကြီးဦးမေအောင်၊ ရူပဗေဒပညာရှင် ဦးသိန်း၊ ရူပဗေဒပညာရှင် ဦးဘိုးစော၊ ပါဠိသက်ဝေါဟာရအဘိဓာန်ကျမ်းပြု ဒဂုန်ဦးထွန်းမြင့်၊ ပုန်းမကြည်(ပုဗ္ဗကြယ်)ကိုလေ့လာခဲ့ သူ ကျောက်စာဝန်ဦးမြ၊ မြန်မာလ(၁၂)လများကိုလေ့လာခဲ့သူ ကျောက်စာဝန်ဦးလူဖေဝင်း၊ ဦးခင်(ဆာမောင်ခင်)၊ "သုတေသနအဘိဓာန်များမှတ်စု"ကျမ်းပြု ဒေါက်တာရီရီ၊ အကြီးတန်းသုတေသနမှူး သမိုင်းပညာရှင်မကြန်၊ မြန်မာစာပါမောက္ခဦးဧ မောင်၊ "မြန်မာ-အင်္ဂလိပ်အဘိဓာန်"ကျမ်းပြု စာတော်ပြန်ဝန်ထောက်ဦးထွန်းငြိမ်း၊ မြန်မာစာပါမောက္ခဦးမောင်မောင်ကြီး၊ ဘောဂဗေဒပါမောက္ခ ဒေါက်တာထွန်းဝေ၊ မွန်ပညာရှိနိုင်ပန်းလှ၊ "သတ်ပုံအဘိဓာန်မိတ်လင်စုံ"ကျမ်းပြု သတ်ပုံပညာရှင် ဦးအုန်းရွှေ၊ "တက္ကသိုလ် အင်္ဂလိပ်-မြန်မာအဘိဓာန်"ကျမ်းပြုဒေါက်တာဘဟန်၊ ဘာသာဗေဒပညာရှင် ဒေါက်တာလှဘေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာအေးလှိုင်၊ "လောကုပ္ပတ္တိပကာသနီ ကျမ်း နှင့် လောကသာရဆုံးမစာပျို့အဖြေကျမ်း"ပြုစုသူ ဦးဘိုးဖြူ၊ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၊ စာကြည့်တိုက်ပညာရှင် ဦးသော်ကောင်း၊ စာကြည့်တိုက်ပညာရှင် ဦးသန်းထွတ်(တိုက်စိုး)၊ "မြန်မာစကားအဖွင့်ကျမ်း (၃)တွဲ"ပြုစုသူ ကျောက်စာဝန်ဦးဖိုးလတ်၊ပါမောက္ခ ဒေါက်တာထင်အောင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊"တက္ကသိုလ် မြန်မာအဘိဓာန်"ပြုစုသူ ဦး ဝန်(မင်းသုဝဏ်)၊ဦးသိန်းဟန်(ဇော်ဂျီ)၊ ဒေါက်တာခင်မောင်ကြည်၊ ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)၊ ဦးတင်ဧ(တင်အေး-ရှမ်းပြည်)၊ ဒေါက်တာညီညီ၊ ဒေါ်ခင်ခင်စု၊စာရေးဆရာကုသ၊ မြန်မာစာပါမောက္ခဦးချမ်းမြ(မြကေတု) စသော ပညာရှင်အများအပြား ပါဝင်ထမ်းဆောင်/ရေးသားခဲ့ကြသည်။
ထုတ်ဝေမှုများ
ပြင်ဆင်ရန်မြန်မာနိုင်ငံ သုတေသနအသင်းသည် ဂျာနယ်ကို ထုတ်ဝေသည့်အပြင် ရှေးဟောင်းစာပေတို့ကိုလည်း ထုတ်ဝေခဲ့၏။ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာစကား၊ မြန်မာစာပေသည် မင်းသုံးစကား၊ မင်းသုံးစာပေ၊ လွှတ်တော်ရုံးသုံး စကားစာပေ မဟုတ်တော့ဘဲ၊ အခိုက်အတန့်အားဖြင့် လျစ်လျူပြုခံထားခဲ့ရသော စကားနှင့် စာပေဖြစ်ခဲ့ရာ၊ မြန်မာစကား မြန်မာစာပေ၏ ထုထယ်ကြီးမာပုံ၊ နက်နဲ ကြွယ်ဝပုံကို ထင်ရှားစေရန် ရှေးရှေး မြန်မာပညာရှိ ကိဝအဆက်ဆက်တို့ ရေးသားပြုစုခဲ့ကြသည့် ရာဇဝင်၊ သမိုင်း၊ တရားစာ၊ မေတ္တာစာ၊ ဖြတ်ထုံး၊ စာတမ်း၊ လျှောက်ထုံး၊ ပြဇာတ်၊ သီချင်း၊ ဂီတ၊ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လူးတား၊ ဧချင်း၊ မော်ကွန်း၊ စာဟောင်းပေဟောင်း အမျိုးပေါင်း ၄၈ အုပ်ကို အသင်းမှ စနစ်တကျ ရှာဖွေ တည်းဖြတ် ပုံနှိပ်ထုတ်ဝေခဲ့သဖြင့် မြန်မာစာပေ၏ ဂုဏ်ကျက်သရေသည် အထူးပေါ်လွင် ထင်ရှားခဲ့သည့်အပြင်၊ တက္ကသိုလ်တွင် မဟာဝိဇ္ဇာဂုဏ်ထူးတန်းအထိ မြန်မာစာပေသင်းကြား ပို့ချရေးကိုလည်း အားပေးကူညီနိုင်ခဲ့လေသည်။
စစ်ကြိုခေတ် တစ်လျှောက်တွင် မြန်မာနိုင်ငံ သုတေသနအသင်းမှ တည်းဖြတ်ထုတ်ဝေခဲ့သော ကျမ်းများမှာ-
၁။ဥတိန္နပျို့
၂။မဟာသီလဝပျို့
၃။မင်္ဂလသုတ်ပျို့
၄။ရာဇောဝါဒကျမ်း
၅။အင်းဝမြို့ဘွဲ့(၁၂)ရာသီလူးတား
၆။ဂဝံပတိ
၇။ရေစကြိုခုံတော်ဖြတ်ထုံး
၈။မဟာသုတကာရီမဃဒေဝလင်္ကာသစ်
၉။ဦးကုလား မဟာရာဇဝင်တော်ကြီး
၁၀။လောကသာရပျို့
၁၁။ကန်တော်မင်းကျောင်းမေတ္တာစာ
၁၂။မဟာပညာကျော်လျှောက်ထုံး
၁၃။ကျပင်ဘုန်းတော်ကြီးတရားစာ
၁၄။ဒေဝကုမ္ဘန်ပြဇာတ်
၁၅။ရတနာကြေးမုံနန်းတွင်းဇာတ်တော်ကြီး
၁၆။ပဒေသာသီချင်းများ
၁၇။ပါပဟိန်ပြဇာတ်
၁၈။ရွှေပြည်စိုး
၁၉။စံပယ်ပင်(ဝတ္ထု)
၂၀။ဥမ္မာဒန္တီပျို့
၂၁။မဟာသုတသောမပျို့
၂၂။ဂါမဏိစန္ဒပျို့
၂၃။ကင်းဝန်မင်းကြီးသမိုင်း
၂၄။ကျည်းကန်ရှင်ကြီးမေတ္တာစာ
၂၅။နတ်ရှင်နောင်ဆိုရတု
၂၆။တရုတ်သံရောက်မော်ကွန်း
၂၇။ရဲတင်းမော်ကွန်း
၂၈။အာသံနိုင်မော်ကွန်း
၂၉။ဦးပုညမေတ္တာစာ
၃၀။ဦးပုညသာသနာလျှောက်နှင့်ဆွမ်းတော်ကြီးစာတမ်း
၃၁။အထူးကောက်နုတ်ချက် ဇာတ်
၃၂။ပြည်ဘွဲ့,မြို့ဘွဲ့ လင်္ကာညွန့်ပေါင်း
၃၃။မာတောဝါဒဆုံးမစာပျို့
၃၄။စတုဓမ္မသာရကိုးခန်းပျို့
၃၅။ဩဝါဒထူးပျို့
၃၆။စိန္တကျော်သူဆိုရတုများ
၃၇။ဘိုးတော်ရှင်ဧချင်း နှင့် မင်္ဂလာလူးတား
၃၈။မွေ့နွန်းရကန်
၃၉။ရတနာကြေးမုံ
၄၀။ပဉ္စပါပီရကန်
၄၁။အသျှင်ဥက္ကံသမာလာမေတ္တာစာ
တို့ဖြစ်ကြပြီးစစ်ပြီးခေတ်တွင် ၁၉၆၂ ခုနှစ်အထိတည်းဖြတ် ထုတ်ဝေနိုင်ခဲ့သော ကျမ်းများကား
၄၂။တောင်ငူဆိုရတုအဖြေ
၄၃။စမ္ဗူ့ဒီပဥဆောင်းကျမ်း
၄၄။ရှေးဟောင်းလက်မှုပညာပေါင်းချုပ်
၄၅။သတ္တုရူပကဝိလာသနီကျမ်း
၄၆။မင်းနန်းစည်ဧချင်း(၃)စောင်တွဲ
၄၇။ဝဏ္ဏဗောဓနသတ်အင်း
၄၈။မြန်မာသံယောဂဒီပနီကျမ်း(ခေါ်)ပင့်ရစ်ဋီကာ
၄၉။ပိသုကာကျမ်း
၅၀။သုတေသနအဘိဓာန်များမှတ်စု
သုတေသန စာစဉ်များအပြင် ပါမောက္ခ ဦးဖေမောင်တင်နှင့် ပါမောက္ခ ဂျီ၊ အိပ်လု(စ)တို့က အင်္ဂလိပ်ဘာသာ ပြန်ဆိုသော မှန်နန်းရာဇဝင်ကြီးကိုလည်း အသင်းကြီးမှ ထုတ်ဝေခဲ့သည်။ ယခုအခါ လန်ဒန်တက္ကသိုလ်က တည်းဖြတ်ပုံနှိပ်ဆဲ ဖြစ်သော မြန်မာန္ထအင်္ဂလိပ် အဘိဓာန်သည် မူလအားဖြင့် မြန်မာနိုင်ငံသုတေသန အသင်းက ၁၉၂၅ ခုနှစ်မှစတင် ဆော်ဩ၍ စာလုံးများကို တာဝန်ယူ စုဆောင်းပေးခဲ့ခြင်းဖြစ်ကာ၊ ယခုတိုင် အဘိဓာန်၏ စာတည်းများမှာ အသင်းသားများ ဖြစ်ကြ ပေသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းကလည်း မြန်မာကို ကမ္ဘာက သိစေရန် အိန္ဒိယမှနေ၍ မြန်မာ့ ပထဝီဝင်၊ ရာဇဝင်သမိုင်း၊ ဗုဒ္ဓအယူဝါဒ၊ ဆန်၊ သစ်တော၊ တောင်တန်း ဒေသလူမျိုးများ၊ ကရင်လူမျိုး၊ ရေနံလုပ်ငန်း၊ ငှက်များနှင့် စာရင်းအင်း အချက်အလက်များကို စာအုပ်ငယ်များ သီးခြားရိုက်နှိပ် ထုတ်ဝေခဲ့၏။
အသင်း၏ အခြား အကျိုးပြုလုပ်ငန်း တစ်ရပ်ကား မြန်မာ့တေးဂီတများကို မော်ကွန်းတင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီက အသက် ရှစ်ဆဲ့ရှစ်နှစ်ရှိ ရွှေဘိုမြို့ အဝေးရောက်မင်း ဦးအောင်ကြီးကို ရန်ကုန်မြို့သို့ ပင့်ခေါ်၍ ဒေါ်စောမြဧကြည်၊ ဒေါ်ဒေလီညွှန့်၊ ဒီးဒုတ် ဦးဘချို၊ ဦးခင်ဇော်၊ သီပေါစော်ဘွား၏ နရည်းဝိုင်းတော်သားများ စသော ပညာရှင်များ အသီးအသီး၏ အကူအညီကို တောင်းယူကာ၊ ရတု၊ ရကန်၊ အဲ၊ အန်၊ ပျို့၊ သီချင်းကြီး၊ သီချင်းခံ၊ ပတ်ပျိုး၊ ကြိုး၊ ယိုးဒယား၊ နရည်း၊ မြှောက်စည် စသည်တို့ကို ဓာတ်ပြားသွင်းပြီးလျှင် မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်း ပညာတစ်ရပ်ကို မပျောက်မပျက် မတိမ်ကောရအောင် မှတ်တမ်း မော်ကွန်းတင်ခဲ့လေသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ Journal of the Burma Research Society။ IG Publishing။ 12 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-06-17 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)