မြန်မာဟစ်ဟော့သည် ယနေ့ခေတ် မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးဂီတအမျိုးအစားများထဲမှ တစ်ခုဖြစ်ပြီး အဓိကအားဖြင့် ရန်ကုန် နှင့် မန္တလေးရှိ မြို့ပြလူငယ်များအကြားတွင် လူကြိုက်အများဆုံးဂီတပုံစံတစ်ခုအဖြစ် ရှင်သန်လျက်ရှိသည်။

ပထမမျိုးဆက် ပြင်ဆင်ရန်

သက္ကရာဇ်အားဖြင့် ၂၀၀၀ ခုနှစ်မတိုင်မီကာလအထိ မြန်မာနိုင်ငံတွင် ရော့ခ်အန်ရိုး ဂီတအမျိုးအစားသာ ကြီးစိုးနေခဲ့သည်။ ၁၉၈၀ခုနှစ်များတွင် ရပ်အဆိုတော် မျိုးကျော့မြိုင် နှင့်အတူ မြန်မာဟစ်ဟော့ဂီတ စတင်ပေါက်ဖွားလာခဲ့သော်လည်း ယင်းအချိန်က သီချင်းများသည် ပုံမှန်သမားရိုးကျ ဟစ်ဟော့သီချင်းဆိုသည်ထက် တီးလုံးပေါ်တွင် အလွတ်သဘောအားဖြင့် ရပ်ရွတ်နေခြင်းသာ ဖြစ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များနှောင်းပိုင်းတွင် အက်ဆစ် ဟုအမည်ရသော ရန်ကုန်အခြေစိုက် အဖွဲ့ဝင် ၄ ဦးပါဝင်သည့် အဆိုတော်အဖွဲ့မှ ရန်ကုန်ရှိ နိုက်ကလပ်များတွင် ခေတ်ဟောင်းဟစ်ဟော့ဂီတကို စတင်မိတ်ဆက်ခဲ့ပြီး ရန်ကုန်မြို့နေလူငယ်များကြားတွင် ရေပန်းစားလာခဲ့သည်။ အက်ဆစ်သည် ၎င်းတို့၏ ပွဲဦးထွက်တေးသီချင်းအယ်လ်ဘမ်ဖြစ်သည့် စတင်ခြင်းကို ၂၀၀၀ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး ၎င်းတို့ကို မြန်မာဟစ်ဟော့ဂီတ၏ ရှေ့ပြေးဦးဆောင်များအဖြစ် အသိအမှတ်ပြုကြသည်။[၁]

အက်ဆစ်အဖွဲ့၏ အောင်မြင်မှုသည် ယခု မြန်မာဟစ်ဟော့ဂီတ၏ ပထမမျိုးဆက်ဟု အသိအမှတ်ပြုထားကြသော ဘာဘူနှင့် သားစိုး တို့ပါဝင်သည့် သီအိုရီအဖွဲ့ကျော်သူစိုးနှင့် လင်းလင်းတို့ပါဝင်သည့် အန်အက်စ်အဖွဲ့၊ တူးဘစ်အဖွဲ့ အစရှိသည့် အခြားဟစ်ဟော့အဆိုတော်များနှင့် အဖွဲ့များကိုပါ ဟစ်ဟော့ဂီတလောကသို့ ဝင်ရောက်လာရန် ဆွဲဆောင်နိုင်ခဲ့သည်။ ပထမမျိုးဆက် ဟစ်ဟော့အဆိုတော်အများစုသည် ခေတ်ဟောင်းဟစ်ဟော့ဂီတကို သီဆိုခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်က ဟစ်ဟော့ဂီတသည် မြန်မာလူထုအတွက် အသစ်အဆန်းဖြစ်နေခဲ့သည့်အတွက် လူထုက ကျယ်ကျယ်ပြန့်ပြန့်လက်မခံခြင်း မရှိခဲ့ပေ။ ပရိသတ်၏လက်ခံအားပေးမှုကို ပိုမိုရရှိရန်အတွက် စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့သော အချို့သော ပထမမျိုးဆက်အဆိုတော်များသည် ဟစ်ဟော့ဂီတကို ပေါ့ပ်ဂီတနှင့် ရောစပ်ဖျော်ဖြေခဲ့ကြပြီးနောက်ပိုင်းတွင် မြန်မာဟစ်ဟော့ဂီတသည် စီးပွားရေးအကျိုးအမြတ်အားဖြင့်လည်း ပိုမိုအောင်မြင်လာခဲ့သည်။

ဒုတိယမျိုးဆက် ပြင်ဆင်ရန်

အက်ဆစ်အဖွဲ့၏ ထိုးဖောက်အောင်မြင်မှုအပြီးတွင် နိုင်းမီလီမီတာ ဟူသောအဖွဲ့သည် မြန်မာဟစ်ဟော့ကို ပုံစံအသစ်၊ အဆင့်အတန်းအသစ်တစ်ခုဆီသို့ ပြောင်းလဲဖန်တီးခဲ့သည်။ ယင်းအဖွဲ့၏ မြေအောက်ဂီတအဖြစ် ဖန်တီးလှုပ်ရှားမှုများသည် လူငယ်ထုအကြားတွင် ပျံ့နှံ့ကျော်ကြားခဲ့သော်လည်း ထိုအချိန်က မြန်မာဆင်ဆာဘုတ်အဖွဲ့သည် ၎င်းတို့၏ သီချင်းအများစုကို ထုတ်လုပ်ဖြန့်ချိခွင့်မပေးဘဲ ဆင်ဆာဖြတ်တောက်ခဲ့သောကြောင့် နိုင်းမီလီမီတာဟူသောအမည်ဖြင့် တေးသီချင်းအယ်လ်ဘမ်ထွက်ရှိလာခြင်း မရှိခဲ့ချေ။ နောက်ပိုင်းတွင် ထိုအဖွဲ့၏ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများကြောင့် ဆင်ဆာဘုတ်အဖွဲ့က နိုင်းမီလီမီတာဟူသော အမည်နာမကိုပင် ပိတ်ပင်ခဲ့သည်။[၂]

အခြားသော ထင်ရှားကျော်ကြားသည့်အဖွဲ့များမှာ ပရောဂျက်ဝမ်း၊ ဗျောက်အိုး၊ အိတ်ဇမ်ပယ်အွန်ထရက်ခ် နှင့် ဆိုင်ကလုန်း တို့ဖြစ်ကြသည်။ အမ်အိတ်ချ်အေ (မြန်မာဟစ်ဟော့အစည်းအရုံး) ဟူသော အဖွဲ့အစည်းတစ်ခုကို မြန်မာမြေအောက်ဟစ်ဟော့ဂီတလောက၌ ဖွဲ့စည်းခဲ့ပြီးသည့်နောက်ပိုင်းတွင် လူငယ်အများအပြားသည် ယင်းအဖွဲ့တွင် ပါဝင်လာခဲ့ကြသည်။ ၎င်းတို့အနက်မှ ဂျေမီဘစ်ဝိုင်၊ ဂျီတုန်း၊ ကြက်ဖ၊ ရသ၊ သုတအေးနှင့် အခြားသော စံထားလောက်သည့် ဟစ်ဟော့အဆိုတော်များ ပေါ်ထွန်းလာခဲ့သည်။

တတိယမျိုးဆက် ပြင်ဆင်ရန်

၂၀၀၆ ခုနှစ်နှောင်းပိုင်းမှစတင်ပြီး ဂျောက်ဂျက်နှင့် ကျော်ထွဋ်ဆွေတို့ကဲ့သို့သော ဟစ်ဟော့အဆိုတော်အသစ်များက ၎င်းတို့ကိုယ်၎င်းတို့ တတိယမျိုးဆက်ဟု ကြွေးကြော်ခံယူကာ လှုပ်ရှားလာခဲ့ကြသည်။ ၎င်းတို့နှစ်ဦးက အာဘွိုင်း၊ ထိန်ဝင်း၊ လွှမ်းပိုင်တို့နှင့် ပူးပေါင်းကာ ဗွီအိုင်ပီ (ရော့ခ်စတား) ဟူသော အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၈ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၀၉ ခုနှစ်အစောပိုင်းကာလများတွင် အခြားသော တတိယမျိုးဆက်အဖွဲ့များသည် ၎င်းတို့၏ နမူနာတေးသီချင်းအယ်လ်ဘမ်များကို ထုတ်ဝေခဲ့သည်။

နိုင်ငံရေးဆက်နွယ်မှုများ ပြင်ဆင်ရန်

ဟစ်ဟော့အဆိုတော်အများအပြားသည် ၎င်းတို့၏ သီချင်းစာသားများကြောင့် အစိုးရ၊ အထူးသဖြင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ကြရသည်။ အစိုးရဆန့်ကျင်ရေးလူငယ်အဖွဲ့အစည်းတစ်ခုဖြစ်သော မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက်[၃] ဟစ်ဟော့အဆိုတော်ဇေယျာသော်သည် အကျဉ်းထောင်တွင် ၆နှစ်တာနေထိုင်ခဲ့ရပြီး ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။[၄] [၁] အဆိုပါအစည်းအရုံးဝင်တစ်ဦးဖြစ်သည့် ၎င်း၏သူငယ်ချင်းဖြစ်သူ ရန်ရန်ချမ်းသည်လည်း ယာယီထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံခဲ့ရသည်။[၅] နိုင်းမီလီမီတာအဖွဲ့ကိုလည်း ၎င်းတို့၏ ဖျော်ဖြေပွဲတစ်ခုတွင် နမူနာတေးသီချင်းအယ်လ်ဘမ်များဖြန့်ဝေခဲ့သည့်အတွက် ယင်းအမည်နာမဆက်လက်အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သည်။[၆] ဆိုင်ကလုန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အဆိုတော်ဂျီတုန်းသည်လည်း ဂီတဖျော်ဖြေပွဲတစ်ခုတွင် ဖျော်ဖြေနေစဉ်အတွင်း စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရဖူးသည်။[၂]

ကိုးကားချက်များ ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ငြိမ်းအိအိထွေး နှင့် မျိုးဆက် (04/08/2015)။ ၁၅ နှစ် ပြည့်တဲ့ 'အက်ဆစ်'။ 18 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 July 2020 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Archived copy။ 2007-11-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2009-02-12 တွင် ပြန်စစ်ပြီး။
  3. Archived copy။ 2011-06-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-08 တွင် ပြန်စစ်ပြီး။
  4. Archived copy။ 2011-05-20 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-18 တွင် ပြန်စစ်ပြီး။
  5. http://www.mizzima.com/news/inside-burma/1512-detained-hip-hop-singer-yan-yan-chan-released.html Archived January 11, 2009, at the Wayback Machine.
  6. Myanmar Future Generations [M.F.G Genre] (in en)။ M.F.G။ 7 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2017 တွင် ပြန်စစ်ပြီး။