မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (အင်္ဂလိပ်: Myanma Oil and Gas Enterprise) သည် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဌာနချုပ် | နေပြည်တော် |
ဝန်ကြီးများ | ဦးကိုကိုလွင် |
ဌာနအကြီးအမှူးများ | ၊ ဦးဆောင်ညွှန်ကြားရေးမှူး |
မိခင်အဖွဲ့အစည်း | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | moee.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၉၆၃-ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏ရေနံလုပ်ငန်းအား နိုင်ငံခြားကုမ္ပဏီများကသာ ဆောင်ရွက်ခဲ့သည်။ ယင်းကုမ္ပဏီများအနက် ဘီအိုစီရေနံကုမ္ပဏီသည် အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည်။ ၁၉၆၃-ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီအား ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းမှ စတင်၍ ရေနံလုပ်ငန်းသည် နိုင်ငံပိုင်လုပ်ငန်းဖြစ်လာခဲ့သည်။ ၁၉၆၄-ခုနှစ်၊ မတ်လတွင် ပြည်သူ့ရေနံလုပ်ငန်း(ပရလ)၊ ၁၉၇၀-ခုနှစ်၊ မတ်လတွင် မြန်မာ့ရေနံကော်ပိုရေးရှင်း(M.O.C) စသည့်အမည်များဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ယခုလက်ရှိအမည်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(M.O.G.E) အမည်သို့ ပြောင်းလဲခဲ့သည်။
လုပ်ငန်းတာဝန်
ပြင်ဆင်ရန်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ.လုပ်ငန်း၏ အဓိက လုပ်ငန်းတာဝန်များမှာ
- ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊
- သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်၍ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ဖြန့်ဖြူးခြင်း၊
- မော်တော်ယာဉ်များအတွက် စီအင်ဂျီဓာတ်ငွေ့အား အစားထိုးလောင်စာအဖြစ် ဖြန့်ဖြူးခြင်း၊
- နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်များချုပ်ဆို၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယင်းတို့၏လုပ်ငန်းများအပေါ် ကြီးကြပ်ကွပ်ကဲခြင်း တို့ဖြစ်သည်။
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အကြီးအကဲမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး ဦးဆောင်ညွှန်ကြားရေးမှူး၏ လက်အောက်တွင် ဌာနကြီး(၉)ခုနှင့် စီမံအုပ်ချုပ်မှုအရ ရေနံမြေ (၁၁)ခု ဖွဲ့စည်းထားသည်။ ဌာနကြီး(၉)ခုမှာ
- စီမံရေးဌာန
- အထွေထွေစီမံခန့်ခွဲရေးဌာန
- ဘဏ္ဍာရေးဌာန
- ရှာဖွေရေး/ဖွံ့ဖြိုးရေးဌာန
- ကမ်းလွန်ရှာဖွေရေးဌာန
- တူးဖော်ရေးဌာန
- ထုတ်လုပ်ရေးဌာန
- အင်ဂျင်နီယာလုပ်ငန်းဌာန
- ပစ္စည်းစီမံဌာန တို့ဖြစ်သည်။
စီမံအုပ်ချုပ်မှုအရ စုစည်းထားသည့် ရေနံမြေများမှာ
- သာကြီးတောင်-စပယ်ရေနံမြေ
- ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံမြေ
- ချောက်-လမ်းရွာရေနံမြေ
- ရေနံချောင်းရေနံမြေ
- မန်းရေနံမြေ
- ထောက်ရှာပင်-ထန်းကိုင်း-ကမ်းနီရေနံမြေ
- ပြည်တောင်တန်းရေနံမြေ
- မြန်အောင်-ရွှေပြည်သာရေနံမြေ
- အဖျောက်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေ
- ညောင်တုန်းရေနံနှင့်သဘာဝဓာတ်ငွေ့မြေ တို့ဖြစ်သည်။
လက်ရှိလုပ်ငန်းဆောင်ရွက်မှုအချက်အလက်များ
ပြင်ဆင်ရန်အကြောင်းအရာ | အရေအတွက် |
---|---|
ဝန်ထမ်းအင်အား | ၁ သောင်းခန့် |
ကုန်းပိုင်းတစ်နေ့ပျှမ်းမျှထုတ်လုပ်မှု | ရေနံ စည် ၇၅၀ဝ ခန့် သဘာဝဓာတ်ငွေ. ကုဗပေ ၆၅ သန်းခန့် |
တွင်းတူးစက် | ပေနက် : ၄ စက် ပေလတ် : ၇ စက် |
သဘာဝဓာတ်ငွေ့ပိုက်လိုင်းအရှည် | ၁၇၈၆ မိုင် |
စီအင်ဂျီဓာတ်ငွေ့ဆိုင် | ၄၅ ဆိုင် |
စီအင်ဂျီပြောင်းလဲသည့်ယာဉ်ပေါင်း | ၂၇၄၇၂ စီး |
ပြည်တွင်းသဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှု | နေ့စဉ်ကုဗပေသန်း ၂၅၀ ခန့် |
ပိတ်ဆို့အရေးယူခံရမှု
ပြင်ဆင်ရန်၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အား အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။ ၂၀၂၃ ဒီဇင်ဘာ ၁၅ရက်တွင် စတင်အသက်ဝင်မည့် ယင်းပိတ်ဆို့မှုတွင် ဘဏ်စာရင်းဖွင့်လှစ်မှု၊ ချေးငွေ ထုတ်ချေးမှု၊ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုအပါအဝင် အခြားဝန်ဆောင်မှုများ ပေးခြင်းတို့ တားမြစ်ကြောင်း အချက်များ ပါဝင်သည်။ [၂]
ကိုးကား
ပြင်ဆင်ရန်- မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း Archived 26 October 2014 at the Wayback Machine.
- ↑ "မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း"၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ Archived from the original on 17 April 2019။
- ↑ MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူ။ RFA (၃၁ အောက်တိုဘာ ၂၀၂၃)။ ၁ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။