လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)

မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်
(မြန်မာ့လွတ်လပ်ရေး မှ ပြန်ညွှန်းထားသည်)

လွတ်လပ်ရေးနေ့ (အင်္ဂလိပ်: Independence Day)သည် နှစ်စဉ် ဇန်နဝါရီလ (၄)ရက်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် စစ်မှန်သောလွတ်လပ်ရေးကိုရရှိခဲ့သည်။ နယ်ချဲ့တိုင်းတစ်ပါးတို့၏ စိုးမိုးအုပ်ချုပ်မှုအောက်မှ လွတ်မြောက်လာခဲ့သော တိုင်းပြည်နိုင်ငံများတွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်သည့်နေ့ကို လွတ်လပ်ရေးနေ့ဟူ၍ အသိအမှတ်ပြုထားခဲ့သည်။

လွတ်လပ်ရေးနေ့
အင်္ဂလိပ်:  Independence Day
ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်
ကျင်းပသည့်နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားနိုင်ငံတစ်ဝန်းအားလပ်ရက်
သိသာထင်ရှားမှုမြန်မာနိုင်ငံလွတ်လပ်ရေး ကြေညာခဲ့ခြင်း
ပွဲတော်များအားကစားပွဲများ၊ ပွဲတော်များ
နေ့ရက်ဇန်နဝါရီ ၄
အကြိမ်နှစ်စဉ်


ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။

ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။


မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ နှစ်စဉ်နှစ်တိုင်း သတိရ ကြစေရန် သတိပေးနှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ဆင်ယင်ကျင်းပကြ၏။

ထိုအထိမ်းအမှတ်ပွဲများတွင် များသောအားဖြင့် လွတ်လပ်ရေး ကျောက်တိုင်၌ စုဝေးကြ၍ ပြည်ထောင်စုတည်မြဲရေး တိုးတက်ရေးကို မမေ့ မလျော့ဆောင်ရွက်ရန် အဓိဋ္ဌာန်များပြုလေ့ရှိကြသည်။ ပျော်ပွဲရွှင်ပွဲနှင့် ပြပွဲ ပြိုင်ပွဲအမျိုးမျိုးကိုလည်း တစ်ခမ်းတစ်နားဆင်ယင်ကျင်းပကြ၍ အစိုးရက လည်း နိုင်ငံ၏တာဝန်ကို ထူးချွန်စွာထမ်းဆောင်သူတို့အား ဘွဲ့ထူး ဂုဏ်ထူး နှင့် ဆုလာဘ်များ ပေးအပ်ချီးမြှင့်လေသည်။ []

ရုပ်ပုံများ

ပြင်ဆင်ရန်

အခြားဖတ်ရန်

ပြင်ဆင်ရန်
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)