မြသလွန်ဘုရားသည် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့၏ အနောက်မြောက်ဘက်အစွန် ဧရာဝတီမြစ်ကမ်းဘေး နဂုတ္တမ တောင်ကုန်းပေါ်တွင်တည်ရှိသည်။ မကွေးမြသလွန် မလွန်မြသပိတ် ဟု ဆိုရိုးရှိသည့်အတိုင်း မြန်မာနိုင်ငံ တန်ခိုးကြီးဘုရားများတွင် မြသလွန် ဘုရားလည်း အပါအဝင်ဖြစ်သည်။ လုံးတော်ပြည့် ရွှေချထားသည့် ဘုရားတစ်ဆူဖြစ်ပြီး စုစုပေါင်း အချပ်ရေမှာ "ဒွေးအစ်အဌဇေယျသတိ ချပ်ရေရှိ လုံးပြည့်ရွှေရောင်ဖြိုး" ဟု ဆိုစကားရှိသည်။

မြသလွန်ဘုရား
မြသလွန်ဘုရားအား ညဖက်တွင်ဖူးတွေ့ရစဉ်
မြသလွန်ဘုရား သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မြသလွန်ဘုရား
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာမကွေးမြို့မကွေးတိုင်းဒေသကြီး
ကိုဩဒိနိတ်20°10′11″N 94°55′2″E / 20.16972°N 94.91722°E / 20.16972; 94.91722ကိုဩဒိနိတ်: 20°10′11″N 94°55′2″E / 20.16972°N 94.91722°E / 20.16972; 94.91722
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမြန်မာနိုင်ငံ
မြသလွန်ဘုရားအား ညဖက်တွင် ဖူးတွေ့ရစဉ်

သမိုင်းကြောင်း ပြင်ဆင်ရန်

သမိုင်းအဆိုအရ မြသလွန်ဘုရားသည် ကဿပဘုရားရွှေသလွန်တော်နှင့် ဂေါတမမြတ်စွာဘုရား၏ မြသလွန်တော်တို့ကို ဌာပနာ၍တည်ထားသည်ဟု ဆိုသည်။

ဂေါတမမြတ်စွာ ဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် နှစ်ဆယ်သို့ ရောက်သောအခါ သုနာပရန္တတိုင်း လယ်ကိုင်းသားတို့သည် စန္ဒကူးသားဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကို အလှူခံတော်မူရန် မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားကြ၏။ ဘုရားသခင်သည်မဟာ သက္ကရာဇ် ၁၂၃ ခု၊ ဝါဆိုလဆုတ် ၈ ရက်နေ့တွင် လယ်ကိုင်းစန္ဒကူးနံ့သာကျောင်းကို အလှူခံတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာခြင်းဖြင့် မွေ့လျော်တော်မူ၍ တရားဒေသနာ တိုက်ကျွေးတော်မူသည်။ ထိုမှတစ်ဖန် ရွှံ့ပွက်တောင်တို့ဖြင့် ခြံရံလျက်ရှိသော မင်းဘူးမြို့ရှိ စက္ကိန်းတဲတောင်ထိပ်သို့ ကြွချီကာ သိတင်းသုံးနေတော်မူသည်။

ရှေးဘုရား အဆူဆူပွင့်တော်မူစဉ်က ထိုတောင်ထိပ်သို့ ရောက်သည်ရှိသော် သိကြားနတ်မင်းသည် ရတနာ သလွန်တော်ကို လှူဒါန်းမြဲဖြစ်သည်အတိုင်းဂေါတမ မြတ်စွာဘုရားအားလည်း မြသားအတိပြီးသော သလွန်တော်ကို လာရောက် လှူဒါန်းလေသည်။ ထိုအချိန်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ခပ်လှမ်းလှမ်း တောနက်ကြီးတစ်ခု၌ နေသော ဘောသော၊ ဘောကျော်၊ ဘောသူရ၊ ဘောရသမည်သော ဘီလူးညီနောင် ၄ ဦးတို့သည် မြတ်စွာဘုရားထံ ကြစုဖန်ခါးသီးများ သွားရောက်လှူဒါန်း၍ ဘုရားသခင်၏ တရားတော်ကို နာကြားရသဖြင့် အကျွတ်တရားရကုန်၏။ တရားနာပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခု ပေးသနားတော် မူပါရန် လျှောက်ထားသည်တွင် မြသားလွန်တော်ကို ပေးအပ်လေတော့၏။ ဘီလူးညီနောင်တို့လည်း အားရ ရွှင်လန်းစွာဖြင့် သလွန်တော်ကို ပင့်ဆောင်ကာ မကွေးမြို့ဖက်ကမ်းရှိ မိမိတို့နေရာ တောကြီးအတွင်း၌ ဌာပနာ၍ ဘုရားတည်ကိုးကွယ်ကြသည်။ သို့သော် နေရာမှန် မဟုတ်သည့်အတွက် သိကြားမင်းသည် သူ၏တန်ခိုးဖြင့် ထိုဘုရားကိုဖြိုကာ မြသလွန်တော်ကို ပင့်ဆောင်သွားခဲ့ရာ ယခုထက်တိုင်အောင် ထိုဘုရားပြိုရှိသောနေရာကို အမှီပြု၍ ဘုရားပြိုရွာဟု တည်ရှိနေပေသေးသည်။

သိကြားမင်းသည် ဘီလူးတို့ တည်ထားသော ဘုရားကိုဖျက်ကာ မြသားသလွန်တော်ကို ယူ၍ ဧရာဝတီမြစ်ကမ်းတွင် သိတင်းသုံးနေကြသော ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ ဒ္ဒိဗ္ဗဃာနမည်သော ရသေ့ကြီး သုံးဦးထံ သို့ ပင့်ဆောင် သွားလေသည်။ ထိုနောက် ကဿပဘုရား လက်ထက်တော်အခါက ရွှေသား သလွန်တော်ကို ဌပနာခဲ့ဖူးသော နဂုတ္တမတောင်ထိပ်တွင် မြသလွန်တော်ကိုလည်း ဌာပနာရန် စီမံ၏။ ထိုအခါ ပထမလှေတစင်းတွင် ပတ္တမြားပြာသာဒ်တော်၌ ဂေါတမမြတ်စွာဘုရား၏ မြသလွန်ကို တင်ဆောင်၍လည်းကောင်း ဒုတိယလှေတစ်စင်းတွင် ရွှေသားပြာသာဒ်တော်၌ကဿပ ဘုရား၏ ရွှေသား သလွန်တော်ကို တင်ဆောင်၍လည်းကောင်း မဟာသက္ကရာဇ် ၁၂၈ ခု တပေါင်းလပြည့်နေ့တွင် ဧရာဝတီမြစ်ရေနှင့် အညီ စီမံကာ ဌာပနာတော်မူလေသည်။ နောက်ထပ် စေတီတည်ရန်မှာ ဘီလူးညီနောင်တို့ စုတေ၍ လူသားစင်စစ်ဖြစ်သောအခါမှသာ ဘုရားတည်ရန် သင့်ကြောင်း ရသေ့တို့အား ပန်ကြား၍ တာဝတိံသာသို့ ပြန်ကြွသွားလေသည်။

ထိုရသေ့မြတ်သုံးပါးတို့ သီတင်းသုံးတော်မူရာ နေရာနှင့် မကွာဝေးသောနေရာတွင် မဟာဂါမမည်သော ရွာကြီးတစ်ရွာရှိ၏။ ထိုရွာကြီးတွင် ကုဋေများစွာ ကြွယ်ဝသည့် သုဘောဂဟူသော သူဌေးကြီးတစ်ဦးရှိရာ ရသေ့တို့၏ ပစ္စည်းလေးပါးဒါယကာဖြစ်၏။ တစ်နေ့သ၌ သူဌေးကြီးသည် ရသေ့သုံးဦးထံ ရောက်သွား၍ ဘုရားသခင်၏ သလွန်တော် ဌပနာရာ နဂုတ္တမ တောင်ထိပ်တွင် စေတီတည်ပါရန်လျှောက်ထားလေသည်။ သို့သော် လူဝင်စားများ ဖြစ်ကြသည့် ဘီလူးညီနောင်တို့နှင့် တိုင်ပင်၍ ပူးပေါင်းစေတီတည်မှသာ ထမြောက်အောင်မြင်မည့် အကြောင်းကို မိန့်ကြားလေသည်။ ထိုကြောင့် သူဌေးကြီးသည် လူဝင်စား ဘီလူးညီနောင်တို့အား မည်သူမည်ဝါဟူ၍ မသိဘဲ ရှာဖွေရတော့၏။ သူဌေးကြီးတွင် အဆင်းအင်္ဂါ တင့်တယ်လှပသည့် ပုဏ္ဏဝတီမည်သော သမီးတစ်ယောက် ရှိ၏။ သူဌေးသမီးလည်း လူဝင်စားဘီလူးညီနောင်တို့အား ထိုမှဤမှ ရွာစဉ် လျှောက်၍ ရှာဖွေသော်လည်း မတွေ့သည့်အဆုံး၌ မြသားသလွန်ဌာပနာထားသော နဂုတ္တမတောင်၏ တောင်ဘက် တစ်ခုသော ကုန်းမြင့်ပေါ်သို့ ရောက်သွားလေသည်။ ထိုတောင်ကုန်းပေါ်၌ အမျိုးမျိုးသော ပန်းတို့ကို သီကုံး၍ ပန်းကုံးတစ်ခု ပြုလုပ်ပြီးလျှင် အလိုရှိသော စာခွေကိုလည်း ရေးသားထား၏။ ထိုစာခွေကို ပန်းကုံးဖြင့်ရစ်ပတ်ကာ ဘီလူးဝင်စားသော လူသားများသာလျှင် တွေ့မြင်နိုင်ပါစေသတည်းဟု သစ္စာအဓိဋ္ဌာန်ပြု၍ ထားခဲ့လေသည်။ (ထိုနေရာတွင် ပန်းရစ်တောင်စေတီဟူ၍ ရှိသည်။)

ထိုမှတစ်ဖန် ပုဏ္ဏဝတီသည် နဂုတ္တမတောင်သို့ တက်ကာ မြသားသလွန်ကို ရှိခိုးပူဇော်ပြီးလျှင် မြောက်ဘက်စူးစူး တစ်မိုင်ခန့် ဝေးသောကုန်းမြင့်တစ်ခုသို့ ရောက်လေသော် ငါ၏ လင်လောင်းလျာ ဘောကျော်ဆိုသူ လူဝင်စားသည် ယခုအခါ အဘယ်အရပ်တွင် ရှိလိမ့်မည်နည်းဟု မျှော်မှန်း တောင့်တလေသည်။ (ဤနေရာတွင် ရွှေလင်မျှော် စေတီတော် တစ်ဆူရှိသည်။) ထို့နောက် မိမိရွာသို့ပြန်လေ၏။ လူဝင်စားများ ဖြစ်လာကြသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် အရွယ်ရောက်လာကြသောအခါ ကုန်သည်ဘဝဖြင့် တစ်နေ့တွင် ရသေ့ကြီး သုံးဦးထံ ရောက်လာကြပြီးနောက် မြသလွန် ဌပနာရာ ဖြစ်သော နဂုတ္တမ တောင်ထိပ်သို့ အသွားတွင် တောင်ဘက်ကုန်းမြင့်သို့ ရောက်လာကြ၏။ ထိုကုန်းထက်၌ ပုဏ္ဏဝတီ အဓိဋ္ဌာန်ပြုခဲ့သည့် ပန်းကုံးရစ်ပတ်ထားသော စာခွေကို တွေ့ရာဖတ်ရှုကြည့်သဖြင့် အကြောင်းစုံ သိရှိကြလေသည်။ ထိုနောက် သလွန်တော်ကို ဖူးပြီးလျှင် ပုဏ္ဏဝတီရှိရာ ရွာသို့သွားကြ၏။ သူဌေးကြီးလည်း အနှစ်နှစ်က တောင့်တစောင့်မျှော်နေရသော ဘောသော၊ ဘောကျော် လူဝင်စားညီနောင်တို့အား တွေ့ရသောကြောင့် များစွာဝမ်းမြောက်၏။ ထို့နောက် သူဌေးကြီးနှင့်တကွ ဘောကျော်တို့ညီနောင်နှင့်အတူ ပုဏ္ဏဝတီ သူဌေးသမီးတို့သည် ဆရာရသေ့သုံးဦးထံ သွားရောက် ဖူးမြော်ကြရာ ရသေ့တို့က သိကြားမင်း မှာစကားကို ပြောကြားလေတော့၏။ သူဌေးကြီးသည် ညီတော်ဘောသောအား ရွှေသားနွားဝန်တစ်တင်း၊ ငွေသား နွားဝန်တစ်တင်း တင်ဆောင်စေ၍ ပြန်လွှတ်လိုက်၏။ နောင်တော် ဘောကျော်အား သမီးတော်နှင့် ထိမ်းမြားလိုက်လေသည်။

အရွယ်အစား ပြင်ဆင်ရန်

မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်တွင် ရသေ့ကြီး သုံးဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီနှင့် သားမက်ဘောကျော်တို့သည် ရွှေသားသလွန်တော်နှင့် မြသားသလွန်တော်တို့ကို ဌာပနာကာ စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့် သံတောင် ၃၅ တောင်ရှိသည်ဟူ၏။ ဤကား မြသလွန်စေတီကို ပထမဆုံအကြိမ် တည်ခြင်းဖြစ်သည်။ ထို့နောက် ပုဂံခေတ်၊ သက္ကရာဇတ် ၄၂၁ ခုနှစ်တွင် နန်းတက်သော စောလူးမင်းသည် သံတောင် ၅၅ တောင်မြင့်သော မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် တည်ပြန်သည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် မြေငလျင် ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍ ပြိုခဲ့ရလေသည်။ ထိုနှစ် တပေါင်းလဆန်း ၁၅ ရက်နေ့တွင် မကွေးမြို့ သူကြီးမင်းမင်းထင် မင်းလှကျော်ခေါင်သည် သံတောင် ၆၆ တောင် ၂ မိုက်မြင့်သော စေတီတော်ကြီးကို အသစ်တဖန် ထပ်မံတည်ပြန်သည်။ ထိုမှ တစ်ပါး ပထမခွေတွင် အချင်း ၅ တောင်တစ်မိုက်၊ အစောက် ၁၇ တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။ ထိုသို့ တည်စဉ် ဘုရားတည်ဆောက်သော ဗိသုကာ ပန်းရံဆရာကြီးများက ဘုရားသပိတ်မှောက်တွင် လက်ယှက်ဘီလူးရုပ် ၂၁ ရုပ်တိတိ ထုလုပ်ရာ၌ တနင်္ဂနွေထောင့်နှင့် သောကြာထောင့်ကြားရှိ ဘီလူးရုပ်ကို အခြားဘီလူးများကဲ့သို့ ထုလုပ်သော်လည်း အစွယ်မပါ ပြုံးနေ​သော ဘီလူးပုံသာ ဖြစ်ပေါ်လာသည်။ ၃ ရက် ၃ ကြိမ်တိတိ ပြင်ဆင် ထုလုပ်သော်လည်း အခြားဘီလူးရုပ်ကဲ့သို့ မထွက်လာသည့်အတွက် ဤအတိုင်း ထားခဲ့ရသည်။ [၁]

သီရိဃဏ္ဍခေါင်းလောင်း ပြင်ဆင်ရန်

စေတီရင်ပြင် တနင်္ဂနွေထောင့်တွင် ချိတ်ဆွဲလှူဒါန်းထားသော ခေါင်းလောင်းက သီရိဃဏ္ဍခေါင်းလောင်း ဖြစ်ပြီး ယင်းကို ၁၈ အောက်တိုဘာ ၁၈၄၆ သာယာဝတီမင်းလက်ထက်တွင် မကွေးမြို့သူကြီး မောင်ရွှေပြည့်က ချိတ်ဆွဲလှူဒါန်းသည်။ ခေါင်းလောင်းစာ စီကုံးရေးသားသူမှာ ရှင်ပညာတိက္ခ ဖြစ်သည်။

ဘုရားပွဲတော် ပြင်ဆင်ရန်

မကွေးမြို့ မြသလွန်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၈ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ [၂] ရှေးအခါက မကွေးမြသလွန် ဘုရားပွဲသည် အထက်အောက် ကုန်စည်ဖလှယ်ရာ ဈေးကြီးအဖြစ် အရောင်းအဝယ်စည်ကားခဲ့သည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. ပိုင်(မကွေး) (ဇူလိုင်၊ ၂၀၀၀)။ မြသလွန်ဘုရားမှာ ပြုံးနေတဲ့ ဘီလူးကြီးအကြောင်း။ နက္ခတ္တရောင်ခြည်။ p. ၁၃၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  3. လွင်မောင်၊ မှတ်တမ်းသမိုင်း ပဲခူးမကွေးတိုင်း၊ ၁၉၇၅-ခု၊ ဇူလိုင်လ၊ စာ-၁၄၇/၁၄၈