ပင်မမီနူးကို ဖွင့်ရန်

မြေပဲပင်သည် တစ်နှစ်ခံ ပင်ပျော့မျိုးဖြစ်၍ လီဂူမီနိုးစီးမျိုးရင်း တွင် ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒ အမည်မှာ အယ်ရာ ကစ် ဟိုင်ပိုဂျီအာဖြစ်သည်။ ပဲတောင့်၊ ပဲလုံးတို့နှင့် မျိုးချင်းတူ သည်။ မြေပဲပင်၏ မူလပေါက်ရာဒေသသည် တောင်အမေရိက တိုက်ရှိ ဗရာဇီးနိုင်ငံဖြစ်၍ ထိုမှတစ်ဆင့် အာဂျင်တီးနားနိုင်ငံ ၊မြောက်အမေရိကတိုက်၊ တရုတ်နိုင်ငံတို့သို့ ပျံ့နှံ့လာသည်။ ယခုအခါတွင်ကား နေရာအနှံ့အပြားမှာပင် စိုက်ပျိုးလျက်ရှိကြ သည်။

မြန်မာနိုင်ငံတွင် ရှေးခေတ်က မြေပဲကို စိုက်ပျိုးလေ့မရှိချေ။ ခရစ် ၁၈၈၅ ခုနှစ်တွင် မကွေးနယ်၌ မြေပဲကိုစ၍ စိုက်သည် ဟု ရှေးအကျဆုံး မှတ်တမ်းများအရ သိရသည် ထိုနှစ်မတိုင်မီ က မြန်မာနိုင်ငံ၌ မြေပဲကို စိုက်ပျိုးသည့် လက္ခဏာမရှိချေ။ ရှမ်းပြည်နယ်၌မူ ထိုနှစ်ထက် စောစွာကပင် မြေပဲကို စိုက်ပျိုးခဲ့ ဟန်တူသည်။ မြေပဲပင်သည် အထူးမိုးခေါင်ခံသော အသီးအနှံ ဖြစ်သည့်အတိုင်းမြန်မာနိုင်ငံ အပူပိုင်းဒေသနှင့် အလွန်သင့်လျော် ၏။ ထိုကြောင့် မိုးနည်းပါးသော ဒေသများ၌ မြေပဲကို အမြောက်အမြား စိုက်ပျိုးကြသည်။ မြေပဲကို အများအပြား စိုက်ပျိုးသော အရပ်များမှာ မကွေး၊ ပခုက္ကူ၊ မြင်းခြံခရိုင်တို့၌ အထူးတလည် ကြီးကျယ်စွာ စိုက်ပျိုးကြသည်။

မြေပဲကို အကြမ်းအားဖြင့် (၁) ပင်ပြန့်မြေပဲ၊ (၂) ပင်ထောင် မြေပဲ ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ပင်ပြန့်မြေပဲ၏ အသက်မှာ ၆ လ၊ ၇ လခန့်ရှိ၍ မြနမာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား အရပ်ဒေသတွင် အကြီးအကျယ် စိုက်ပျိုးကြ သည်။ ယင်းကို မြန်မာမြေပဲ ဟူ၍လည်းကောင်း၊ ကုလားမြေပဲ ဟူ၍လည်းကောင်း ခေါ်ကြသည်။ ပင်ထောင်မြေပဲမှာ အသက် လျင်၍ ၃ လမှ ၃လခွဲအတွင် ရိတ်သိမ်းရသည်။ ယင်းကို မိုးအခါ၌ လည်းကောင်း၊ ဆောင်းအခါ၌လည်းကောင်း၊ စိုက်ပျိုး နိုင်သည်။ သို့ရာတွင် အထူးသဖြင့် ဆောင်းရာသီတွင် ကျွန်းမြေ များပေါ်၌ ပိုမိုစိုက်ပျိုးကြသည်။

မြေပဲသည် ရေဝပ်သော မြေစေးမှ တစ်ပါး အခြားမည်သည့် မြေ၌ မဆိုဖြစ်ထွန်းသည်။ သို့ရာတွင် သဲဆန်သော မြေကားပင်ပြန့်မြေပဲ အတွက် အကောင်းဆုံးဖြစ်သည်။ ပင်ထောင် မြေပဲအတွက်မှာမူ အနည်းငယ် နုံးဆန်သောမြေသည် အကောင်းဆုံး ဖြစ် သည်။ မြေပဲစိုက်ပျိုးသည့်အခါ မြေကို ထယ်ထိုးဖို့ အရေးကြီးသည်။ သို့ရာတွင် မြေတိုင်းကို ထယ်ထိုးရမည်ဟု တထစ်ချမမှတ် ယူအပ်ပေ။ မြေသည်မွရွနေသော သဲမြေဖြစ်လျှင် ထယ်ထိုးဖို့မလိုဘဲ ထွန်နှင့်ပင် လုံလောက်ပေသည်။ မြေပဲသည် ပေါင်းကို အထူးကြောက်သော အပင် ဖြစ်သည်။ ပေါင်းရှိလျှင် မည်မျှပင် အပင် သန်သော်လည်းကောင်းစွာ ဥမအုချေ။ ထိုကြောင့် ပေါင်းပင်များကို တစ်ကြိမ်မက၊ နှစ်ကြိမ် သုံးကြိမ်ပေါင်းသင်ပေးရသည်။ မြေပဲပင်များကို အတန်းလိုက်စိုက် ပျိုးကြသည်။ အတန်းလိုက်စိုက်သည့်အခါ ပေါင်းစရိတ်သက်သာ သည်။ သက်သာခြင်းမှာ အတန်းများ အကြားအကြားတွင် ထွန်ဖြင့် ကြားလိုက်နိုင်သောကြောင့် ဖြစ်သည်။

မြေပဲကို စိုက်ပျိုးပြီး၍ ၇ ရက်မှ ၁ဝ ရက်အတွင်း အပင်ငယ်များ ပေါက်လာကြသည် ၅ သီတင်း ၆ သီတင်း အတွင်း၌ အပွင့်များ ပွင့်ကြသည်။ ထိုအပွင့်များမှာ သေးငယ်၍ ဝါသော အရောင်အဆင်းရှိလျက် စားတော်ပဲပွင့်များကဲသို့ လိပ်ပြာနှင့် ပုံသဏ္ဌာန်တူသည်။ အချိန်၍ အပွင့်များ ကြွေကျသွားသောအခါ ပွင့်တံများ ရှည်ထွက်လာသည်။ ထိုပွင့်တံများသည် မြေကြီးရှိရာ အောက်ဖက်သို့ ထိုးဝင်သွားပြီးနောက် ပွင့်တံ၏ ချွန်ထက်သော အဖျားများသည် အသီးအနှံအဖြစ်ဖြင့် ကြီးပွားလာကြသည်။ မြေပဲပင်သည် စိုက်ပျိုးပြီးနောက် ၅ လမှ ၇ လခန့် ကြာလျှင် အသီးများ ရင့်မှည့်၍ လာသည်။ အပင်များရှိ အရွက်များ ခြောက်သွေ့၍ လာသောအခါမြေပဲသိမ်းရန် အချိန်တန်ပြီ ဖြစ်၏။

တစ်ဧကလျှင် မြေပဲတင်းပေါင် ၃ဝ မှ ၄ဝ အထိ ထွက်လေသည်။ မြေပဲကို ဆီအတွက် အများဆုံးစိုက်ပျိုးကြသည်။ သို့ရာတွင် အချို့ကိုမူ သရေစာအဖြစ်ဖြင့် မြေပဲ အစေ့အတိုင်း လူတို့စား သုံးကြသေးသည်။ အနောက်နိုင်ငံများတွင် မြေပဲထောပတ်ခေါ် မြေပဲဆီမှ ပြုလုပ်သော ထောပတ်ကို ဟင်းချက်ရာ၌ အသုံးပြုကြ သည်။ မြေပဲမှော်များသည် ကျွဲစာ နွားစာအဖြစ် သုံးရန် အလွန်ကောင်း သည်။ မြေပဲဆီကို အမျိုးမျိုး အသုံးပြုနိုင်သောကြောင့် အမြောက် အမြားစိုက်ပျိုးကြသည်။ မြေပဲရိုးတံနှင့် အမြစ်များသည်ပင် မြေဩ ဇာအတွက် အသုံးပြုနိုင်သည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာ ပါရှိသဖြင့် အခြားမုန့်ပဲသရေစာများနှင့် အစာများတွင်ထည့်သွင်းသုံး စွဲနိုင်သော အဖိုးတန် အစာတစ်ခုဖြစ်သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)