မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက် ပြင်ဆင်ရန်

၁။ ဤဥပဒေကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေဟု ခေါ်တွင် စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) ဗဟိုကော်မတီ ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဆိုသည်။
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။
(ဂ) ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနကို ဆိုသည်။
(ဃ) လုပ်ငန်းအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်း အထောက် အကူပြုအဖွဲ့ကို ဆိုသည်။
(င) မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစားခံယူ လုပ်ကိုင်သူ မရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့်မြေနှင့် နိုင်ငံတော်က သီးသန့်လျာထား သတ်မှတ်သည့် မြေများကို ဆိုသည်။
(စ) မြေရိုင်း ဆိုသည်မှာ သစ်ပင်၊ ဝါးပင် သို့မဟုတ် ချုံနွယ်များ ပေါက်ရောက်လျက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပထဝီမြေ အနေအထားအရ မြေမျက်နှာပြင် ညီညာမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုး လုပ်ကိုင်ခဲ့ခြင်း မရှိသော မြေသစ်ဖြစ်သည့် မြေရိုင်းနှင့် တောရိုင်းမြေများကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ လုပ်ကိုင်ရန်အလို့ငှာ တရားဝင် ပယ်ဖျက်ပြီး ဖြစ်သည့် ကြိုးဝိုင်းသစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်မြေများလည်းပါဝင် သည်။
(ဆ) အာမခံကြေး ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရသူက လုပ်ကိုင်မည့်၊ အသုံးပြုမည့် လုပ်ငန်းအလိုက် သတ်မှတ်ထားသော ကြိုတင်ကြေးငွေတစ်ရပ်ကို ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားသော ဘဏ်တစ်ခုခုသို့ အပ်နှံရန် သို့မဟုတ် အာမခံချက်ပေးရန် ဤဥပဒေများနှင့်အညီ သတ်မှတ်သော အခကြေးငွေကို ဆိုသည်။
(ဇ) မြေခွန် ဆိုသည်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရသူက လုပ်ကိုင်သည့်၊ အသုံးပြုသည့် လုပ်ငန်းအလိုက် နိုင်ငံတော်သို့ ပေးဆောင် ရန် နှုန်းထားသတ်မှတ်ချက်ကို ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေပါ မြေခွန် ကိုဆိုသည်။
(ဈ) နှစ်ရှည်ပင် ဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားပြီး အပင် အမျိုးအစားအလိုက် နှစ်ကာလတစ်ခုတွင် အကျိုးအမြတ် ရရှိနိုင်မည့် သီးပင်၊ သစ်ပင်များကို ဆိုသည်။
(ည) ဥယျာဉ်ခြံသီးနှံ ဆိုသည်မှာ တစ်ဆက်တစ်စပ်တည်းသော်လည်းကောင်း၊ ရောနှော၍ သော်လည်းကောင်း စိုက်ပျိုးထားပြီး အကြိမ်ကြိမ်ခူးဆွတ်သော်လည်း အပင်သက်တမ်းကုန်သည်အထိ ပြန်လည်စိုက်ပျိုးရန် မလိုသည့် သစ်သီးဝလံပင် များကို ဆိုသည်။
(ဋ) ရာသီသီးနှံ ဆိုသည်မှာ စိုက်ပျိုးချိန်ရာသီကာလအတွင်း စိုက်ပျိုးရိတ်သိမ်း၍ ဝင်ငွေရရှိပြီးနောက် ထပ်မံမြေပြုပြင် စိုက်ပျိုးရသည့် သီးနှံကိုဆိုသည်။
(ဌ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း ဆိုသည်မှာ မြန်မာ့သတ္တုတွင်း ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ဓာတ်သတ္တုထုတ်လုပ်ခြင်း ဆောင်ရွက် သည့်လုပ်ငန်းကို ဆိုသည်။
(ဍ) ခွင့်ပြုမိန့် ဆိုသည်မှာ ဤဥပဒေနှင့်အညီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင့်နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီက လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုသည့် အမိန့်ကို ဆိုသည်။

အခန်း (၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီဖွဲ့စည်းခြင်း ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတသည် -

(က) နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များကို အသုံးပြု၍ စီးပွားဖြစ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံဆောင်ရွက်နိုင်ရန် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများမှ သင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များက အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ (က)အရ ဖွဲ့စည်းထားသော ဗဟိုကော်မတီကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

အခန်း (၃) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြင်ဆင်ရန်

၄။ ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အောက်ဖော်ပြပါ လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုနိုင်သည် -
(က) စိုက်ပျိုးရေးလုပ်ငန်း၊
(ခ) မွေးမြူရေးလုပ်ငန်း၊
(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်း၊
(ဃ) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများ
၅။ နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ ၄ ပါ လုပ်ငန်းများ အတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိလိုပါက အောက်ပါပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် သတ်မှတ်ချက်များနှင့်အညီ ဗဟိုကော်မတီသို့ လျှောက်ထားနိုင်သည် -
(က) မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံသူများ၊
(ခ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊
(ဂ) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ ၁၄ နှင့်အညီ ကင်းလွတ်ခွင့် ပြုထားသူများ၊
(ဃ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံ သူများ၊
၆။ ဗဟိုကော်မတီသည် ပုဒ်မ ၅ အရ လျှောက်ထားသည့် ကိစ္စများနှင့် စပ်လျဉ်း၍ -
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ကို ရယူရမည်။
(ခ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းအတွက်ဖြစ်ပါက သတ္တုတွင်းဝန်ကြီးဌာနမှ လည်းကောင်း၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ)ပါ အခြားလုပ်ငန်းအတွက် ဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှလည်းကောင်း သဘောထား တောင်းခံရမည်။
(ဂ) ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောများဖြစ်သည့် သစ်တောနယ်မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝနယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝနယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝအင်းအိုင်များကို ထိန်းသိမ်း နိုင်ရေးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
(ဃ) နိုင်ငံတော်၏ မြေအသုံးချရေးမူဝါဒ ပီပြင်စွာဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သော အကြံဉာဏ်များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။
၇။ ဗဟိုကော်မတီသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပြုလုပ်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီး မြှပ်နှံမှုကော်မရှင်၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။
၈။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံဆောင်ရွက်နိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်း သို့မဟုတ် ယင်းသို့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။
၉။ ဗဟိုကော်မတီသည် ပုဒ်မ ၈ အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပေးခြင်းပြုသည့်အခါ အာမခံကြေးပေးသွင်းစေပြီး ခွင့်ပြုမိန့် ထုတ်ပေးရမည်။

အခန်း(၄) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ ပြင်ဆင်ရန်

၁၀။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ မြေဧရိယာနှင့် စပ်လျဉ်း၍ -
(က) စိုက်ပျိုးရေးလုပ်ငန်းတွင် -
(၁) နှစ်ရှည်ပင်ဖြစ်ပါက တစ်ကြိမ်လျှင် ဧက ၅၀ဝ၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားပြီးသည့်ဧက၏ ၇၅ ရာခိုင်နှုန်းကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ်ပါက ထပ်မံ၍ တစ်ကြိမ် လျှင် ဧက ၅၀ဝ၀ ထက် မပိုစေဘဲ စုစုပေါင်း ဧက ၅၀ဝ၀ဝ အထိ အကြိမ်ကြိမ် ခွင့်ပြုနိုင်သည်။ နိုင်ငံတော်အကျိုးငှာ ခွင့်ပြုသင့်သော လုပ်ငန်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် တစ်ကြိမ်တည်းတွင် ဧက ၅၀ဝ၀ ထက်ပို၍ အမှန်တကယ် စိုက်ပျိုးနိုင်မည့် ဧကအား ခွင့်ပြုနိုင်သည်။
(၂) ဥယျာဉ်ခြံသီးနှံဖြစ်ပါက ဧက ၃၀ဝ၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင် သည်။
(၃) စက်မှုကုန်ကြမ်း ရာသီသီးနှံဖြစ်ပါက တစ်ကြိမ်လျှင် ဧက ၅၀ဝ၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားသည့်ဧကကို ၇၅ ရာခိုင်နှုန်း အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်ပြီး ဖြစ်ပါက ထပ်မံ၍ တစ်ကြိမ်လျှင် ဧက ၅၀ဝ၀ ထက်မပိုစေဘဲ စုစုပေါင်းဧက ၅၀ဝ၀ဝ အထိ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည်။ နိုင်ငံတော်အကျိုးအလို့ငှာ ခွင့်ပြုသင့်သောလုပ်ငန်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တစ်ကြိမ်တည်းတွင် ဧက ၅၀ဝ၀ ထက်ပို၍ ခွင့်ပြုနိုင်သည်။
(၄) ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင် တစ်ပိုင်စိုက်ပျိုးရေးလုပ်ကိုင်လိုသူများအတွက် ၅၀ ဧက ထက် မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို သက်ဆိုင်ရာဒေသ အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင် သည်။
(ခ) မွေးမြူရေးလုပ်ငန်းတွင် -
(၁) ငါးပုစွန်ကဏန်း မွေးမြူရေးဖြစ်လျှင် ဧက ၁၀ဝ၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၂) တိရစ္ဆာန်မွေးမြူရေးဖြစ်လျှင် -
(ကက)ကျွဲနွားမြင်း မွေးမြူရေးဖြစ်ပါက ဧက ၂၀ဝ၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ခခ) သိုးဆိတ် မွေးမြူရေးဖြစ်ပါက ဧက ၅၀ဝ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ဂဂ) ကြက်ဝက်ဘဲငုံးမွေးမြူရေးဖြစ်ပါက ဧက ၃၀ဝ ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့တွင် အကျုံးမဝင်သော မွေးမြူရေး လုပ်ငန်းဖြစ်ပါက သင့်လျော်သော ဧကကို ခွင့်ပြုနိုင်သည်။
(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတွင် ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်း ဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
(ဃ) အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ တွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
၁၁။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းတို့နှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ အချိန်ကာလနှင့် စပ်လျဉ်း၍ -
(က) စိုက်ပျိုးရေးလုပ်ငန်းတွင် -
(၁) နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံသီးနှံဖြစ်လျှင် စတင်ခွင့်ပြုသည့် နှစ်မှစ၍ နှစ်ပေါင်း ၃၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၂) ရာသီသီးနှံဖြစ်လျှင် သတ်မှတ်သော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ ခွင့်ပြုရမည်။
(ခ) မွေးမြူရေးလုပ်ငန်းတွင် စတင်ခွင့်ပြုသည့်နှစ်မှစ၍ နှစ်ပေါင်း ၃၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁)နှင့် ပုဒ်မခွဲ(ခ)တို့အရ ခွင့်ပြုထားသော သက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်ဆောင်ရွက်လိုသော လုပ်ငန်းအတွက် လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ထပ်မံ၍ စုစုပေါင်း နှစ်ပေါင်း ၃၀ ထက် မပိုစေဘဲ အကြိမ်ကြိမ် ခွင့်ပြုနိုင်သည်။
(ဃ) ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းတွင် ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီး ဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
(င) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
၁၂။ ဗဟိုကော်မတီသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူ များသို့မဟုတ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူများ ပါဝင်သည့် အဖွဲ့အစည်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာပါက နိုင်ငံသားများ ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများသာ ရင်းနှီးမြှပ်နှံ လုပ်ကိုင်နိုင်ရန် စိစစ်ခွင့်ပြုရမည်။

အခန်း (၅) အာမခံကြေးနှင့် မြေခွန် ပြင်ဆင်ရန်

၁၃။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသူက လုပ်ငန်းအမျိုးအစားအလိုက် ပေးသွင်းရမည့် အာမခံကြေးနှုန်းထားကို သတ်မှတ်ရမည်။
၁၄။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်အတွက် ကောက်ခံမည့် မြေခွန်နှုန်းထားနှင့် သင့်တင့်သော မြေခွန် ကင်းလွတ်ခွင့်ပြုသည့်ကာလကို လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် သတ်မှတ်ရမည်။
၁၅။ ဦးစီးဌာနသည် -
(က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူထံမှ မြေခွန်ကို လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစား အလိုက် မြေခွန်ကင်းလွတ်ခွင့် ကာလကုန်ဆုံးသည့်နေ့မှစ၍ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းပြုရမည်။
(ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ၏ မြေခွန်ပေးသွင်းခြင်းကို ကြီးကြပ်စစ်ဆေးရမည်။

အခန်း (၆) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက လိုက်နာရမည့် စည်းကမ်းချက်များ ပြင်ဆင်ရန်

၁၆။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူသည် -
(က) ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစားနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းကိုသာ လုပ်ကိုင်ရမည်။
(ခ) လုပ်ပိုင်ခွင့်ရမြေကို စတင်ခွင့်ပြုသည့်နေ့မှစ၍ လေးနှစ်အတွင်း သတ်မှတ်ချက် အတိုင်း လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်။ သဘာဝဘေး အန္တရာယ်ကြောင်းသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းမှုမရှိသာ အခြေအနေ ကြောင့်သော်လည်းကောင်း ကုန်လွန်သွားသည့် အချိန်အတွက် သတ်မှတ်ကာလ ကို ဗဟိုကော်မတီမှ ပြန်လည်ပြင်ဆင်သတ်မှတ်ပေးနိုင်သည်။
(ဂ) ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရ။
(ဃ) မိမိလုပ်ကိုင်ခွင့်ရရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအတွက် မြေခွန်ကို အပြေအကျေ ပေးဆောင်ရမည်။
(င) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်စပ်လျဉ်း၍ ဗဟို ကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။
(စ) ခွင့်ပြုချက်ရယူထားသော လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ အခြားသယံဇာတ ပစ္စည်းများကို ထုတ်ယူခြင်းမပြုရ။
(ဆ) ခွင့်ပြုထားသောမြေအတွင်း သယံဇာတပစ္စည်းများတွေ့ရှိ၍ နိုင်ငံတော်အစိုးရက စီးပွားဖြစ်ထုတ်လုပ်လိုသဖြင့် ခွင့်ပြုထားသော မြေဧရိယာအနက် လိုအပ်မည့် မြေဧရိယာကို ပြန်လည်သိမ်းယူသည့်အခါ ပြည်ထောင်စုအစိုးရက ညွှန်ကြားထား သည့်အတိုင်း ပြန်လည်အပ်နှံရမည်။

အခန်း (၇) ကြီးကြပ်ခြင်း ပြင်ဆင်ရန်

၁၇။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် နှင့်စပ်လျဉ်း၍ တင်ပြလာသည့် ကိစ္စရပ်များအတွက် စိစစ်သုံးသပ်ခြင်းနှင့် ညှိနှိုင်း ဆောင်ရွက် ခြင်းများကို လုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသီးသီးတွင် လုပ်ငန်းအဖွဲ့ များနှင့် သီးခြားအဖွဲ့များကို ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များအား သတ်မှတ်ပေးရမည်။
၁၈။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိ မရှိ ကို စစ်ဆေးရန် သက်ဆိုင်ရာဌာနများ စုပေါင်းပါဝင်သော အထူးအဖွဲ့ကို အခါအားလျော်စွာ ဖွဲ့စည်းတာဝန်ပေးအပ် နိုင်သည်။
၁၉။ ဗဟိုကော်မတီသည် အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ပါက ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက်မှ လိုအပ်မည့် အနည်းဆုံးမြေဧရိယာကို ပြန်လည်ရယူ ပိုင်ခွင့်ရှိသည် -
(က) ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တွေ့ရှိခြင်း၊
(ခ) နိုင်ငံတော်အကျိုးငှာ အခြေခံအဆောက်အအုံ စီမံကိန်းလုပ်ငန်း သို့မဟုတ် အထူး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ခြင်း၊
(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ခွင့်ပြုထားသော သတ္တုအမျိုးအစားမှအပ အခြား သယံဇာတပစ္စည်းများ တွေ့ရှိခြင်း၊
(ဃ) ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဃ)တို့ပါ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် သယံဇာတ ပစ္စည်းများတွေ့ရှိခြင်း။
၂၀။ ဗဟိုကော်မတီသည် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပုဒ်မ ၁၉ အရ ပြန်လည်ရယူခြင်းအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက အမှန်တကယ် ရင်းနှီးမြှပ်နှံ ထားသည့် ကုန်ကျစရိတ်ငွေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကာလ တန်ဖိုးတွက်ချက်၍ သင့်လျော်သည့် သတ်မှတ်ကာလအတွင်း လျော်ကြေးရရှိစေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်။
၂၁။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက ဤဥပဒေပါစည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေ့ရှိလျှင် မူလပေးသွင်းထားသော အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည့်အပြင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကိုလည်း ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။
၂၂။ ဤဥပဒေ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် -
(က) ခွင့်ပြုမိန့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ၊ ခွင့်ပြုမိန့်ထုတ်ပြန် သည့်ရက်စွဲနှင့် စာအမှတ်တို့ကို ပြည့်စုံစွာဖော်ပြပြီး အမှန်တကယ် ဖော်ထုတ် လုပ်ကိုင် အသုံးပြုပြီးသော ဧရိယာနှင့် ကျန်ရှိနေသော ဧရိယာတို့ကို အထောက် အထားခိုင်လုံစွာဖြင့် ဓာတ်ပုံမှတ်တမ်းများ ပူးတွဲလျက် မှတ်တမ်းပြုစုပြီး ဗဟို ကော်မတီသို့ တင်ပြရမည်။
(ခ) ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးဖြစ်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။
(ဂ) မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(ဃ) မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည်။

အခန်း (၈) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများအား ပံ့ပိုးဆောင်ရွက်ခြင်း ပြင်ဆင်ရန်

၂၃။ ဗဟိုကော်မတီသည် -
(က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းအတွက် နည်းပညာ၊ မျိုးကောင်း မျိုးသန့်နှင့် အခြားပံ့ပိုးမှုများကို ဆက်သွယ်တောင်းခံလာလျှင် လိုအပ်သလို ကူညီ ပံ့ပိုးပေးနိုင်သည်။
(ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူကရင်းနှီးမြှပ်နှံ မှုအတွက် ချေးငွေများ ရရှိလိုလျှင်လည်းကောင်း၊ ပံ့ပိုးပစ္စည်းနှင့် ဝန်ဆောင်မှု အကူအညီလိုလျှင်လည်းကောင်း သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့ စိစစ် ထောက်ခံပေးနိုင်သည်။
(ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူက လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးနောက် မုန်တိုင်းကျရောက်ခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကြောင့် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက နိုင်ငံတော်မှ အထူးချေးငွေရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ထောက်ခံ ပေးနိုင်သည်။
၂၄။ ဗဟိုကော်မတီသည် သတ်မှတ်ကာလအတွင်း စည်းကမ်းချက်များနှင့်အညီ ပြီးစီးသည် အထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူအား အာမခံကြေး ပြန်လည်ထုတ်ပေးရမည်။
၂၅။ ဗဟိုကော်မတီသည် -
(က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံတောင်သူ လယ်သမားများနှင့် အငြင်းပွားခြင်း၊ ဟန့်တားနှောက်ယှက်ခြင်း၊ ကျူးကျော် ဝင်ရောက်လုပ်ကိုင်ခြင်း၊ အကျိုးဖျက်ဆီးခြင်းများ ပြုလုပ်ခံရကြောင်း တင်ပြလာ လျှင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဦးစွာညှိနှိုင်းပေးရမည်။ ညှိနှိုင်း၍ မရပါက ဥပဒေအတိုင်း ဆောင်ရွက်ရမည်။
(ခ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချပေးထားသော မြေဧရိယာပေါ်တွင် ယခင်ကတည်းက လက်ရှိစိုက်ပျိုးလုပ်ကိုင်နေသော ဒေသခံ တောင်သူလယ်သမားများ၏ စိုက်ပျိုးမြေများ ပါဝင်နေပါက တရားဝင်လုပ်ကိုင် ခွင့်ရရှိထားခြင်း မရှိသည့်တိုင် နစ်နာမှုမရှိစေရန် ယင်းတို့၏ဆန္ဒအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးရမည်။
(ဂ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးသော မြေဧရိယာအပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့် ရရှိထားပြီးသော တောင်သူလယ်သမားများရှိပါက ၎င်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်စေရမည်။

အခန်း (၉) ပြစ်မှုနှင့်ပြစ်ဒဏ်များ ပြင်ဆင်ရန်

၂၆။ မည်သူမဆို ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရှိသော မြေပေါ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ အကျိုးဖျက်ဆီးကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၇။ မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူက သော်လည်းကောင်း၊ ယင်း၏ကိုယ်စား တာဝန်ရှိသူကသော်လည်းကောင်း ခွင့်ပြုခြင်းမရှိဘဲ ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသောမြေတွင် ဝင်ရောက်ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၈။ မည်သူမဆို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူကိုဖြစ်စေ၊ ထိုသူ၏ သဘောတူခွင့်ပြုချက်အရ လုပ်ကိုင်သူကိုဖြစ်စေ ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသောမြေတွင် လုပ်ငန်းဆောင်ရွက်မှုကို ဟန့်တားနှောက် ယှက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၉။ မည်သူမဆို ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်ရုပ်သိမ်းထားသည့် မြေပေါ်မှ ထွက်ခွာဖယ်ရှားပေးရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၁၀) အထွေထွေ ပြင်ဆင်ရန်

၃၀။ အခန်း (၉)ပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၃၁။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူ အား လုပ်ငန်းဆောင်ရွက်မှုနှင့် ပြီးစီးမှုအခြေအနေကို သတ်မှတ်ချက်များနှင့်အညီ တင်ပြစေနိုင် သည်။
၃၂။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ခြောက်လလျှင် တစ်ကြိမ်တင်ပြရမည်။ မူဝါဒ ဆိုင်ရာ အဆုံးအဖြတ်ခံယူရန် ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတထံသို့ နည်းလမ်းတကျတင်ပြ၍ လမ်းညွှန်မှုခံယူရမည်။
၃၃။ ဤဥပဒေအရဖွဲ့စည်းထားသော ဗဟိုကော်မတီသည် ဤဥပဒေမပြဋ္ဌာန်းမီက ဖွဲ့စည်း ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်ခံဆောင်ရွက်ရမည်။
၃၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာနနှင့် ဗဟိုကော်မတီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မာ
ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်