မွန်ရိုးဝါဒ
အမေရိကန်ပြည်ထောင်စု၏ ပဉ္စမမြောက် သမ္မတ ဖြစ်သူ ဂျိမ်းစ် မွန်ရိုး လက်ထက်တွင် ဖော်ထုတ်ခဲ့သောမူဝါဒဖြစ်ပြီး ၁၉ရာစုတစ်လျှောက် အမေရိကန်တို့၏ နိုင်ငံခြားရေးဝါဒများ၏ အုတ်မြစ်ဟုလည်းဆိုနိုင်သည်။ ကမ္ဘာ့အနောက်ခြမ်းတွင် တည်ရှိသော အမေရိကတိုက်နှစ်တိုက်သည် ကိုလိုနီနယ်ချဲ့ဝါဒကို ဥရောပသားတို့အား လွတ်လပ်စွာပြုလုပ်ခွင့်ပေးတော့မည် မဟုတ်သည့်အကြောင်း၊ ကျူးကျော်လာမှုမှန်သမျှသည် အမေရိကန်ပြည်တွင်းသို့ ကျူးကျော်လာခြင်းဖြစ်သည်ဟု သဘောထားမည်ဖြစ်ကြောင်း စသည်ဖြင့် ကြေညာလိုက်ခြင်းအားဖြင့် ဥရောပသားတို့၏ အနောက်ကမ္ဘာခြမ်းအား လွှမ်းမိုးလိုမှုကို ရိုက်ချိုးခဲ့သည်။ သာမန်အားဖြင့် ကြည့်လျှင် အသားလွတ်ခြိမ်းခြောက်သည်ဟု မြင်သော်လည်း ထိုသို့ဖြစ်မလာသည့်အပြင် အမေရိကန်တို့အတွက် နိုင်ငံခြားရေးအုတ်မြစ်သဖွယ်ဖြစ်လာခဲ့သည်။ (၁၉၆၂ ကျူးဘားဒုံးပျံ အရေးအခင်း တွင် သမ္မတ ကနေဒီက ဆိုဗီယက်ရေတပ်အုပ်စုကို အမေရိကန်ရေတပ်သင်္ဘောများဖြင့် ပိတ်ဆို့ရာတွင် မွန်ရိုးဝါဒကို လွှတ်တော်တွင် ကိုးကားတင်ပြခဲ့သည်။)
“များပြားလှသော အမေရိကန်ပြည်သူတို့၏ အသက်၊သွေးချွေးနှင့် ရင်းပြီး ကာလတစ်လျှောက် ရင့်ကျက်လာသော အသိပညာတို့ကို အသုံးပြု၍... ” ဟုအစချီထားသော မွန်ရိုးဝါဒကို မလိုသူတို့က နယ်ချဲ့ဝါဒဟု စွပ်စွဲကြသည်။ အမေရိကန်၏ နယ်ချဲ့မည့် အချက်ပေးခေါင်းလောင်းသံဟု သတ်မှတ်ကြသည်။ သို့သော် ၁၉ရာစုနှင့် ၂၀ရာစုများတွင် အမေရိကန်တို့က လက်တင်အမေရိကတိုင်းပြည်များကို ဝင်ရောက်စွက်ဖက်မှုမျိုးတို့မှာ ဗြိတိန်က မြန်မာ၊ အိန္ဒိယတို့ကို ကိုလိုနီပြုသည်နှင့် မတူခဲ့ပေ။ မွန်ရိုးဝါဒတွင် အရေးပါသည့် အစိတ်အပိုင်း နှစ်ရပ်ပါဝင်သည်။ ၎င်းတို့မှာ မူဝါဒ (Idealism) နှင့် လက်တွေ့(realism) တို့ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် မည်သို့ ကွန့်ကြသည်ဖြစ်စေ ဤမူနှစ်ရပ်အတွင်းသာ ရှိကြသည်ဖြစ်သည်။
မူဝါဒအားဖြင့်ကြည့်လျှင် မွန်ရိုးဝါဒသည် အမေရိကန်တော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူတို့၏ ဆန္ဒ၊ ခံယူချက်တို့အပေါ်တွင် ကိုယ်စားပြုသည်။ လွတ်လပ်သော အစိုးရကို လွတ်လပ်သောပြည်သူတို့က လွတ်လပ်စွားရွေးကောက်တင်မြှောက်သည်။ ပြည်ပစွက်ဖက်မှုတစ်စုံတစ်ရာ မပါပေ။ ဤအချက်သည် အမေရိကန် စိတ်ဓာတ် (American Spirit) ကို ပြသခြင်းဖြစ်သည်။
လက်တွေ့ပိုင်းတွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ပတ်ဝန်းကျင်လုံခြုံမှုကို ရသောကြောင့် ပြည်တွင်းရေးကို ခိုင်မာအောင်တည်ဆောက်ခွင့်ရပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းနိုင်ခဲ့သည်။