အပ်စပ်သောဖျော်ရည်အမျိုးမျိုး

ဖျော်ရည်ရှစ်မျိုး ပြင်ဆင်ရန်

ရဟန်းတော်တို့နှင့် အပ်စပ်သော အဖျော်ရည်လုပ်ရန် အသီးများကို ကျမ်းဂန်များ၌ ရှစ်မျိုးဖော်ပြထား၏။ ၎င်းတို့မှာ-

(၁) သပြေသီး

(၂) သရက်သီး

(၃) မုဒရက်သီး (သပျက်သီး)

(၄) ဖက်သက်သီး

(၅) သစ်မည်စည်သီး

(၆) တောငှက်ပျောသီး

(၇) အိမ်ငှက်ပျောသီး

(၈) ကြာစွယ်တို့ ဖြစ်ကြသည်။

၎င်းအသီးများဖြင့် ဖျော်၍လုပ်ထားသော အဖျော်ရည်သည် ရဟန်းတော်တို့အား အပ်စပ်သည်။ [၁]

အနုလောမဖျော်ရည် ပြင်ဆင်ရန်

ထိုဖျော်ရည်ရှစ်မျိုးမှတပါး မန်ကျဉ်းဖျော်ရည်၊ ဇီးဖျော်ရည်၊ ရှောက်ဖျော်ရည်၊ သံပုရာဖျော်ရည်စသော အဖျော်ရည်တို့ကိုလည်း အနုလောမဖျော်ရည် (တိုက်ရိုက်ပြဆိုထားသော အဖျော်ရှစ်မျိုးအားလျော်သော အတူတူဖြစ်သောအဖျော်)ဟု ခေါ်သည်။ ထိုအနုလောမ ဖျော်ရည်သည်လည်း အပ်စပ်ပါသည်။ ကပ္ပိယတို့က ရဟန်းတော်တို့အား ဆက်ကပ်နိုင်ပါသည်။

မသောက်ကောင်းသောအဖျော်ယမကာများ ပြင်ဆင်ရန်

အဖျော်ရည် (၈) မျိုးနှင့် အနုလောမ အဖျော်ရည်တို့သည် ရဟန်းတော်များ သုံးဆောင်ကောင်းသော ယာမကာလိကဝတ္ထုများ ဖြစ်ကြသည်။ ထိုဖျော်နှင့် ဆက်စပ်၍ ရဟန်းတော်တို့ မသုံးဆောင်ကောင်းသော အဖျော်ယမကာများကိုလည်း ကပ္ပိယကာရကတို့ သိရှိထားသင့်ပေသည်။ ရဟန်းတော်တို့ မသောက်ကောင်းသော ဖျော်ရည်ငါးမျိုး ရှိသည်။ ယင်း (၅) မျိုးကား-

(၁) ပိဋ္ဌသုရာ = ဆန်မှုန့်ကို လုပ်ထားသော သေရည်၊

(၂) ပူဝသုရာ = မုန့်ကို လုပ်ထားသောသေရည်၊

(၃) ဩဒနသုရာ = ထမင်းကို လုပ်ထားသောသေရည်၊

(၄) ကိဏ္ဏပက္ခိတ္တသုရာ = တဆေးမှုန့်ခေါ် သေရည်ဖြစ်ရန် မျိုးစေ့ထည့်၍ လုပ်ထားသော ဖျော်ရည်၊

(၅) သမ္ဘာရသံယုတ္တသုရာ = ဖန်ခါးသီး၊ မုန်ညင်းစေ့စသော ပစ္စည်းများ ရောစပ်၍ ပြုလုပ် ထားသောသေရည်တို့ ဖြစ်ကြသည်။ [၁]

ထို့အတူပင် ရဟန်းတော်တို့ မသောက်ကောင်းသော အရက်ငါးမျိုး ရှိသည်။ ယင်းတို့မှာ-

(၁) ပုပ္ဖါသဝ = သစ်မည်စည်ပွင့်၊ ထန်းပွင့်၊ အုန်းပွင့်စသော ပန်းပွင့်တို့ကို ကြာမြင့်စွာ စိမ်ပြီး ချက်ထားသောအရက်၊

(၂) ဖလာသဝ = အသီးတို့ကို စိမ်၍ ချက်ထားသော အရက်၊

(၃) မဓူာသဝ = မုဒရက်ခေါ် သပျက်သီးစိမ်ရည်ကို ချက်ထားသောအရက်၊

(၄) ဂုဠာသဝ = ကြံရည်၊ ထန်းရည်တို့ကို စိမ်ပြီး ချက်ထားသောအရက်၊

(၅) သမ္ဘာရသံယုတ္တာသဝ = ဖန်ခါးသီး စသောပစ္စည်း အဆောက်အဦး အမယ် များစွာတို့ကို စိမ်၍ ချက်ထား သောအရက်တို့ ဖြစ်ကြသည်။ [၁]


ဖျော်ရည်မအပ်သော သစ်သီးကြီး(၉) မျိုး ပြင်ဆင်ရန်

အဖျော်ယမကာအဖြစ် ဖျော်ရည် မအပ်သော သစ်သီးကြီး(၉) မျိုးကိုလည်း ကပ္ပိယကာရကတို့ သိထားသင့်ပေသည်။ ထိုဖျော်ရည်တို့ကို ရဟန်းတော်တို့ မသုံးစွဲသဖြင့် ဖျော်ရည်အဖြစ် မဆက်ကပ်မိကြရန် သတိပြုရပေမည်။ ယင်းအသီးကြီး (၉) မျိုးတို့မှာ-

(၁) ထန်းသီး

(၂) အုန်းသီး

(၃) အိမ်ပိန္နဲသီး

(၄) တောင်ပိန္နဲသီး

(၅) ဘူးသီး

(၆) ဖရုံသီး

(၇) သခွား (ဆစ်သီး)

(၈) သခွား (ပြုတ်သီး)

(၉) သခွား (ကြောင်သီး)

တို့ဖြစ်ကြသည်။ အာဟာရအဖြစ် စားသုံးနိုင်သဖြင့် မွန်းလွဲသောအခါ ဖျော်ရည်အဖြစ် မဆက်ကပ်ရပေ။ [၁]


ဖျော်ရည်တို့ကို အပ်စပ်အောင် ဆက်ကပ်ခြင်း ပြင်ဆင်ရန်

ရဟန်းတော်တို့အား အပ်စပ်သော ဖျော်ရည်များကို ပြုလုပ် ဆက်ကပ်ရမည့် ကပ္ပိယတို့သည် အဖျော်ရည်လုပ်ရာ၌ ရေစိမ်းဖြင့် ပြုလုပ်ကြရသည်။ မန်ကျည်း၊ ရှောက်၊ လိမ္မော်များကို မီးဖြင့်ချက်၍ ဖျော်ရည်လုပ်ထားလျှင် အမှုန့်များ အဖတ်များ မပါဝင်ဘဲ သန့်ရှင်း စင်ကြယ်နေသော်လည်း ယာမကာလိက မဟုတ်တော့ဘဲ ယာဝကာလိက ဖြစ်သွား သည်ဟု ဆရာဟို မိန့်ဆိုကြသည်။ သို့ဖြစ်၍ မိမိကိုယ်တိုင် ဖျော်ရည်ဖျော်ရသောအခါ ကပ္ပိယတို့သည် မီးဖြင့် မကျိုချက်ဘဲ ရေအေးကိုသာ သုံးစွဲရန် သတိပြုရပေမည်။

မန်ကျည်းဖျော်ရည်၊ လိမ္မော်ရည်စသည့် ဖျော်ရည်များ ပြုလုပ်ရန်အတွက် မန်ကျည်းသီး၊ လိမ္မော်သီးများကို မွန်းလွဲလျှင် ရဟန်းတော်တို့ အကပ် မခံကောင်းတော့ပေ၊ ရဟန်းတော်တို့ ဖျော်ရည်သောက်လိုသည့် အခါ မန်ကျည်းသီး စသည်ကို ကိုယ်တိုင် အကပ်ခံ၍ မစိမ်ကောင်း၊ စစ်လည်းကို မစစ်ကောင်းပေ။ လူသာမဏေကပ္ပိယတို့ကို အစိမ်ခိုင်း၍ သူတို့ဘာသာ အဖတ်၊ အမှုန့် မပါအောင် စစ်ပြီးသော ဖျော်ရည်ကိုသာ မွန်းလွဲအခါ၌ သုံးဆောင်ကောင်းသည်။ ထိုအဖျော်ရည်သည်သာ ယာမကာလိက ဖြစ်သည်။ ထိုသို့ စစ်ပြီးသော ဖျော်ရည်ကိုကား ရဟန်းတော်များသည် နံနက် မွန်းမတည့်မီ အကပ်ခံထားစေကာမူ ထိုတစ်ညလုံး အရုဏ်မတက်မိတိုင်အောင် သောက်ကောင်း၏။ နေမွန်းတည့်သောအခါ၌မူ အကြောင်းမဲ့သက်သက် မသောက်ကောင်းပေ၊ ဝိပါသခေါ် မွတ်သိပ် ဆာလောင်နေမှသာ အဆာပြေအောင် သောက်ကောင်း၏။

ကပ္ပိယတို့သည် ဖျော်ရည် ရန်အတွက် အပ်စပ်သောနည်းများကို လေ့လာထားသင့်ပေသည်။ အလှူ များ၌ ဖျော်ရည်ပုလင်းများကို သံဃာတော်တို့အား တခါတည်း မဆက်ကပ်သင့်ပေ။ ယာမကာလိက ဖျော်ရည်များကိုမူ မွန်းတည့်ချိန်မှ အရုဏ်တက်ချိန်အတွင်း သုံးဆောင်ကောင်းသဖြင့် ရဟန်းတော် အနည်းအများကို လိုက်၍ဖြစ်စေ၊ သုံး ဆောင်မှု အနည်းအများကို လိုက်၍ဖြစ်စေ လိုအပ်သလောက်ကိုသာ ရမည်။ ဖျော်ရည်ပုလင်းများကို ပုလင်းလိုက် ထားပါက နောက်တစ်နေ့တွင် ဘုဉ်းပေး သုံးဆောင်ရန် မသင့်တော့သဖြင့် ကပ္ပိယတို့သည် ပုလင်းလိုက်၊ ဘူးလိုက် အများအပြား တစ်ခါတည်း မကပ်သင့်ပေ၊ တစ်နေ့စာ လိုအပ် သလောက်သာ ခွဲခြားဝေဘန်၍ ဆက်ကပ်သင့်ပေသည်။ [၁]


အဖျော်ယမကာ ပြင်ဆင်ရန်

အဖျော်ယမကာဟူသော ဝေါဟာရသည် ယနေ့ အသုံးများကာ ရေပန်းစားလျက်ရှိ၏။ ယာမကာလိကမှ ယမကာဟု ပါဠိသက်၊ ပါဠိဖျက် ဝေါဟာရ ဖြစ်လာသည်။ ရဟန်းများသုံးဆောင်သော ဖျော်ရည်များသည် တယာမ်သာသုံးဆောင် ကောင်း၍ ယာမကာလိက ဖြစ်သည်။ ယနေ့ အဖျော်ယမကာ ဟူသော ဝေါဟာရ၌ “အရက်”ပါ ပါဝင်နေရာ သာသနာတော်၏ အသုံးဖြစ်သော“ယမကာ”ကို အရက်ဆိုင်၌ မသုံးသင့်ပေ။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၁၉၉၆)။ ကပ္ပိယကောင်းတစ်ယောက်။ pp. ၆၄-၇၁။