ယောဒေသမှထွက်ရှိသော ယောလုံချည်များမှာ ယောဒေသ၏အထင်ကရအမှတ်အသားဟု ဆိုနိုင်ပေသည်။မြန်မာနိုင်ငံတွင် လုံချည် လောကကို တစ်ခေတ်ဆန်းစေခဲ့သော ယောလုံချည် ၏ မွေးဖွားရာ ဇာတိမှာ ယောဒေသ (သို့မဟုတ်)ဂန့်ဂေါခရိုင် မှစတင်ခဲ့ခြင်းဖြစ်ပေသည်။ ယောလုံချည်၏ အတိတ်သမိုင်းသည် ခက်ခဲနက်နဲပြီး ယောသူ၊ယောသား တို့၏ ကြိုးစားအားထုတ်မှု၊ တီထွင်ဖန်တီးမှုများကို ‌တွေ့ရပါသည်။ 
ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ် မတိုင်မီကပင် ရက်ကန်းယက်လုပ်ထွန်းကားခဲ့ရာ နောက်ပိုင်းတွင် ယောလုံချည်များ  စတင်ယက်လုပ်လာကြသည်။ ချည်မျှင်ကောင်း မထုတ်လုပ်နိုင်ခြင်းကြောင့် အိန္ဒိယမှ တင်သွင်းသော အိန္ဒိယ(မာစလိုက်ချည်)ဖြင့် ယက်လုပ်ခဲ့ကြသည်။ ရှေးယခင်ကယောနယ်၌ အမျိုးသမီးတိုင်းချည်ငင်၊ မဲဆိုး၊ ရက်ကန်းယက် အတတ်ပညာများ ကို တတ်မြောက်ကြရသည်။ ထိုအတတ်ပညာများကိုမတတ်ကျွမ်းပါက အိမ်တွင်းမှုပညာများကို မတတ်သော မိန်းမဖျင်း ဟူ၍ အထင်သေးကြပါသည်။ ယောနယ်၏ ပင်နီချောနှင့် ယောထဘီ လုပ်ငန်းသည် ရှေးယခင်ကတည်းကပင် ထင်ရှားကျော်ဇောခဲ့လေသည်။ ယခုအခါတွင် ယောထည် ယက်လုပ်သောလုပ်ငန်းကို ရှေးယခင်ကထက်ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာကြပါသည်။
အရောင်ရရှိရန် မဲနယ်ပင် စိုက်ပျိုး၍ မဲနယ်ရွက်ကို လှောင်အိုးကြီးများဖြင့် ဆေးစပ်ပြီး တစ်ပတ်ခန့် လှောင်ထားကြရသည်။ သို့သော်လည်း အိုးတိုင်း အရောင်မထွက်ပေ။ ဤကဲ့သို့ ခက်ခက်ခဲခဲတီထွင်ကြံဆ၍ ပြုလုပ်ခဲ့ကြပေသည်။အိန္ဒိယမှတင်သွင်းသော ချည်သား၊ ယောသူ၊ယောသားတို့၏ ရက်ကန်းအတတ်ဖြင့် ပေါင်းစပ်ထားသော ယောလုံချည်သည် အဆင်ဆန်းပြီး အရည်အသွေး‌ကောင်းမွန်သဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကြိုက်နှစ်သက်ကြပါသည်။ 
ယောဒေသထွက် ပင်နီချောနှင့် ယောချိတ်ထဘီ သည် သီချင်း၊ကဗျာ များတွင် ပြောစမှတ်ရှိသည်အထိ နာမည်ကြီးခဲ့ပါသည်။ [ ယောသူတို့ရွာ] သီချင်းတွင်ပင် ယောထဘီ ‌အဆင်လှလွန်းသဖြင့် ချစ်သူ ရည်းစားကို လှစေချင် ဝတ်စေချင်သည်ဟုပင် သီကုံးရေးစပ်ခဲ့ပါသည်။ ယခုအခါ တိုးတက်လာသောခေတ်နှင့်အညီ ပခုက္ကူဘက်မှလာသော ဆေးဆိုးရန် အရောင် အသွေးစုံကို ဝယ်ယူ၍ ပြုလုပ်လာကြပါသည်။ 
ပထမဆုံး တီထွင်ခဲ့သည့် အပွင့်အဆင်များမှာ မင်းကြီး၊ကောင်စီ၊ ချည်ကွင်း စသည့်အဆင်များဖြစ်သည်။ လုံချည်ထည်များတွင် ချိတ်လုံချည်၊ အပွင့်အဆင် များမှာ နှင်းဆီပွင့်၊ စံပယ်ပွင့်၊ ကြာပွင့်၊ သဇင်နွယ် စသည့်ဖြင့် ခေတ်နှင့်အညီ အပွင့်အဆင်များကို တီထွင်ဆန်းသစ်၍ ယက်လုပ်လာကြသည်ကိုလည်း တွေ့ရှိရပါသည်။ အမျိုးသားဝတ် ပုဆိုးအဆင်များမှာလည်း အပွင့်အဆင်ဆန်းများဖြင့် ယက်လုပ်နေကြပြီဖြစ်သည်။ ယောလုံချည်တွင် အကွင်းကို ကန့်လန့်ဖြတ်ထားသော အမိတ်တွင် “GANGAW SPECIAL” “HTILIN SPECIAL”ဟူသော အသား တံဆိပ်သည် မပြောင်းလဲဘဲ အစဉ်အမြဲရပ်တည်နေသော တံဆိပ် ဖြစ်ပေသည်။ အပွင့်ဖောက်ခြင်း၊ စာတန်းဖော်ခြင်းများသည် ရက်ကန်းစင်တွင် အဆုံးသတ်ရပါသည်။ ယခုအခါတွင် လုံချည်သာမက အင်္ကျီ၊ လွယ်အိတ်များပါ ယက်လုပ်လာကြပါသည်။
       ယခုအခါ နာမည်ကြီးလုံချည် တံဆိပ်များကပင် ကောင်းသတင်းကျော်ဇောသော ယောလုံချည် ၏မူရင်းဒီဇိုင်းကို အတုခိုးပြီး စက်ဖြင့်ယက်လုပ်လာကြသလို ပုဆိုးထုတ်လုပ်သူများကလဲ ဂန့်ဂေါ ၊ပိုးတွဲ ၊ပလေကပ် စသဖြင့် မဖြစ်မနေထည့်သွင့်းကာ ‌အရောင်းအဝယ်ကောင်းရန်အတွက် ထည့်သွင်းကြသည်လဲရှိကြပါသည်။ယောဒေသ ယောလူမျိုးများ၏ ဝတ်စုံကို တိုင်းရင်းသားလူမျိုး များပြခန်းနှင့် အခြားတိုင်းရင်းသား လူမျိုးများနည်းတူပြသခွင့်ရသည့်နေရာ (၃) ခုရှိနေပြီဖြစ်သည်။ ထို့ကြောင့် အများအမြင်မှာ ယောဟူသော လူမျိုးနှင့်ယောတို့၏ရိုးရာ၊ ယောဒေသထွက် ပင်နီချောနှင့် ယောချိတ်ထဘီကို သိခွင့်ရကြပြီဖြစ်သည်။ ယောရိုးရာဝတ်စုံကို ရန်ကုန်မြို့၊ မန္တလေးမြို့၊နေပြည် တော်မြို၏ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွင်လည်းသွားရောက်၍ လေ့လာနိုင်ပေသည်။