ယောလူမျိုး
ယောလူမျိုးများသည် ဂန့်ဂေါခရိုင်ရှိ ထီးလင်း၊ ဆောနှင့် ဂန့်ဂေါမြို့နယ်များတွင် နေထိုင်ကြသည်။ ယောလူမျိုးတို့မှာ မြန်မာအနွယ်ဝင်များဖြစ်၍ ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံးအနှုန်းတို့ ခြားနားနေရခြင်း ဖြစ်သည်။ ပခုက္ကူခရိုင်၌ ယောလူဦးရေ ၂၀၀၀၀ကျော်ရှိပြီး ၅၀၀၀ခန့်မှာ ပခုက္ကူမြို့ပေါ်တွင်နေထိုင်ကြသည်။
ရှေးအခါက ယောနကတိုင်းဟူသော အမည်ဖြင့် မဇ္ဈိမဒေသ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင် နဂဒါသမင်း၏သားတော် ဇလာမိက မင်းသားအမှူးပြုသော သကျသာကီဝင် အဆက်အနွယ်တို့ အစပြု၍ နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။
ယခုခေတ်အခါများတွင် ယောနယ်၌ အမျိုးသမီးတိုင်း ချည်ငင်၊ မဲဆိုး၊ ရက်ကန်းရက် အတတ်ပညာများကို တတ်မြောက်ကြရသည်။ ထိုအတတ်များကို မတတ်ကျွမ်းပါက အိမ်တွင်းမှုပညာများကို မတတ်သော မိန်းမဖျင်းဟူ၍ အထင်သေးကြသည်။ ယောနယ်၏ ပင်နီချော နှင့် ယောထဘီ လုပ်ငန်းသည် ရှေးကတည်းကပင် ထင်ရှားကျော်စောခဲ့လေသည်။ ယောအမျိုးသားတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း ရှေးရိုးစဉ်လာမပျက် နတ်များကိုလည်း ကိုးကွယ်ကြပါသေးသည်။ ရွာတိုင်းတွင် ရွာအနီး သစ်ပင်ကြီးများအောက်၌ နတ်ကွန်းတစ်ခု ဆောက်လုပ်ထားကြသည်။
ယောနယ်ဒေသရှိ ယောသူ ယောသားတို့သည် မြန်မာစကားကိုပင် သုံးစွဲပြောဆိုကြသော်လည်း ဒေသရေမြေအနေ ကွဲပြားခြားနားသည့် အလျောက် မြန်မာအများ သုံးနှုန်းပြောဆိုသော စကားများနှင့် အနည်းငယ်၊ သို့မဟုတ် အတော်အတန် လေယူလေသိမ်း အသံနေအသံထား ကွဲလွဲခြားနားနေပေသည်။
ယောမြေဒေသတွင် ဆေးဝါးကုသမှုနှင့် ပတ်သက်၍ နာမည်ကျော်ကြားနေသော အကြောင်းတစ်ရပ်ရှိပေသည်။ ၎င်းမှာ ယောနယ်၌ စုန်းကဝေ ပြုစားတတ်သူများရှိသည်။ ထိုပယောဂကို ကျွမ်းကျင်နိုင်နင်းသော ပုဂ္ဂိုလ်များ ရှိသည်ဟူ၍ ဖြစ်သည်။ ယောနယ်မှ ပယောဂဆေးများတွင် အစွမ်းထက်သော ဆေးများပါဝင်ပေသည်။
၎င်းတို့အနက် မျက်ကွင်းဆေး၊ မျက်စိကန်းဆေးနှင့် နှုတ်ခမ်းမွှေးဆေးတို့မှာ ပြုစားသူ စုန်းကဝေများကို အထူးထိရောက်အောင် ဆုံးမနိုင်သော ဆေးများဖြစ်သည်ဟု ဆိုသည်။ ယခုအခါ ထိုဆေးမျိုးလက်ကိုင်ရှိသော ဆေးဆရာများ အလွန်ရှားပါး၍ ယင်းပညာရပ်မှာလည်း ပျောက်ကွယ်သလောက် ရှိနေလေပြီ။ [၁]
ကိုးကားပြင်ဆင်
- ↑ မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ