ရန်ကုန်-ပြည် ရထားလမ်း
ရန်ကုန် - ပြည် ရထားလမ်း သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်မြို့ တို့ကို ဆက်သွယ်ထားသော မီတာဂေ့ချ် ရထားလမ်းဖြစ်ကာ မြန်မာ့မီးရထားက စီမံခန့်ခွဲသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ဖောက်လုပ်ခဲ့သော ရထားလမ်းဖြစ်သည်။ ရထားလမ်းကို ၁၈၇၄ခုနှစ် စက်တင်ဘာလတွင် စတင်ဖောက်လုပ်ပြီး ၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့တွင် ရထားလမ်းဖွင့်လှစ်ခဲ့ပြီး မြန်မာပြည်၏ ပထမဆုံး ရထားလမ်းပြေးဆွဲခဲ့သည်။ [၁] ဒွေးလမ်းများကို ၁၈၈၉ခုနှစ် အောက်တိုဘာလတွင် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၀၈ခုနှစ် ဖေဖော်ဝါရီလအထိ လမ်းပိုင်းများ အသီးသီး ဖွင့်လှစ်နိုင်ခဲ့သည်။
အမှတ်(၇၁)အဆန် ပြည်ရထားအား မြင်တွေ့ရစဉ်။ | |
Overview | |
---|---|
ဒေသ | ရန်ကုန်ဘူတာကြီး - ပြည်ဘူတာ |
လမ်းကြောင်းအရေအတွက် | ၂ |
လမ်းကြောင်းအမှတ် | အမှတ်(၆၃/၆၄) အစုန်အဆန် ၊ အမှတ်(၇၁/၇၂) အစုန်အဆန် |
တည်ထောင်ခြင်း | |
လည်ပတ်မှုစတင် | ၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့ |
စီမံခန့်ခွဲသူ | မြန်မာ့မီးရထား |
နည်းပညာအချက်အလက် | |
လမ်းကြောင်းစံအတိုင်းအတာ | ၁၀၀၀ mm (3 ft 3 3⁄8 in) |
သမိုင်းကြောင်း
ပြင်ဆင်ရန်၁၈၅၂ ခုနှစ်၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် အကျိုးအမြတ် ရရှိနိုင်ရန် ဆန်စပါး၊ ကျွန်းသစ်၊ ရာဘာနှင့် သယံဇာတ သတ္တုပစ္စည်းများကို တွင်တွင် ကျယ်ကျယ်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ သွင်းကုန်များကို တင်သွင်း၍ ရောင်းချခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၁၈၇၂ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၄.၂ သိန်းထိ တင်ပို့ခဲ့ရာတွင် အရပ်ရပ်မှ ဆန်စပါးများ စုစည်းရာ၌ လမ်းပန်းဆက်သွယ်မှု ခက်ခဲပြီး၊ သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားနေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် စဉ်းစားခဲ့သည်။ တောင်ငူ၌ စပါးတင်း (၁၀၀) လျှင် ရူပီးငွေ (၃၅)ကျပ် ဈေးသာ ရှိနေချိန်တွင် ရန်ကုန်၌ စပါးတင်း (၁၀၀)လျှင် ရူပီးငွေ (၉၅)ကျပ်ရှိနေခဲ့ရာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာ စေရေးအတွက် လမ်းများကိုစတင်ဖောက်လုပ်ခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် အောက်မြန်မာနိုင်ငံ၌ မြေလမ်း (၈၁၅)မိုင် ကို ဖောက်လုပ်ခဲ့ပြီး ယင်းအနက် ရာသီမရွေး သွားလာနိုင်သည့် ကျောက်ခင်းလမ်း (၂၉၂)မိုင် ပါဝင်ကြောင်း သိရသည်။ အကယ်၍ မီးရထားလမ်းဖောက်လုပ် သယ်ဆောင်နိုင်ပါက ကုန်ကျစရိတ်များစွာ သက်သာပြီး၊ သင်္ဘောတင်ရန် လုံလောက်သည့် ဆန်များကိုလည်း အချိန်တိုအတွင်း စုစည်းနိုင်မည်ဖြစ်ရာ ရထား လမ်းဖောက်လုပ်ရန် စဉ်းစားလာတော့သည်။
စီးပွားရေးရှုထောင့်အမြင်သာမက ရထားလမ်း ဖောက်လုပ်ပြေးဆွဲခြင်းဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကို မြန်မာနိုင်ငံသားများ အထင်ကြီး အားကျလာစေရေး၊ သူ့ကျွန်မခံလိုသော တော်လှန်ရေး အင်အားစုများကို ပြည်သူတို့ထောက်ခံမှု ကျဆင်းစေရေး စသည့် နိုင်ငံရေးအမြင်ရှုထောင့်နှင့် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်နိုင်ပါက ပြည်မြို့သို့ လျင်မြန်စွာ ရောက်ရှိလာမည်ဖြစ်ရာ ယင်းတို့သော အခြေအနေကြုံတွေ့ရပါက ဗြိတိသျှတပ်များနှင့် စစ်လက်နက်၊ ရိက္ခာပစ္စည်းများကို ဖြည့်တင်းနိုင်ရေး ဟူသော စစ်ရေးအမြင် ရှိသည့်အတွက် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖောက်လုပ်ရန် စဉ်းစားတော့သည်။ ရထားလမ်း ဖောက်လုပ်ရန်အတွက် ၁၈၆၈ ခုနှစ်တွင် လမ်းအူကြောင်း ပုံစံနှင့် တကွ ကုန်ကျစရိတ်များကိုပါ တွက်ချက်၍ အောက်မြန်မာနိုင်ငံတော် မဟာမင်းကြီး Sir Ashley Eden က အိန္ဒိယအစိုးရထံ တင်ပြအဆိုပြုခဲ့ရာ ၁၈၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရမှ လက်ခံသဖြင့် အထူးလုပ်ငန်းတစ်ရပ်အဖြစ် ချက်ချင်း စတင်အကောင် အထည်ဖော်ရန် ဆုံးဖြတ်ပြီး ကုန်ကျစရိတ်ကိုလည်း အထူးရန်ပုံငွေမှ ကျခံသုံးစွဲရန် ခွင့်ပြုခဲ့သည်။
ရန်ကုန်-ပြည် ရထားလမ်း စတင်ဖောက်လုပ်ရာတွင် မီတာဂေ့ချ် (သံလမ်းနှစ်ခုကြား တစ်မီတာအကျယ်ရှိ) ရထားလမ်းကို ဖောက်လုပ်ခဲ့သည်။ ရထားလမ်း ဖောက်လုပ်ရာတွင် အခကြေးငွေပေါပေါနှင့် လုပ်ကိုင်နိုင်ကြသော ကုလားလူမျိုးလုပ်သား အများအပြား အသုံးပြုခဲ့ပြီး သုံးနှစ်ကြာ ဖောက်လုပ်ခဲ့ပြီးနောက် ၁၈၇၇ ခုနှစ်တွင် ရထားလမ်းဖောက်လုပ်ပြီးစီးခဲ့သည်။ မြန်မာနိုင်ငံ၌ ပထမဆုံးဖောက်လုပ်ခဲ့သည့် ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရ ရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ပိုင်ဆိုင်ပြေးဆွဲခဲ့သည်။ ရန်ကုန် - ပြည်ရထားလမ်း ဖောက်လုပ်ခြင်းအတွက် ကုန်ကျငွေမှာ တစ်မိုင်လျှင် ရုးပီးကျပ်ငွေ ၆၁၅၅၅ိ/- ဖြစ်သည်။ [၁]
ပထမဆုံး ရထားပြေးဆွဲပုံ
ပြင်ဆင်ရန်၁၈၇၇ခုနှစ် မေလ (၁)ရက်နေ့ နံနက် ( ၆ ) နာရီတွင် ပထမဆုံး ရထား ရန်ကုန်ဘူတာကြီးမှစထွက်သည်။ ထိုရထားတွင် ပထမတန်းတွဲ တတွဲ၊ တတိယတန်းတွဲနှင့် ကုန်တွဲ များအပြင်၊ “ဘရိတ်ဗင်”တွဲ၊ စုစုပေါင်း ( ၁၂ ) တွဲ ပါသည်။ စက်ခေါင်းမှာ အေဇီးရိုးဝမ်း( A.01) ဖြစ်၍၊ အလေးချိန် ၁၇-တန်ခန့်ရှိပြီး၊ ဆွဲအား ၃၈၅၇-ပေါင်ရှိသည်။ ပထမတန်းတွဲတွင် မင်းကြီး “မစ္စတာရီဖါသွန်မဆင်” နှင့် အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စီးနင်း လိုက်ပါကြသည်။ ထိုပထမဆုံး ခုတ်မောင်း ပြေးဆွဲသည့် မီးရထားသည် အင်းစိန်သို့ အသွား၊ လမ်းတွင် ကြည့်မြင်တိုင်နှင့် သမိုင်း ဘူတာ တို့၌ ခေတ္တရပ်ပြီးနောက်၊ အင်းစိန်သို့ ဆက်လက် ခုတ် မောင်းသည်။အင်းစိန်တွင် စက်ခေါင်းပြင်အလုပ် ရုံကို ကြည့်ရှုစစ်ဆေးကြပြီးနောက်၊အပြန်ခရီးတွင် အရပ်အနားမရှိဘဲ ခုတ်မောင်း၍ ည (၈) နာရီ အချိန်တွင် ရန်ကုန်သို့ ချောမောစွာပြန်လည်ဆိုက် ရောက်လာခဲ့သည်။ [၁]
ရန်ကုန်နှင့် ပြည်လမ်း၌ ပထမဆုံးရထားစတင် ပြေးဆွဲမှုနှင့်ပတ်သက်၍၊ ထိုခေတ်ထုတ် လောကိသုတပညာသတင်းစာများ၏ရေးသးချက်ကို အောက်၌ဖေါ်ပြလိုက် ပေသည်။ [၂]
“ | မဟာဝိသယ၊ အန္တတိုက်၊ ယမိုက်ရေး၊ ပိုက်ထွေးစီး၊ ညီးညီးလျှံထိန်၊ ၀တိန်သခင်၊ ဘုရင်ဗလေ၊ သူဇာသက်နှင့်၊ သိကြားမင်း ၏ အာနတော်ကဲ့သို့၊ ဘုန်းတော် အ လွန်ကြီးမြတ် တော်မူလှသော၊ တိုင်းတိုင်းတန်ဆောင်၊ သမိုင်း မှိုင်းမှောင်ရီပြ၊ အဏ္ဏဝါလှိုင်း၊ ဖွေး ကာဆိုင်းလျက်၊ ရှုတိုင်းသာ၊ ရတနားမျက်စိန်၊ လက်လက်ထိန်တာဝတိံသာ၊ ပမာနှိုင်းလောက်၊ ပြောင်ပြောင်တောက်လျက်၊ မိုးအောက်ကွန်းငူ၊ ဇမ္ဗူဒီပါ၊ ဖြိုးမောက်ဝေသား၊ ဠာနေအောင်မိတ်၊ လျှမ်းလျှမ်းပိတ်သော၊ ဂရိတ်ဗြိတိန်၊ အင်္ဂလန် တိုင်းကြီး၊ ရွှေထီးရွှေနန်း၊ သိမ်းမြန်း စိုး အုပ်၊ စမ္ပါယ်တော်မူသော၊ ဘိလပ်သခင်၊ အရှင်မဘုရား လက်ထက်တော်၊ ဖြစ်ပေါ်လှာတုံ၊ ဝသုန်မိုးလှိမ့် အိမ်ငလျင်၊ ပဲ့တင်ထပ်၊ နတ်ဒေဝါသည်၊ ယူကာ ဆက်သ သကဲ့သို့၊ ထူးလှ လွန် ဆန်း၊ ကွေ့ကာ စခမ်း၊ နေရာလမ်းကို၊ အပန်းမကြီး လမ်းခရီးဖြင့်၊ အနီးဖြစ်အောင် လေအတောခုတ်၊ မြေ ကြော မြို့သို့ ပြုလုပ်ဆောင်၊ ပြောင်ပြောင်တက်လျှမ်း၊ လက်တလှမ်းမျှ၊ စက်ယန္တယား၊ ဖက်လမ်းသွား သော၊ မီးရထားငွေလန်၊ ထွေထွေဖန်သော၊ ဝေဇယန္တာ၊ ရုထားယာဉ်ပျံတို့တွင်၊ အဝင်အပါ၊ မဟာဒေသ၊ ရန်ကုန်မြို့မ၊ မီးရထား ပြီးစီးရာ၊ မေလဆန်းတရက်၊ နှစ်သက်မင်္ဂလာ သာယာ ချေ၊ ကောင်းချိုးသံမစဲ သဘင်ပွဲဖြင့်၊ အမြဲစီမံ၊ အလံဖြူ’အလံနီမဟီမြေ ကွဲလောက်အောင်၊ မီးရထားရုံးတော်၌၊ သင့်လျော်အောင် ခင်းကျင်း ၍၊ သတင်းကျေညာ မီးရထားကို ဖွင့်လှစ်တော် မူရာ၊သုံးပြည်ထောင်ခရိုင်၊ အရေးပိုင်မဟာဝန်ရှင်တော်မင်းကြီးနှင့်တကွ၊ မြို့ဝန်အစရှိသည်တို့ များ စွာ၊ မြန်မာတလိုင်း၊ အဆိုင်းဆိုင်းသော လူမျိုး တွင်၊ ကျေညာထင်ရှား၊ ရန်ကုန်မြို့ရပ်ကြီးသားတို့ သည်၊ ဆန်းပြားသော မီးရထားကို၊ ကြည့်ရှုရန် လိုက် လံ သွား ကြ လေ သည်။ မီး ငွေလန်၊ ယာဉ်ပျံရထားသည်၊ ရှေးဦးစွာပထမ၊ ၆ ထား ကြည့်မြင်တိုင်နှင့်သမိုင်းဒေသတွင်၊ ခေတ္တရပ်တံ့၍ ရုံတော်များကို ကြည့်ရှုပြီးလျှင်၊ စက်ကရိယာ အ ဖြာဖြာသောအမှုမျိုးတို့ကို ကြိုးပမ်းလုပ်ဆောင်ရာ၊ အင်းစိန်ရွာအရပ်သို့ ရောက်အောင်သွား၍ ကြည့် ရှုသင့်သော စက်ကရိယာအဖြာဖြာတို့ကို၊ ကြည့် ပြီးလျှင်၊ လမ်းခရီးတွင် အရပ်အဆိုင်းမရှိစေဘဲ၊ ဝေဇယန္တာရထားယာဉ်ပျံ၊ လျင်မြန်ဓာတ်ခိုး၊နတ် မရိုးသကဲ့သို့၊ ရပ်ကိုးမျက်နှာ၊ သွက်သွက်ခါစေ လျက်၊ စကြာရဟတ်၊ စက်မြတ်မဟိန်၊ ဗာနှင်း ဆက်၊ ဝင်းဝင်းလက်သည်။ ပြင်းထက် တေဇိန်၊ ရပ်မြေ၊ ဂုဏ်နေမောက်မား၊ ရထား ရုံးတော်သို့ တဖန်ပြန်လည်ရောက်ရှိ လာလေသည်။ သုံးပြည် ရန်ကုန်ဆင်ခြေဖုံးကုန်ရထား ထောင်ခရိုင်၊ အရေးပိုင် မဟာ ဗန်ရှင် တော်မင်း ကြီးမှစ၍ အရာရှိထိုထို၊ ဥဒဟို လူများစွာတို့မှာ နောက်ပါရထား (၁၂) စင်းတွင်စီး၍လိုက်ပါပြီးမှ သာ၊ ညနေချိန်အခါကို၊ တင့်တယ်စွာ လျောက် ပတ် ဇောပီတိထပ်သဖွယ်၊ ဆန်းကျယ်စွာ ခင်း ကျင်း၍ ဇာတ်ရုံတော်ကြီးအတွင်း၌ စားပွဲသဘင် ထိုင်ကြလေသည်။ ထိုမီးရထားငွေလန်၊ ဖွင့်လှစ် ဟန်အခါ၊ နတ်ကသစ်ဝယ်၊ လျှပ် စစ် နွယ် သို့၊ သွယ်သွယ်ဖြာ၊' ဣန္ဒာရဂု၊ ဟူသမျှဖြင့်၊ သုတ ပေါင်း၊ မြေပထဖျာကို၊ သချာ ဂျွမ်းထောင်မျှ၊ ပြောင်ပြောင်လက်သော၊ အောင် လက် နက် ရန် နှိမ်၊ စံဝရဇိမ်သဖွယ်၊ ပြောက်ကြီးပြောက်ငယ်တို့ ကို အသွယ်သွယ်အောင်သံပေး၍၊ ယဉ်ကျေးစွာ ဖွင့်လှစ်သောအသံကို၊ များထိုထိုပဇနား၊ သော တာကြားတဲ့လျှင်၊ တကယ့်ကြီးအေရာ၊ ဇောပီတိ ဖြာဖြာဖြင့်၊ ငါတို့မှာ မင်းဆက်များမြောင်၊ ရာဇ၀ ဝင်အစောင်စောင်တွင်၊တကြိမ်တဖန်၊တရံတဆစ် မျှ၊ မမြင်ဘူး၊ မကြားဘူး၊ ထူးမြတ်သော ရတနာ ယာဉ်ပျံ ငွေလန်မီးရထားကို၊ ကြားရ မြင်ရ သိရ ပေသည်ဟု သာဓုဇနာ၊ ခွန်းထောက်တွေ အဖြာ ဖြာနှင့်၊ များစွာအံ့ဩ၊ သဘောကြည်ဖြူ၊ နတ်လူ ကောင်းမှ ဇေယျတုနှင့် အောင်ဆုကို ယူကြောင်း များ၊ အထင် အလျား ကြားသိရသည်။ | ” |
ဘူတာရုံများ
ပြင်ဆင်ရန်- (1) ရန်ကုန် ၀/၀
- (2) ဘုရားလမ်း ၃/၄
- (3) လမ်းမတော် ၁
- (4) ပြည်လမ်း ၁ ၁/၂
- (5) ရှမ်းလမ်း ၂
- (6) အလုံလမ်း ၂ ၁/၂
- (7) ပန်းလှိုင်လမ်း ၃
- (8) ကြည့်မြင်တိုင် ၃ ၁/၂
- (9) ဟံသာဝတီ ၄ ၁/၂
- (10) လှည်းတန်း ၄ ၃/၄
- (11) ကမာရွတ် ၅ ၃/၄
- (12) သိရီမြိုင် ၆ ၃/၄
- (13) အုတ်ကျင်း ၇
- (14) သမိုင်း ၇ ၁/၄
- (15) သမိုင်းမြို့သစ် ၇ ၃/၄
- (16) ကြို့ကုန်း ၈ ၁/၄
- (17) အင်းစိန် ၉
- (18) ရွာမ ၁၀ ၁/၄
- (19) ဖော့ကန် ၁၁
- (20) အောင်ဆန်းမြို့ ၁၁ ၁/၂
- (21) ဒညင်းကုန်း ၁၂ ၃/၄ (ရထားလမ်းဆုံ ပြည်သို့)
- (61) စက်မှုဇုန် (၂) ၁၃ ၁/၂
- (62) ရွှေပြည်သာ ၁၄ ၁/၄
- (63) သာဓုကန် ၁၅ ၁/၄
- (64) လှော်ကား ၁၇ ၁/၂ (ရထားလမ်းခွဲ ကွန်ပျူတာတက္ကသိုလ်သို့)
- (65) မိုးကြိုးပင် ၂၀ ၃/၄
- (66) မှော်ဘီ ၂၄ ၃/၄
- (67) အောက်ဝါးနက်ချောင်း ၂၇ ၃/၄
- (68) ဝါးနက်ချောင်း ၂၉ ၃/၄
- (69) လက်ပန်းတန်းစု ၃၂ ၃/၄
- (70) ဖူးကြီး ၃၅ ၁/၂
- (71) ပိတောက်တန်း ၃၈ ၁/၄
- (72) တိုက်ကြီး ၄၁ ၁/၂
- (73) သနပ်ချောင်း ၄၆ ၁/၂
- (74) ဖလုံ ၅၁ ၁/၂
- (75) ဥက္ကံ ၅၆ ၁/၂
- (50) ငဖြူကလေး ၆၁ ၁/၂
- (51) သုံးဆယ် ၆၅ ၃/၄
- (52) သုံးဆယ်မြို့မ ၆၆ ၁/၄
- (53) သာယာဝတီ ၆၈ ၃/၄
- (54) အင်းရွာ ၇၃
- (55) ခြင်္သေ့ကုန်း ၇၄ ၃/၄
- (56) လက်ပံတန်း ၇၇ ၁/၄ (ရထားလမ်းဆုံ သရဝေါသို့ ၁၀၀ ၃/၄)
- (57) ဝက်လှကလေး ၈၁ ၁/၂
- (58) ဝက်လှကလေးရွာမ ၈၃
- (59) စစ်ကွင်း ၈၅
- (60) ဆင်အိုင် ၈၈ ၃/၄
- (61) မင်းလှ ၉၁ ၁/၄
- (62) အိုးသည်ကုန်း ၉၅ ၁/၂
- (63) အုတ်ဖိုမကျီးပင် ၉၉
- (64) အုတ်ဖို ၁၀၁ ၁/၂
- (65) သင်မန်းကုန်း ၁၀၄
- (66) ကြို့ပင်ကောတ် ၁၀၉
- (67) ခုနှစ်ရွာ ၁၁၁ ၁/၂
- (68) ဇီးကုန်း ၁၁၆
- (69) နတ်တလင်း ၁၂၄
- (70) ပေါင်းတည် ၁၂၉ ၁/၂
- (71) တောင်ဘို့လှ ၁၃၃
- (72) လောင်းကြီး ၁၃၃ ၁/၄
- (73) ပုတီးကုန်း ၁၃၆
- (74) သဲချော် ၁၃၈
- (75) သဲကုန်း ၁၄၁ ၁/၄
- (76) အုတ်တွင်းကုန်း ၁၄၄ ၁/၂
- (77) ဆင်မြီးဆွဲ ၁၄၉ ၁/၄
- (78) တရွာကုန်း ၁၅၂ ၁/၄
- (79) မှော်ဇာ ၁၅၅ ၃/၄ (ရထားလမ်းဆုံ အောင်လံ-တောင်တွင်းကြီး-နေပြည်တော်သို့)
- (80) ခေတ္တရာ ၁၅၈ ၁/၄
- (81) ပြည်မြို့ ၁၆၁