ပလ္လင်ဟူ​သည် မြင့်မြတ်​သော ​နေရာထိုင်ခင်းဖြစ်ကာ ပလ္လင်၆မျိုးရှိသည့်အနက်မှ လူမင်းတို့ထိုင်ရာကို ရာဇပလ္လင်ဟု​ခေါ်ဆိုကြသည်။

ရာဇပလ္လင်

ရာဇပလ္လင်၏ သတ်မှတ်ချက်များ ပြင်ဆင်ရန်

ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ -

  1. ၁၆ တောင်ရှိသော မဟာပလ္လင်
  2. ၈ တောင်ရှိသော မဇ္ဈိမပလ္လင်
  3. ၄ တောင်ရှိသော စူဠပလ္လင်တို့ ဖြစ်သည်။

ပလ္လင် တစ်ခုတွင်ခြင်္သေ့ ၊ ဆင်ပျံ ၊ လောကနတ် ၊ ဒေါင်းမြီး ၊ ယပ် ၊ ဆင်နား ၊ တံခါးတိုင် ၊ သိကြားကိန္နရာ ၊ သမ္မာဒေဝ ၊ ခြူး ၊ ကြာဦးဆောက်ပန်း ဟူ၍ (၁၂) နေရာ ရှိသည်။

ရာဇပလ္လင်၏ အ​ရေးပါမှု ပြင်ဆင်ရန်

မြန်မာ့ယဉ်​ကျေးမှုသမိုင်းတွင် ပလ္လင်​တော်ဟူသည် လွန်ခဲ့​သောနှစ်​ပေါင်းနှစ်​ထောင်​ကျော်ကာလမှ စတင်​ပေါ်ထွန်းခဲ့​ကြောင်း ​ရှေး​ဟောင်းသု​တေသနဆိုင်ရာ သမိုင်းအ​​ထောက်အထားများအရ သိရှိရသည်။ မြန်မာ့သမိုင်းတွင် မြို့ပြယဉ်​ကျေးမှုအ​စောဆုံး ထွန်းကား​သော ပျူ​ခေတ်ကပင် ပလ္လင်​တော်သည် ​မြန်မာ့ဒြပ်ရှိယဉ်​ကျေးမှုပစ္စည်းတစ်မျိုးအဖြစ် စတင်​ပေါ်ထွန်းခဲ့​​ကြောင်း သိရှိနိုင်သည်။[၁]

ပုဂံ​ခေတ်တွင်လည်း အ​နော်ရထာမင်းလက်ထက်တွင် ရှင်အရဟံကို သင့်တင့်​လျောက်ပတ်​သော​နေရာသို့ကြွ​စေရာ ရာဇပလ္လင်​ပေါ်သို့ ကြွမြန်းသဖြင့် ပုဂံ​ခေတ်တွင်လည်း ရာဇပလ္လင်ကို အသုံးပြု​ကြောင်း​တွေ့နိုင်သည်။

ရှင်ဘုရင်မှလွဲ၍ မည်သူမျှ ရာဇပလ္လင်​ပေါ်တွင် ထိုင်ခွင့်မရှိ။ တက်မိသူသည် အာဏာလုခြင်း (သို့မဟုတ်) ကြီး​လေး​သော သစ္စာ​ဖောက်မှုကိုကျူးလွန်ခြင်းဖြစ်သည်ဟု သတ်မှတ်ကြသည်။ အဘယ်​ကြောင့်ဆို​သော် ရာဇပလ္လင်သည် အချုပ်အခြာအာဏာ၏ သင်္ကေတဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အာဏာလုသည်ဟုမသုံးကြဘဲ ပလ္လင်လုသည်ဟု အသုံးပြုခဲ့ကြသည်။

မင်းတုန်းမင်းလက်ထက်တွင် နာမကျန်းဖြစ်စဉ်က အိမ်​ရှေ့စံ က​နောင်မင်းသားက ဘုရင့်ကိုယ်စား တရားစီရင်ခဲ့ရာ သီဟာသနပလ္လင်​ပေါ်တွင် တက်ထိုင်၍ တရားစီရင်ခြင်းမဟုတ်ဘဲ ထိုပလ္လင်ကို လက်ဖြင့်သုံးသပ်၍ ဘုရင့်ကိုယ်စား တရားစီရင်ခြင်းဖြစ်သည်။

ရာဇပလ္လင်များ ပြင်ဆင်ရန်

မြန်မာမင်းဆက်​နောက်ဆုံးစိုးစံရာ ကုန်း​ဘောင်​ခေတ်၌ ပလ္လင် (၈) မျိုး ရှိခဲ့သည်။ ထားရှိရာ နေရာကိုလိုက်၍ အ​ရေအတွက်အားဖြင့် (၉)ခု ရှိခဲ့သည်။

ပလ္လင် ရှစ်ခန်း
စဉ် ပလ္လင်အမည် ခံသောအရုပ် ထုလုပ်သည့် သစ်သား အသုံးပြုသည့် ကိစ္စ ထားရှိသည့် နေရာ
သီဟာသနပလ္လင် ခြင်္သေ့အရုပ် ယမနေသား မင်းတို့ ပူဇော်ခံရာ၊​နေ့စဉ်စည်း​ဝေးစုရုံးရာ မြေနန်းပြာသာဒ်
သီဟာသနပလ္လင် ခြင်္သေ့အရုပ် ယမနေသား တရားစီရင်​တော်မူရာ၊ ဝန်ကြီးများ၊ စစ်သူကြီးများနှင့် အ​ရေးကြီး​သောကိစ္စများ ​ဆွေး​နွေးရာ လွှတ်​တော်
ဘမရာသနပလ္လင် ပိတုန်းရုပ် ကရဝေးသား စက်တော်ခေါ်ရာ၊အတွင်းဝန်ကြီးများနှင့် ကိုယ်​ရေးကိုယ်တာကိစ္စ သီးသန့်​ဆွေး​​နွေးတိုင်ပင်ရာ မှန်နန်းဆောင်
ပဒုမ္မာသနပလ္လင် ပဒုမ္မာကြာပွင့် သရက်သား မင်းမိန်းမတို့ကန်တော့ခံရာ အနောက်ဇေတဝန်ဆောင်
ဟံသာသနပလ္လင် ဟင်္သာရုပ် သင်္ကန်းသား ဘုရားဝတ်ပြုရာ၊ မင်းမျိုးမင်းနွယ်၊ သံတမန်အဆင့်မြင့်ပုဂ္ဂိုလ်များကို လက်ခံ​တွေ့ဆုံရာ အရှေ့ဇေတဝန်ဆောင်
ဂဇာသနပလ္လင် ဆင်ရုပ် စကားသား ရာထူးအတက်၊ အကျကို အမိန့်ထုတ်ပြန်ရာ ဗြဲတိုက်
သင်္ခါသနပလ္လင် ခရုသင်းရုပ် တောင်ပိန္နဲသား မင်းတို့တရားစကားနာခံရာ လေသာဆောင်
မိဂါသနပလ္လင် သူမင်ရုပ် ရေသဖန်းသား ယုံကြည်ရ​သော ဝန်ကြီးများနှင့် တိုင်ပြည်​ရေးကိစ္စများကို ​ဆွေး​နွေး​တော်မူရာ တောင်စမုတ်ဆောင်
မယုရာသနပလ္လင် ဥဒေါင်းရုပ် ပေါက်သား ကန်တော့ပန်း သိမ်းရာ မြောက်စမုတ်ဆောင်

ပလ္လင်ရှစ်မျိုးအား အထက်ပါအဆောင်များတွင် ထားရှိသည်။ ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်မှာ မြေနန်းတော်နှင့် လွှတ်တော်တွင် တစ်ခုစီထားသဖြင့် ပလ္လင် ရှစ်ခန်း ရွှေနန်းကိုးဆောင် ဟူ၍ ခေါ်သည်။ [၂]

မြန်မာ့ရာဇပလ္လင်များ ပြင်ဆင်ရန်

၁၈၈၅ခုနှစ်တွင် သီ​ပေါမင်းပါ​တော်မူပြီး​နောက် မင်းခမ်း​တော်များနှင့် နန်းစဉ်ရတနာများကို ဗြိတိသျှတို့ ယူ​ဆောင်သွားကာ ၁၈၉၄တွင် နန်း​ဆောင်​ပေါင်း၇၀တို့ကို လုံခြုံ​ရေး​အ​ကြောင်းပြကာ ဖျက်သိမ်းခဲ့သည်။ ထို့​ကြောင့် နန်း​ဆောင်အလိုက် ထားရှိ​သော ရာဇပလ္လင်များမှာ ​ပျောက်ဆုံးခဲ့ရသည်။ တရားလွှတ်​တော်တွင် ထားရှိ​သော သီဟာသနပလ္လင် တစ်ခုတည်းသာ ကျန်ရစ်ခဲ့ပြီး ၁၉၀၂ခုနှစ်တွင် ဗြိတိသျှကိုလိုနီအကြီးအကဲဖြစ်သူ ​လော့ဒ်ကာဇုန်မှ အိန္ဒိယသို့ ယူ​ဆောင်သွားသည်။ ပလ္လင်​တော်၏အစိတ်အပိုင်းများကို ​​သေတ္တာ ၃၆လုံးတွင် ထည့်သယ်ရာ အ​လေးချိန် သုံးတန်ခန့်ရှိသည်။၁၉၀၂ခုနှစ် ​မေလ၁၆ရက်​နေ့တွင် အက်စ်အက်စ်ပန်ဒူးဝါး သင်္ဘောဖြင့် ရန်ကုန်မှ သယ်​ဆောင်သွားခဲ့သည်။ ထို့​တောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ စက်မှုလက်မှုပညာပြခန်း၌ ထားရှိခဲ့သည်။ ထို့​နောက် ၁၉၁၁ခုနှစ်တွင် အနုသုခုမပညာပြခန်းတွင် ပြသခဲ့သည်။

ဘုရင်စနစ်​နောက်ပိုင်း ရာဇပလ္လင် ပြင်ဆင်ရန်

၁၉၄၈ခုနှစ် လွတ်လပ်​ရေးရရှိချိန်တွင် အိန္ဒိယဒိုမီနီယံနိုင်ငံများကိုယ်စား ဘုရင်ခံချုပ် ​လော့ဒ်​မောင့်ဘတ်တန်က မြန်မာနိုင်ငံသို့ ပြန်လည်​ပေးအပ်ခဲ့သည်။မြန်မာနိုင်ငံသည် လွတ်လပ်​ရေးရရှိပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ ပြန်ဖြစ်လာ၍ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်​သော ရာဇပလ္လင်ကို လွတ်လပ်​ရေးအထိမ်းအမှတ် လက်​ဆောင်အဖြစ် ပြန်လည်အပ်နှင်းသည်ဟူ​သော အဓိပ္ပာယ်ဖြင့် ​၁၉၄၈ခုနှစ် ဖေ​ဖော်ဝါရီလ ၆ရက်​နေ့တွင် ပြန်လည်​ပေးပို့ခဲ့ခြင်းဖြစ်သည်။ ပြန်လည်​ရောက်ရှိလာ​သော သီဟာသနပလ္လင်​တော်ကို ရန်ကုန်မြို့၊ အလုံလမ်းရှိ သမ္မတအိမ်​တော် ဧည့်ခန်းမတွင် ထားရှိသည်။ ဖွဲ့စည်းပုံဥပ​ဒေအရ နိုင်ငံ​​တော်၏ အချုပ်အခြာအာဏာကို သမ္မတထံ အပ်နှင်းထား၍ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်​သော ပလ္လင်​တော်ကို ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ သမ္မတအိမ်​တော်၌ ထားရှိခြင်းဖြစ်သည်။ ထို့​နောက် ဒုတိယ​မြောက်သမ္မတ ​ဒေါက်တာဘဦးသည်လည်း အိမ်​တော်၌ပင် ထားရှိခဲ့သည်။ တတိယ​မြောက်သမ္မတ မန်းဝင်း​မောင်လက်ထက်တွင် ထိုပလ္လင်​တော်ကို အများပြည်သူ​လေ့လာနိုင်ရန် အမျိုးသားပြတိုက်သို့ ​ပြောင်းကာ ပြသခဲ့သည်။

 
နိုင်ငံ​တော်သမ္မတ ဦးဘဦးအား ပလ္လင်​ရှေ့​တော်၌ ​တွေ့ရစဉ်

၁၉၅၇ခုနှစ်မှစကာ ပလ္လင်​တော်သည် အမျိုးသားပြတိုက်၏ အဓိကရပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ မူလက အမျိုးသားပြတိုက်မှာ ဂျူဗလီ​ဟောတွင် ဖွင့်ထားခဲ့ရာမှ ၁၉၇၀ခုနှစ် ​ဖေ​ဖော်ဝါရီ၈ရက်​နေ့တွင် ပန်းဆိုးတန်း​အောက်လမ်းသို့ ​ပြောင်းကာဖွင့်လှစ်ရာ ​မြေညီထပ်ရှိ သဘာဝအလင်း​ရောင်ခန်းမတွင် ပြသထားခဲ့သည်။ ပြည်လမ်း​ပေါ်ရှိ အမျိုးသားပြတိုက်အသစ်ကြီးဖွင့်လှစ်ရာတွင် ပလ္လင်ခန်းမ​ဆောင်တွင် ခင်းကျင်းပြသထားခဲ့သည်မှာ ယ​နေ့တိုင်ဖြစ်သည်။ ထိုပလ္လင်ကို မြန်မာဘုရင်များလက်ထက်​တော်က နန်း​တော်​ဆောင်၌ ထားရှိသည့်အတိုင်းပင် ထီးဖြူ၊ အလံများနှင့် ထားရှိသည်။

 
ရန်ကုန်မြို့ အမျိုးသားပြတိုက်ရှိ သီဟာသနပလ္လင်

၂၀၁၁​နောက်ပိုင်း ပြင်ဆင်ရန်

၂၀၀၈ဖွဲ့စည်းပုံဥပ​ဒေအရလည်း နိုင်ငံ​တော်၏အချုပ်အခြာအာဏာကို နိုင်ငံ​တော်သမ္မတထံ အပ်နှင်းထားသည်။၂၀၁၀​ရွေး​ကောက်ပွဲအပြီး ၂၀၁၁တွင် အစိုးရအသစ်ဖွဲ့စည်းချိန်၌ အချုပ်အခြာအာဏာ၏သင်္ကေတဖြစ်​သော ပလ္လင်​တော်၏ ပုံတူပွားတစ်ခုကို နိုင်ငံ​တော်သမ္မတအိမ်​တော်၊ သံတမန်​ဆောင်ရှိ ဧည့်ခန်းမ၌ ထားရှိထား​လေသည်။[၁]

 
နိုင်ငံ​တော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မာမိုဟမ် ဆင်းတို့၏ အ​နောက်တွင် ​​တွေ့ရ​သော ပလ္လင်​တော်
 
နိုင်ငံ​တော်သမ္မတ ဦးထင်​ကျော်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီတို့၏ အ​နောက်တွင် ​​တွေ့ရ​သော ပလ္လင်​တော်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "မြန်မာစွယ်စုံကျမ်း နှစ်ချုပ်၊ ၂၀၁၆"၊ စာပေဗိမာန်။ Archived from the original on 8 May 2019။ 
  2. မန္တလေး ရတနာပုံဖိုးမှတ်စု