ရေနေပင်များ
အပင်ဆိုလျှင် ကုန်းပေါ်၌သာ ပေါက်ရောက်နိုင်သည်ဟု ထင်ကြ၏။ ရေထဲ၌ ပေါက်ရောက်သော အပင်များကို တွေ့မြင် ရသည့်အခါ ယင်းတို့ မည်သည့်နည်းနှင့် ကြီးထွားနေကြသည် ကို အံ့ဩကြပေလိမ့်မည်။ ရေထဲတွင်ပေါက်သော အပင်များ အနက် ရေအောက်မြေပြင်တွင် အေးချမ်းစွာနေသည့်သစ်ပင်ကြီး ငယ်တို့သည် အထူးတလည် မာကျောရန် မလိုချေ။ သို့သော် ရေစီးထဲတွင်ပေါက်သော အပင်တို့ သည် အတော်မာကျောရန် လိုပေသည်။ ရေနေအပင်များနှင့် စပ်လျဉ်း၍ အခြားထင်ရှား သော လက္ခဏာတစ်ရပ်မှာ လေရှူရန်အခေါင်းများ ရှိခြင်း ဖြစ်လေသည်။
များသောအားဖြင့် ရေထဲ၌ ပေါက်သောအပင်များတွင် အမြစ် အလွန်နည်းသည်။ အချို့တွင် အမြစ်ဟူ၍ လုံးဝမပါ ရှိတတ်ချေ။ အမြစ်များရှိသည့်တိုင်အောင် ထိုအမြစ်များသည် ကုန်းပေါ်က အပင်များမှာကဲ့သို့ အစာထုတ်ယူရန်မဟုတ်ဘဲ အပင်မြဲမြံမှုအတွက် ကျောက်ဆူးသဖွယ် အကုပ်အတွယ် ရရန် သာ ဖြစ်သည်။ သေချာစွာ အမြစ်တွယ်ထားခြင်း မရှိသော အပင်များသည် လေရှူရန်အခေါင်းကြောင့် ရေပေါ်၌ ပေါလော ပေါ်၍ နေနိုင်သည်။ အချို့ရေနေပင်များသည် ထာဝစဉ်ပေါလော ပေါ်၍သာ နေသည်ကို တွေ့ရလေသည်။
အရွက်များ အကျိုးပြုလိုက်လျောမှု ဖြစ်နေပုံမှာလည်း အထူးအံ့ဩစရာ ကောင်းလေသည်။ ရေထဲတွင် စိမ်နေရသော အရွက်အခက်များတွင် ကုန်းပေါ်ရှိအရွက်များမှာကဲ့သို့ လေရှူ ပေါက်များ မပါရှိချေ။ များသောအားဖြင့် ရေထဲက အရွက်များ သည် အစိတ်စိတ်ကွဲလျက် ရှိရာ ရေစီးကိုလည်းကောင်း၊ ရေစီး၌ပါသော အရာဝတ္ထုများကိုလည်းကောင်း အတိုက်အခံများစွာ မဖြစ်စေဘဲ အလိုက် သင့် ဖြစ်နေသည်ကို တွေ့ရပေသည်။ ရှည်လျားသေးသွယ် သော အရွက်များသည် ရေပြင်ပေါ်သို့ ထိုးထွက်ကာ အစာကို ရယူလေ့ရှိကြသည်။ အချို့အပင်များတွင် ရေစိမ်နေရသော အရွက်ဟူ၍ပင် အလျဉ်းမရှိသည်ကို တွေ့ရသည်။ ရေထဲ၌ ပေါက်ရောက်သော အပင်များ အနက် ရေစီးကိုလိုက်၍ စုန်ချီ ဆန်ချီ ပေါလောပေါ်နေသောဗေဒါပင်မျိုးကို သတိပြု မှတ်သား သင့်ပေသည်။
ကြာဖြူကြာနီကဲ့သို့သော ရေနေအပင်များ၏ အရွက်သည် ပြားချပ်၍ ဝန်းလျားလျား ပုံသဏ္ဌာန်ရှိသည်။ ရေထဲ ပေါလော ပေါ်၍ နေစေရန်အတွက် လေရှူသည့်ခေါင်းပွကလေးများရှိသည်။ ပင်စည်ကလေးများမှာလည်း ရေစီးအပြောင်းအလဲဒဏ်ကို ခံနိုင် ရန် သေးသွယ်ပျော့ပျောင်းလှပေသည်။ ထိုအရွက်များ၏ အပေါ် ဘက် မျက်နှာတွင်မူ အသက်ရှူရန် လေပေါက်ကလေးများကို တွေ့ရသည်။ ပန်းတွင်ဖြစ်စေ၊ သို့မဟုတ် အသီးတွင် ဖြစ်စေ ရေအောက်သို့ ကျရောက်နေလင့်ကစား အပေါက်ငယ်များ ပါရှိတတ်သည်။ ယင်းတို့၏ ဝတ်မှုန်များသည် ရေစီးဖြင့် တစ်ပင်မှ တစ်ပင်သို့ လွယ်ကူစွာ ရေထဲတွင် မျောပါပြီးလျှင် ဆက်သွယ်မိကြလေသည်။ သို့သော် များစွာသော ရေနေပင် များ၌ လေပေါက်များကြောင့်လည်းကောင်း၊ ပင်စည်က မြှင့်တင်ထား ခြင်းကြောင့်လည်းကောင်း ပန်းသည် ရေမျက်နှာပြင်ပေါ်၌ ပေါလော ပေါ်၍ နေတတ်ပေသည်။ ထိုမှ ဤမှ ကူးသွားပျံသန်းလေ့ရှိကြ သော ပိုးကောင်များနှင့် လေပြည်လေညှင်းတို့က ပန်းဝတ်မှုန် များကို နေရာအနှံ့အပြားရောက်အောင် ဆောင်ကြဉ်းပေးကြ သည်။ များစွာသော ရေနေပင်တို့သည် ယင်းတို့၏ အစေ့၊ သို့မဟုတ် အသီးတွင် ရေမစိုစေရန် အိတ်ကလေးများ ပါရှိ တတ်သည်။ ထိုအိတ်ကလေးများ ပါရှိခြင်းဖြင့် အသီးများ ကြွေကျသောအခါ ရေပေါ်တွင် ကောင်းစွာပေါ်လျက် မျောသွား နိုင်လေသည်။ အသီးနှင့် သေးငယ်သောအပင်ကလေးများသည် တစ်ခါတစ်ရံ ရေငှက်တို့၏ နှုတ်သီး၊ ရွံ့ပေနေသော ခြေ ထောက်နှင့် အမွေးအတောင်တို့တွင် တွယ်ကပ်၍ ပါသွားတတ် ကြလေသည်။
ရေနေပင်များတွင် အဓိကအားဖြင့် သုံးမျိုးရှိသည်။ ပထမ အမျိုးတွင် ရေထဲ၌ အမြဲနေပြီးလျှင် မိမိဘာသာသော်လည်းကောင်း၊ ရေစီးကြောင်းအားဖြင့်သော်လည်းကောင်း ရွေ့လျားသွားလာနေသော အပင်မျိုးအားလုံး အကျုံးဝင်သည်။ ထိုအမျိုးထဲတွင် အယ်လဂျေ(Algae) ပင်၊ ဘဲစာပင်များ ပါဝင်၏။ ဒုတိယအမျိုးမှ အပင်သည် ရေပေါ်၌ ပေါ်နေသော်လည်း အောက်ဘက်တွင် ကျောက်ဆူးကြိုး ချထားသကဲ့သို့ အကုပ်အတွယ်ရှိသော အပင်များ ဖြစ်သည်။ ထိုအမျိုးတွင် ပင်လယ်ကျောက်ပွင့်မျိုးများ ပါဝင်၏။ ပင်လယ် ကျောက်ပွင့်မျိုးမှာလည်း အစားစားရှိသည်။ အချို့ကို ရေအတိမ် အနက်ကိုလိုက်ကာ အမျိုးမျိုး တွေ့ရတတ်သည်။ အခြားအမျိုး မှာ ကြာပန်းအပါအဝင်ဖြစ်သော အုပ်စုဖြစ်ပြီးလျှင် ရေပေါ်၌ ပေါ်သော အရွက်ပြန့်များ ပါရှိတတ်သည်။ ရေအိုင်ထဲမှ အပင် များမှာမူ အရွက်သည် ရေထဲတွင် လုံးဝမြုပ်၍ နေတတ်ကြ သည်။ တတိယအမျိုးဝင် ရေနေပင်တို့၏အမြစ်သည် ရေထဲ၌ သော်လည်းကောင်း၊ ရေများစွာပါရှိသော မြေဩဇာထဲ၌သော်လည်းကောင်း တွယ်၍ နေပြီးလျှင် အရွက်ထွက်သည့် ရိုးတံသည် ရေမျက်နှာပြင်ပေါ်သို့ ထိုးထွက်နေတတ်သည်။ ယင်းတို့တွင် ကိုင်းပင် ကျူပင်များနှင့် အလားတူအပင်များ ပါဝင်သည်။ ထိုမှတစ်ပါး ရေထဲ၌ ပေါက် ရောက်သော အပင်ငယ်များလည်း ရှိသေးသည်။
အချို့အပင်များတွင် အမြစ်သည် ရေပေါ်၌ပေါ်၍ အောက် ဆီဂျင်ဓာတ်ကို ယူလေသည်။ ဆိုက်ပရက်ခေါ် အပင်တစ်မျိုး သည် ထိုအမျိုးထဲက ဖြစ်လေသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)