ရေသွင်းစိုက်ပျိုးခြင်း ဆိုသည်မှာ ရေလှောင်ထားသော နေရာတစ်ခုမှ ချောင်းငယ် မြောင်းငယ်တို့ဖြင့်၎င်း၊ အဝီစိတွင်းများမှ ရေစုပ်ယူ၍၎င်း လူတို့ ပြုပြင်ဖန်တီးကာ ကောက်ပဲသီးနှံ စိုက်ရာဒေသသို့ ရေပေးသွင်းခြင်းကို ခေါ်သည်။ ရေပေးသွင်းရာ၌ ရေမအိုင့်အောင် ရေလွှဲပေါက်ထားရလေသည်။ စိုက်ပျိုးပင်များအတွက် အလုံအလောက် မိုးရေရနိုင်သော ဒေသများတွင် ရေသွင်းပေးရန် မလိုချေ။ မိုးရေ လုံလောက်သည်တိုင်အောင် လိုသည့်အချိန်တွင် မိုးရေမရသော ဒေသများအတွက်လည်း စိုက်ပျိုးချိန် မိုးပါးချိန် မိုးပါးခိုက်တွင် ရေသွင်းပေးလျှင် ပို၍ အကျိုးရှိနိုင်လေသည်။

ရှေးနှစ်ပေါင်းများစွာကပင် မြေဩဇာထက်သန်ပါလျက် ရေလိုနေသဖြင့် အသုံးမဝင်ဖြစ်နေရသော မိုးပါး ရေရှားရပ်ဝန်းများရှိ မြေလပ်များကို စိုက်ပျိုးနိုင်ရန် လူတို့ကြံစည်အားထုတ်ခဲ့ကြသည်ကို ကမ္ဘာ့သမိုင်းစဉ်တွင် အထင်အရှားတွေ့ရပေသည်။ အီဂျစ်လူမျိုးတို့သည် ယနေ့တိုင် နွေရာသီတွင် နိုင်းမြစ်ထဲမှ ရေကို မောင်းတက်ဖြင့် ငင်ယူကာ အနီးအနားရှိ စိုက်ခင်းများသို့ ပို့ဆောင်စိုက်ပျိုးကြ၏။ အိန္ဒိယနိုင်ငံတွင် ဂါလန် ၃ဝ ဝင် သားရေအိတ်ကြီးများဖြင့် ရေတွင်းများမှ ရေကို ကျွဲနွားများ အကူအညီနှင့် ဆွဲငင်ယူပြီးလျှင် မြောင်းများမှတစ်ဆင့် စိုက်ပျိုးရာ လယ်ကွက်သို့ ရေသွင်းလေ့ရှိကြသည်။ ထိုအတူပင် အဆီးရီးယား၊ ဗက်ဗီလုံးနီးယား၊ တရုတ် စသောနိုင်ငံများတွင်လည်း မိုးပါးရေရှား ရပ်ဝန်းများ၌ ရေသွင်းစိုက်ပျိုး ခဲ့ကြလေသည်။

ခေတ်သစ်တွင်လည်း နိုင်ငံအသီးသီးမှ အစိုးရတို့သည် ငွေအမြောက်အမြား အကုန်ခံလျက် ကန်၊ ဆည်၊ တူးမြောင်း ပြုပြင်ခြင်း၊ အသစ်တူးဖော်ခြင်း စသည်တို့ဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရန် ကူညီအားပေးကြလေသည်။ ယင်းသို့ဖြင့် ၁၈၉၄ ခုနှစ်တွင် အာဖရိကတိုက်ရှိ နိုင်းမြစ်ကို ဖြတ်ဆောက်ထားသော အက်ဆူဝမ် ဆည်တမံကြီးဖြင့် ပတ်ဝန်းကျင်ရှိ စိုက်ပျိုးရာဒေသများသို့ နွေအခါတွင် ရေလုံလောက် အောင် ပေးစွမ်းနိုင်ခဲ့လေသည်။ ထိုတမံကြီးသည် ၁ ၁/၄ မိုင်မျှပင် ရှည်ပေသည်။ အိန္ဒိယနိုင်ငံ ဣန္ဒုမြစ်ဝှမ်း၌ တည်ဆောက်ထားသော လွိုက်ဆည်တမံကြီးကလည်း လယ်မြေဧက ရှစ်ကုဋေ ၅ဝ ခန့်ရှိလေသည်။ အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် မျက်နှာဖြူများ ဥရောပတိုက်မှ မရောက်မီကပင် နယူးမက္ကဆီကိုနှင့် အယ်ရီဇိုးနားပြည်နယ်များရှိ တိုင်းရင်းသားပွက်ဗလို လူမျိုးတို့သည် ဆည်မြောင်းဖောက်လုပ်ရေသွယ်ခြင်းကို တတ်မြောက်ပြီး ဖြစ်၏။

စပိန်လူမျိုးတို့ ရောက်လာသောအခါ တမံတုတ်နည်း၊ ရေလှောင်နည်းများ ထပ်မံသင်ကြားပေးခြင်းဖြင့် လယ်ရေသွင်းလုပ်ငန်း တိုးတက်လာခဲ့၏။ ရှေးရေလွှဲချောင်းမြောင်းများကို ယနေ့တိုင် သုံးနေကြသည့်ပြင်၊ ကော်လိုရားဒိုးမြစ်၌ ဆောက်လုပ်ထားသော ဗိုလဒါတမံကြီးကဲ့သို့ ခေတ်မီရေသွင်း ဆည် တမံ အများလည်း ရှိလေသည်။

ဆန်စပါးကဲ့သို့သော သီးနှံပင်များစိုက်သော လယ်မြေများသို့ ရေအပြည့်သွင်းရသော်လည်း သစ်သီးဝလံ စိုက်ပျိုးသော ခြံဥယျာဉ်များသို့မူ အပင်ပတ်လည် ရေသွယ်မြောင်းငယ်များ အနှံ့အစပ် တူးဖော်ရေသွင်းပေးရ လေသည်။ အချို့သော အနောက်နိုင်ငံများတွင် သတ္တုပိုက်လုံး၊ အုပ်ကြွပ်ပိုက်လုံးများကို သုံး၍ မြေအောက်မှ လိုရာအရပ်သို့ ရေသွင်းစိုက်ပျိုးကြ၏။ ရေမရသောနေရာသို့ ရေသွင်းစိုက်ပျိုးခြင်းထက် ရေလွှမ်းနေသော မြေနိမ့်ချိုင့်ဝှမ်း စိမ့်မြေတို့ကို ရေကာတာ၊ ရေလွှဲ ရေထုတ်မြောင်းများတူး၍ ပြုပြင်အသုံးချ စိုက်ပျိုးခြင်းက ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်။ မြေလပ်နည်းပါးသော အနောက်နိုင်ငံများတွင် စိုက်ပျိုးရန် မြေယာသစ်ရဖို့အတွက် စိမ့်မြေ၊ ပင်လယ်ကမ်းခြေ ရေတိမ်ပိုင်း၊ အင်းတိမ်၊ အိုင်တိမ်တို့ကို ရေလွှဲရေထုတ်မြောင်းများ၊ ရေစုပ်ပိုက် လုံးများ အသုံးပြု၍ ခန်းခြောက်သွားအောင် လုပ်ယူရသည်။

ရှေးနှစ်ပေါင်းများစွာကပင် စိုက်ခင်းသစ် ဖန်တီးရာ၌ နာမည်ကျော်ခဲ့သော ဒတ်ချလူမျိုးတို့သည် ၁၉၂ဝ ပြည့်နှစ်မှစ၍ ၁၈ မိုင်ရှည်သော ဆည်တမံကြီးဖြင့် မိမိတို့ နယ်သာလန်နိုင်ငံရှိ ဇိုင်ဒါဇီးခေါ် ပြည်တွင်း ပင်လယ်တိမ်ကို စိုက်ခင်းသစ်ဖြစ်အောင် အနှစ်သုံးဆယ်ကျော် ကြိုးစားကာ ဖန်တီးနိုင်ခဲ့လေသည်။ လေ ရဟတ် ၃ဝဝဝ ခန့်ရှိသဖြင့် လေရဟတ်နိုင်ငံဟုခေါ်ရခြင်းမှာလည်း မြေနိမ့်တွင် ဝပ်နေသည့်ရေကို ရေထုတ်မြောင်းသို့ ပို့ဆောင်ရာ၌ လေရဟတ်ကြီးများကို အသုံးချသောကြောင့် ဖြစ်လေသည်။

အင်္ဂလန်နိုင်ငံ အင်္ဂလီယာနယ်မှ ရှေးကမဖြတ်သန်းနိုင်သော နွံတောကြီး ဖြစ်ခဲ့သော်လည်း အနှစ်တစ်ရာအတွင်း တစ်စတစ်စ ပြုပြင်ခဲ့သဖြင့် ယခု အင်္ဂလန်နိုင်ငံ၌ မြေဩဇာအထက်သန်ဆုံးနယ် ဖြစ်နေလေပြီ။

ရေသွင်းခြင်းလုပ်ငန်းတွင် လူတို့ အသင့်အတင့် အောင်မြင်ခဲ့သော်လည်း လုံးဝ အောင်မြင်သည်ကား မဟုတ်ပေ။ ပုံစံအားဖြင့် သဲကန္တာရတွင်းရှိ စမ်းရေ ပေါ်ထွက်ရာအရပ်ဖြစ်သော အိုအေဆစ်တွင် အသီးအနှံ ဖြစ်ထွန်းပေါက်ရောက်သည်ကို ထောက်၍ ရေရလျှင် မည်သည့်သဲကန္တရမဆို အသုံးဝင်အောင် ပြုပြင်နိုင်ကြောင်း ထင်ရှားလှပေသည်။ သို့သော်လည်း အပြောကျယ်သော ဆဟားရားသဲကန္တာရကြီးကို အသုံးချနိုင်ရန်မူ လူတို့သည် စီမံကိန်းအမျိုးမျိုးဆွဲ၍ ကြံဆနေကြဆဲဖြစ်လေသည်။

အချို့ မိုးပါးရေရှားရပ်ဝန်းများတွင် အဝီစိတွင်းတူးဖော်၍ ရေရယူနိုင်သဖြင့် အသီးအနှံစိုက်နိုင်လေသည်။ အီဂျစ်နှင့် တရုတ် နိုင်ငံတို့တွင် ရှေးအထက်ကျော်ကာရီကပင် ယင်းကဲ့သို့ အဝီစိတွင်းများ တူးဖော်စိုက်ပျိုးခဲ့ကြသည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံတွင် ရေသွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကြီးကြပ် အုပ်ချုပ်ရေးအတွက် အဖွဲ့အစည်းတစ်ခု ရှိသည်ဖြစ်ရာ၊ ယင်းမှာ လယ်ယာစိုက်ပျိုးရေးဌာန၏ လက်အောက်ရှိ ဆည်မြောင်းဌာနပင် ဖြစ်လေသည်။ ဆည်မြောင်းဘက်ဆိုင်ရာ အင်ဂျင်နီယာချုပ်သည် ဌာနအကြီးအကဲ ဖြစ်၍ ယင်း၏လက်အောက်တွင် တိုင်းအင်ဂျင်နီယာများ၊ ခရိုင်အင်ဂျင်နီယာများနှင့် လက်ထောက် အင်ဂျင်နီယာများမှသည် သံကြိုးဆွဲများ၊ ရေတံခါး စောင့်များအထိ ရာထမ်းမှုထမ်း အမျိုးမျိုးအစားစား ရှိလေသည်။

ပြည်ထောင်စုအစိုးရ မြန်မာနိုင်ငံအစိုးရ ဆည်မြောင်းဌာနသည် ရေသွင်းလုပ်ငန်းများကိုသာမက ရေလွှမ်းမိုးခြင်းမှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်း တာဝန်ယူထားရလေသည်။ ထို့ပြင် ကူးသန်းသွားလာရေးအတွက် တူးဖောက်ခဲ့သော တွံတေးတူးမြောင်းနှင့် ပဲခူး-စစ်တောင်းတူးမြောင်း များကိုလည်း တာဝန်ယူခဲ့ရသည်တွင် ရေကြောင်းသွားလာရေးမှာဌာန၏ တာဝန်တစ်ခု ဖြစ်လာ၏။ သို့ဖြစ်၍ သဘာဝအခြေအနေများနှင့် တိုင်းပြည်သွင်ပြင်နေထားများအရ ဆည်မြောင်းဌာန၏ လုပ်ငန်းမှာ အထက်မြန်မာပြည်တွင် ရေသွင်းပေးခြင်းဖြစ်၍၊ အောက်မြန်မာပြည်တွင်မူ ရေကြောင်းသွားလာရေးနှင့် တမံတာရိုးများ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားနေပေသည်။

မြန်မာနိုင်ငံရှိ အချို့သော ဆည်မြောင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း ၉ဝဝ ကျော်လောက်ကပင် တည်ရှိခဲ့ကြ၏။ ပုဂံပြည် အနော်ရထာမင်းစောလက်ထက်တွင် မိတ္ထီလာခရိုင်၊ကျောက်ဆည်ခရိုင်တို့၌ ဆည်မြောင်းကန်ချောင်းများ ပြုစုတူးလုပ်ခြင်းဖြင့် နိုင်ငံတော် စည်ပင်သာယာအောင် စီမံဆောင်ရွက်ခဲ့ပုံများကို နိုင်ငံသမိုင်းတွင် ဖော်ပြထားသည်။

ရွှေဘိုခရိုင်တွင် ရေသွင်းတူးမြောင်းများ အများဆုံးရှိ၏။ ရွှေဘိုမြို့မြောက်ဘက် ၂၆ မိုင်အကွာရှိ ကဘိုရွာတွင် မူးမြစ်မှ ရေများကို ရွှေဘိုတူးမြောင်းနှင့် ရေဦးတူးမြောင်းသို့ ရေသွင်းပေးသည့် ဆည်တော်ကြီး ရှိလေသည်။ (ကဘိုရေလွှဲဆည်--လည်း ရှု။) ယင်းသည့် တူးမြောင်းနှစ်ခုအား ရေအလို့ငှာ ကိုးစား အားထားရသည့် လယ်မြေပေါင်းမှာ ဧကသုံးသိန်း သုံးသောင်း ခန့်မျှ ဖြစ်၏။ ရှေးခေတ် မြန်မာ့လက်ရာဖြစ်ခဲ့သည့် မူးတူး မြောင်းဟောင်းမှာ ယခင်က ကဘိုဆည်တော်ကြီးအထက် ၂၆ မိုင်အကွာ ကင်းရွာတွင် မူးမြစ်မှရေကို လွှဲယူလျက် တောင် ဘက်သို့ ထိုးဆင်းပြီးလျှင် ရွှေဘိုအနီး မဟာနန္ဒာကန်၌ အဆုံး သတ်လေသည်။

အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် ပထမဆုံး တူးဖော်သည့် တူးမြောင်းမှာ မန္တလေးတူးမြောင်း ဖြစ်၏။ ချောင်းမကြီးမှ ရေများကို ထိုတူးမြောင်းတွင်းသို့ ပေးသွင်းရန်အတွက် ဆည်တော်ကြီးကို မန္တလေးအရှေ့မြောက် မိုင် ၃ဝ အကွာရှိ ဆည်တော်၌ ထားရှိ၏။ ထိုတူးမြောင်းသည် ၄၂ မိုင် ရှည်လျား၍ ဧကပေါင်း ရှစ်သောင်းခန့်မျှရှိသော လယ်ယာများကို ရေသွင်းဖြန့်ဖြူးပေးလေသည်။ ရှေးခေတ် ဟောင်း တူးမြောင်းဖြစ်သော ရွှေတစ်ချောင်းတူးမြောင်းသည် မန္တလေးတူးမြောင်းမှ ရေလွှဲယူ၏။ ယင်းကို အားထားနေရသော ဆည်ရေသောက် လယ်ယာများမှာ ဧကတစ်သောင်းငါးထောင်မျှ ရှိ၏။ ထို့ပြင် ထုံးဖိုဆည်တော် တူးမြောင်းနှင့် တောင်ကန် ရေကန်တို့ကလည်း ဧကငါးထောင်ခန့်ကို ရေသွင်းပေးသေး၏။ ကျောက်ဆည်ခရိုင်ရှိ ဆည်မြောင်းများမှာ ခရစ်နှစ် ၁ဝဝဝ ပြည့်ခန့်တွင် ရှေးမြန်မာမင်းများ တူးဖော်ခဲ့သည့် ဆည်မြောင်း များ ဖြစ်၍ ယခုအခါ များစွာသော ဆည်မြောင်းတို့ကို ခေတ်မီ စံနစ်အားဖြင့် ပြုပြင်စီမံထားပြီး ဖြစ်သည်။ ယင်းသည့် ဆည်မြောင်းများကို ရေသွင်းဖြည့်တင်းပေးရန် မြောက်ဘက်၌ ဇော်ဂျီ မြစ်ရှိ၍၊ တောင်ဘက်၌ ပန်းလောင်မြစ်ရှိသည်။ ထိုမြစ်နှစ်သွယ် သည် ကွန်ချာဖြန့်ထားသကဲ့သို့သော မြောင်းမတော်၊ မြောင်း လက်တံ မြောက်မြားစွာတို့ကို ရေဖြည့်တင်းပေးလေသည်။ ယင်းတို့ကို အမှီသဟဲပြုနေရသော လယ်ယာများမှာ ဧကပေါင်း ၁၇၆ဝဝဝ ခန့်မျှ ရှိ၏။

မိတ္ထီလာခရိုင်ရှိ အင်းရင်တူးမြောင်းနှင့် ဝမ်းတွင်း ဆည် မြောင်းများသည် လယ်ယာဧကပေါင်း ၈ဝဝဝ ခန့်ကို ရေသွင်း ပေးသည်။ မင်းဘူးခရိုင်၌ ရေသွင်းတူးမြောင်းများကို စလင်းတူး မြောင်းစု၊ မုံးတူးမြောင်းစုနှင့် မန်းတူးမြောင်းစုဟူ၍ သုံးစုခွဲထားသည်။ စလင်းတူးမြောင်းများကို ၁၉၃၄ ခုနှစ်တွင် ဖောက်လုပ် ပြီးစီးခဲ့၍ မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်မဖြစ်မီ နောက်ဆုံးတူးဖော်ခဲ့သော တူးမြောင်းများဟု ဆိုရပေမည်။ ဧကပေါင်း ၂၃ဝဝဝ ခန့်ကို ရေသွင်းပေး၏။

မုံးတူးမြောင်းများကိုကား မုံးချောင်းပေါ်ရှိ မဲဇလီ၌ ဆည်ကြီးတစ်ခုပြုလုပ်ပြီးလျှင် ချောင်း၏တစ်ဖက်တစ်ချက်၌ တူးမြောင်း တူးဖော်ထားလျက် မြစ်ဝှမ်းတစ်လျောက် လယ်ယာ ဧကပေါင်း ၈၃ဝဝဝ ခန့်ကို ရေသွင်းပေးရန် စီမံထားသည်။ မန်းတူးမြောင်းမှာ ရှေးမြန်မာတူးမြောင်းဟောင်းကို ပြန်လည်ပြုပြင်ထားသည့် တူးမြောင်းဖြစ်၏။ ယင်းတူးမြောင်းနှင့် ယင်း၏ တူးမြောင်းခွဲ စကုတူးမြောင်းတို့သည် လယ်ယာဧက ပေါင်း ၂၂ဝဝဝ ခန့်ကို ရေသွင်းပေး၏။

မြန်မာနိုင်ငံတွင် ကန်များမှ ရေပေးသွင်းခြင်းများလည်း ရှိသေး၏။ အဓိကရေကန်မှာ မိတ္ထီလာကန်ဖြစ်၍ မိတ္ထီလာ ခရိုင်၌ပင်ရှိသော ညောင်ရမ်းမင်းလှကန်သည်လည်း ထင်ရှား သည့်အပြင် အခြားရေလှောင်ကန်ငယ် လေးများလည်း နိုင်ငံ တွင်း အနှံ့အပြား တွေ့ရလေသည်။ မိတ္ထီလာကန်ကြီးကို မှီခို အားထားရသည့်ပြင် ဧကပေါင်းလေးသောင်းခန့်သော လယ်ယာ တို့သည် ဤကန်ရေကို မှီနေရ၏။ ညောင်ရမ်းမင်းလှကန်သည် လယ်ယာဧကပေါင်း နှစ်သောင်းငါးထောင်ခန့်မျှကို ရေပေးသွင်း ၏။


ရေသွင်းခြင်းကို ဆည်မြောင်းဌာနက အုပ်ချုပ်ပေးသွင်း၏။ မြောင်းမကြီး၊ မြောင်းခွဲ၊ မြောက်လက်တံ၊ ရေသွယ်မြောင်းငယ် စသဖြင့် အဆင့်ဆင့် ရေလွှတ်ပေးသွင်း၏။ လိုသမျှရေကို လယ်သမားတစ်ဦးစီက မြောင်းငယ်ကလေးများနှင့် တစ်ဆင့် သွယ်ယူရ၏။ မိုးရွာသည့်အပေါ်တွင် အမှီပြု၍ များလျှင် များ သလို၊ နည်းလျှင်နည်းသလို ရေလွှတ်ရသဖြင့် တစ်ခါတစ်ရံ အချို့နေရာများ၌ မလိုသည့်အချိန်မျိုးတွင် ရေပိုနေသည်ကို တွေ့ရတတ်၏။

မြန်မာနိုင်ငံတွင် သီးနှံအမျိုးမျိုး စိုက်ပျိုးသည့်မြေဧက ပေါင်းမှာ ၁၉၄ဝ-၄၁ ခုနှစ်တွင် ၁၇၅ ့၆ဝ သိန်း ဖြစ်သော် လည်း ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် ၁၉၄၅-၄၆ ခုနှစ်တွင် စိုက်ပျိုးဧက ၁ဝ၉ ့၆၉ သိန်းအထိ ကျဆင်းခဲ့သည်။ စစ်ပြီး သောအခါ တောင်သူလယ်သမားများက မြေယာများကို တိုးချဲ့ လုပ်ကိုင်ခဲ့ရာ လွတ်လပ်ရေး ကျေညာသည့်အချိန်တွင် ဧက ၁၄ဝ ့ဝ၈ သိန်း၊ ထိုနောက် ၁၉၆ဝ-၆၁ ခုနှစ်တွင် ဧက ၁၅၉ ့၇၇ သိန်း၊ ထိုနောက် ၁၉၆ဝ-၆၁ ခုနှစ်မှ အစပြုကာ တော်လှန်ရေးအစိုးရ၏ ကြိုးပမ်းမှုကြောင့် မြေယာများ တိုးချဲ့ လုပ်ကိုင်လာခဲ့ရာ ၁၉၆၃-၆၄ ခုနှစ်တွင် ဧက ၁၉၆ ့၈၉ သိန်း အထိ အမြင့်ဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်တွင်မူ ဧက ၁၉၄ ့၆၁ သိန်းသာ လုပ်ကိုင်ခဲ့၏။ စိုက်ပျိုးလုပ်ကိုင် နိုင်သည့် မြေဧရိယာထဲမှ သီးထပ်ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ ထိုသို့ စိုက်မြေဧရိယာ၊ သီးထပ်မြေဧရိယာတို့ကို တိုးချဲ့ လုပ်ကိုင်နိုင်စေရန် ဆည်မြောင်းများကို တိုးချဲ့ခဲ့၏။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ဆည်ရေသောက်ဧရိယာ ၁၅ ့၆၂ သိန်း (၁၉၄ဝ-၄၁)ရှိခဲ့ရာ၊ စစ်ကြီးပြီး နောက် ၁၉၆ဝ-၆၁ ခုနှစ်အထိ ဧက ၁၂ ့၆၁ သိန်းအထိ လျော့ကျခဲ့သည်။ ထိုနောက်တွင် ဆည်ရေသောက် ဧရိယာသည် တဖြည်းဖြည်း ပြန်လည် တိုး တက်လာခဲ့ရာ ၁၉၆၄-၆၅ ခုနှစ်တွင် ၁၉ ့၄၁ သိန်းအထိ အမြင့်ဆုံး ရောက်ရှိခဲ့၍ ၁၉၆၅-၆၆ ခုနှစ်တွင် မိုးရေနည်းပါး သဖြင့် ၁၈ ့၆ဝ သိန်းအထိသာ ရှိခဲ့၏။

မြေယာတိုးချဲ့ စိုက်ပျိုးသည်နှင့်အမျှ မိုးရေကြီးခြင်း၊ မိုးနှောင်းခေါင်ခြင်း စသည်တို့ကြောင့် ပျက်စီးရသည့် ဧရိယာ သည်လည်း တိုးတက်နေရာ တိုးချဲ့စိုက်ပျိုးသည့် မြေယာများ တွင် စိတ်ချရအောင် မုတ်သုန်ရာသီဖြင့် မိုးမှန်မှန် ရွာသည့် နေရာများတွင် ရေကြီးမူနှင့် ဆားငန်ရေတက်မှုတို့ကို ကာကွယ် ရန် ရေနုတ်မြောင်းများ၊ တာတမံများနှင့် မိုးခေါင်ရေးရှားဒေသ များတွင် ရေရရှိရန် ဆည်မြောင်းများ၊ ရေလှောင်ကန်များ၊ ရေတွင်းများကို တိုးချဲ့တည်ဆောက်လျက် ရှိသည်။ ယင်းတို့အနက် ထင်ရှားသော ဆည်မြောင်းတာတမံ လုပ်ငန်းများမှာ-မုန်တိုင်ရေလှောင်ကန်၊ ကြက်မောက်တောင် စီမံကိန်း၊ ဝါရှောင်စီမံကိန်း၊ ကဘော်ချိုင့်ဝှမ်းဆည်မြောင်း တာတမံစီမံကိန်း၊ မိုးခေါင်ရေရှားဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၊ မူးမြစ်ဝှမ်းစီမံကိန်း၊ စစ်တောင်းမြစ်ဝှမ်း စီမံကိန်း၊ နဝင်း ဆည်မြောင်းတာတမံ စီမံကိန်း စသည်တို့ ဖြစ်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)