ရောမခေတ် မထွန်းကားမီကပင် မြောက်ဘက်ဒေသများရှိ လူရိုင်း မျိုးတို့ သုံးစွဲခဲ့ရာမှ ယင်းတို့ ရောမမြို့နေရာသို့ လာရောက်မြို့ပြတည် ဆောက်သည်တွင် ပိုမိုထင်ရှားပျံ့နှံ့ခဲ့သည်။ ရောမခေတ်ကုန်ဆုံးသည့်နောက် နှစ်ရာပေါင်းများစွာအထိ ထွန်းကားခဲ့၍ ဂန္ထဝင်ကျမ်းပေါင်းများစွာကို ယင်း ဘာသာဖြင့် ပြုစုခဲ့ကြသည်။

လက်တင်ဘာသာနှင့်စာပေ

ပြင်ဆင်ရန်

ယခုအခါ အင်္ဂလိပ်ဘာသာသည် ကမ္ဘာသုံး ဘာသာဖြစ်နေသကဲ့သို့ လက်တင်ဘာသာသည်လည်း ရှေးအခါက ကမ္ဘာသုံးဘာသာတစ်ရပ် ဖြစ်ခဲ့လေသည်။ အင်္ဂလိပ်ဘာသာနှင့် စာပေသည် အင်္ဂလိပ်တို့နှင့်အတူ သူတို့အာဏာဖြန့်ချိရာ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွား သကဲ့သို့ လက်တင်ဘာသာသည်လည်း ထိုအခါက အမြဲအောင်ပွဲ ဆင်နွှဲနေရ သော ရောမစစ်တပ်များနှင့်အတူ ဥရောပ၊ အာရှနှင့် အာဖရိက တိုက်များ သို့ ပျံ့နှံ့ခဲ့လေသည်။ ထိုကဲ့သို့ အရပ်ရပ်ပျံ့နှံ့ခဲ့၍ လူတန်းစားအမျိုးမျိုးတို့ ပြောဆို သုံး နှုန်းကြရာ လေယူလေသိမ်းကို တိကျမှန်ကန်စွာပြောလိုသော ပညာတတ် အထက်တန်းစားနှင့် ဖြစ်သလိုပြောဆိုကြသော အောက်တန်းစား သာမန်လူ များကြောင့် အခေါ်အဝေါ်များ တစ်စတစ်စ ကွဲပြားရာမှ နောင်တွင် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ ဘာသာစကားများ ကွဲ ပြားလာလေသည်။ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရူမေးနီးယားစသည့် ဘာ သာစကားများမှာ လက်တင်ဘာသာမှ ဆင်းသက်ကွဲပြားလာသော ဘာသာ စကားများဖြစ်ကြသည်။ ယင်းသို့ ဥရောပတိုက်နိုင်ငံတို့ရှိ ဘာသာစကားများ၏မိခင်ဖြစ် သော လက်တင်ဘာသာ၏ အရင်းအမြစ်မူလမှာ စတင်ထွန်းကားသည့် အီ တလီနိုင်ငံမဟုတ်ချေ။ မြောက်ဘက်ဒေသများမှ လူရိုင်းမျိုးတို့သည် ဘီစီ ၁ဝဝဝ ခန့်တွင် အီတလီနိုင်ငံတွင်းသို့ ဝင်ရောက်လာကြပြီးသော် တိုက်ဗား မြစ်၏မြစ်ဝအနီး လေရှိယမ်ဒေသတွင် အခြေစိုက်ခဲ့ကြ၏။ ထိုဒေသသည် နောင်အခါ၌ ရောမမြို့နိုင်ငံဖြစ်လာရာမှ ရောမလူမျိုးတို့ ကြီးပွားတိုးတက် သည်နှင့်အမျှ သူတို့၏ဘာသာစကားဖြစ်သော လက်တင်ဘာသာသည်လည်း ပျံ့နှံ့ထွန်းကားလာခဲ့၏။ ဘီစီသုံးရာစုနှစ်ခန့်တွင် အီတလီကျွန်း ဆွယ်တစ်ခု လုံး၌ ထိုဘာသာသည် အခြားတိုင်းရင်းဘာသာများကို လွှမ်းမိုးခဲ့၍ တဖြည်း ဖြည်းနှင့် ရောမ၏လက်အောက်ခံဒေသများသို့ ရောက်ရှိဩားရာမှ ဥရောပ တိုက်တစ်ခုလုံး ပျံ့နှံ့ခဲ့လေသည်။ လက်တင်ဘာသာ၏ထူးခြားချက်မှာ ပြတ်သားရှင်းလင်း၍ စကား လုံးနည်းနည်းနှင့် အဓိပ္ပာယ်ပြည့်စုံခြင်းဖြစ်လေသည်။ ဂရိဘာသာကဲ့သို့ပင် ထိုဘာသာ၌လည်း နာမ်၊ ကြိယာ၊ နာမဝိသေသန စသည့် ဝါစင်္ဂများကို လိုက်၍ အဓိပ္ပာယ်ပေါ်အောင် ဝါကျအဆုံးသတ်ပုံ အမျိုးမျိုးရှိလေသည်။ ထိုဘာသာကို အသေအချာ စိစစ်လေ့လာကြည့်သောအခါ လက်တင် သည် ဂရိနှင့် သက္ကတဘာသာစကားများနှင့် တစ်မိတည်းမှ ပေါက်ဖွားလာသော ဘာသာစကားမျိုးဖြစ်ကြောင်း တွေ့ရှိရလေသည်။ ထိုဘာသာစကားသည် ဤသို့ပျံ့နှံ့လာခဲ့သော်လည်း ဂရိစာပေ ထွန်းကားနေသည့်ခေတ်တွင် လက်တင်စာပေမပေါ်ပေါက်ခဲ့သေးချေ။ တစ်ရာ စုနှစ်လောက်မှ စတင်ကာခန့်ညား ကောင်းမွန်၍ သိပ်သည်းကျစ်လျစ်သော လက်တင်ဘာသာစာပေပေါ်ပေါက်ခဲ့သည်။ ထိုအခါမှစ၍ဥရောပအလယ်ခေတ် ကျော်လွန်သည့်တိုင်အောင် ဥရောပတိုက် စာပေပညာရပ်များ ထွန်းကားပြန့် ပွားရေးတွင် လက်တင်ဘာသာသည်အရေးပါအရာရောက်လှသော လက်နက် တစ်ရပ်ဖြစ်ခဲ့၏။ ယခုခေတ်တိုင်အောင်ပင် ဗရင်ဂျီဂိုဏ်း၏ ရုံးသုံးစာပေဖြစ် လေသည်။ လက်တင်ဘာသာဖြင့် စတင်ရေးသားသောစာပေများကို ဘီစီ သုံး ရာစုနှစ် မတိုင်မီခေတ်က အနည်းငယ်သာတွေ့ရှိရ၏။ ထိုအခါက စာပေများ မှာ ဂရိတို့၏ နမူနာကိုယူ၍ ရေးသားထားသောစာများဖြစ်လေသည်။ လစ်ဗီ ယပ်အန္ဒြိုနီယပ် (ဘီစီ ၂၈၄ - ၂ဝ၄ ခန့်)သည် အော့ဒီဆီနှင့် ဂရိပြဇာတ် အချို့ကို လက်တင်ဘာသာသို့ပြန်ဆိုခဲ့၏။ ထိုသူ၏ နောက်တွင် လက်တင် ဘာသာဖြင့် စာပေပြုစုကြသော်လည်း များသောအားဖြင့် ဂရိအလွမ်း၊ အသော ပြဇာတ်များကိုအမှီပြုကာ ရေးသားထားသောစာပေများသာဖြစ်လေ သည်။ အချို့ကလည်း ဂရိတို့၏ကဗျာဖွဲ့နည်းကို အတုယူကာ ပျူးနစ်စစ်ပွဲ များမှ သူရဲကောင်းများအကြောင်းကို မော်ကွန်းလင်္ကာများ စတင်စမ်းသပ်ဖွဲ့ ဆိုလာကြ၏။ ထိုနောက်မှ လူစီလီယပ် (ဘီစီ ၁၈ဝ - ၁ဝ၃) သည် လက်တင် ဘာသာဖြင့် ပထမဆုံးအဖြစ်ဖော်ထုတ်၍ ပြက်ရယ်ပြုသောကဗျာမျိုးကို စပ် ဆိုခဲ့လေသည်။ ကေးတိုး (ဘီစီ ၂၃၄ - ၁၄၉) အမည်ရှိ ပညာရှိကြီးတစ်ဦး ကလည်း နိုင်ငံသမိုင်းနှင့် စိုက်ပျိုးရေးအကြောင်း ကျမ်းများကိုပြုစုခဲ့ရာ စကားပြေနှင့်ရေးသားသော လက်တင်စာပေများထဲတွင် ပထမဆုံး အရာ ရောက်လှသော စာပေများဖြစ်သည်။


လူကရီးရှပ် (ဘီစီ ၉၆ - ၅၅) ။ ။ လူကရီးရှပ်သည် သဘာဝတ္ထ နှင့်ဆိုင်ရာ ခန့်ညားကြီးကျယ်သော ကဗျာများကိုစပ်ဆိုခဲ့၍ ကတ်ကျူလပ် (ဘီစီ ၈၄ - ၅၄)သည် စိတ်နှလုံးထိခိုက်ဖွယ်ရာ သီချင်းလင်္ကာများကို စပ် ဆိုခဲ့ရာ သူတို့၏ခေတ်တွင် လက်တင်ကဗျာများသည် ကောင်းမွန်လေးနက် သည့်အင်္ဂါရပ်နှင့် ပြည့်စုံလာလေသည်။ ဆစ်ဆရို (ဘီစီ ၁ဝ၆ - ၄၃)ကား သူ၏ထင်ရှားသော ဟောပြောချက်များ၊ သူ့ခေတ်ရောမအခြေအနေများကို ကွက်ကွက်ကွင်းကွင်း ထင်ရှားစေသော ဆောင်းပါးများ၊ မေတ္တာစာများနှင့် သဘာဝတ္ထစာတမ်းများဖြင့် လက်တင် စကားပြေလောကကို တစ်မျိုးတစ်ဖုံ ထူးခြားစေပြန်သည်။ ထိုခေတ်တွင် ဂျူးလယက်ဆီဇာ(ဘီစီ၁ဝ၂ - ၄၄)သည် လည်း လက်တင်စကားပြေနှင့် သူ၏ထင်ရှားလှသော စစ်မှတ်တမ်းများကို ရေးသားခဲ့လေသည်။


လက်တင်စာပေ အထွန်းကားဆုံးခေတ်ကား အော်ဂတ်စတပ်ခေတ် (ဘီစီ ၄၃ အေဒီ ၁၇)ဖြစ်ပေ၏။ အော်ဂတ်စတပ်ဘုရင်ကိုယ်တိုင် စာဆို ပညာရှိကြီးများအား ချီးမြှင့်အားပေးခြင်းပြုရာ ထင်ရှားသောစာဆိုများနှင့် သမိုင်းဆရာကြီးများ ပေါ်ထွက်ခဲ့လေသည်။ ထိုဘုရင်၏ လက်ထက်တွင် ဂန္ထဝင် အထင်ရှားဆုံးသော စာဆိုကြီးမှာ ဗာဂျီ(ဘီစီ ရဝ - ၁၉) ဖြစ်၏။ ထိုစာဆိုကြီးသည် မျိုးချစ်စိတ် တက်ကြွဖွယ်ကောင်းသော ထင်ရှားသည့်စစ်ပွဲကြီးများအကြောင်းကို ကဗျာစပ်ဆိုခဲ့လေသည်။ အထူး သဖြင့်အီးနီးယစ်ခေါ် ထရိုဂျန်စစ်ပွဲအကြောင်းကို စပ်ဆိုထားသည့် မော်ကွန်း တင်လင်္ကာကြီးမှာ အလွန်ပင်အဖွဲ့အနွဲ့ကောင်းလှသော လင်္ကာကြီးဖြစ်ပေ၏။ ဗာဂျီ၏နောက် ထင်ရှားသော စာဆိုကြီးတစ်ဦးမှာ ဟောရေ့ (ဘီစီ ၆၅ - ၈) ဖြစ်လေသည်။ ထိုစာဆိုကြီးကား အပြစ်ကိုဖော်ထုတ်၍ ပြက်ရယ်ပြုသော ကဗျာများကိုရေးစပ်ရာတွင် သူမတူအောင် ထူးခြားလှသူဖြစ်၍ သီချင်းလင်္ကာ များစပ်ဆိုရာ၌လည်း အပြစ်မရှိအောင် ကောင်းမွန်လှ၏။ စကားပြေဖက်တွင် နိုင်ငံသမိုင်းဆရာကြီး လီဗီ(ဘီစီ ၅၉ - ၁၅)၏ စာပေများမှာ ထင်ရှားလှ ပေသည်။ သို့သော် ထိုပုဂ္ဂိုလ်ကြီး၏ ရေးသားပုံများမှာ စာပေအရေးအသား ကောင်းမွန်ရေးကို အဓိကထား၍ရေးသားသဖြင့် အဖြစ်အပျက် အချက် အလက် မှန်ကန်မှု၌ စိတ်မချရပေ။


ထိုပုဂ္ဂိုလ်ကြီးများလောက် မကျော်ကြားလှသော်လည်း ထိုခေတ်က ထင်ရှားသော စာဆိုများတွင် အချစ်နှင့်ရောမဒဏ္ဍာရီတို့ကို လှပစွာသီကုံး၍ ကဗျာစပ်ဆိုသော အော့ဗစ် (ဘီစီ ၄၃ - အေဒီ - ၁၈) သည်လည်း တစ်ဦးအပါအဝင်ဖြစ်၏။ ထိုနောက် ပြေပြစ်လှသောကဗျာများကို စပ်ဆိုကြ သူတို့မှာ တိဗုလပ် (ဘီစီ ၅၄ - ၁၉ ခန့်) နှင့်ပိုးပါရှပ် ( ဘီစီ ၅ဝ - ၁၅ ခန့်)တို့ ဖြစ်ကြလေသည်။


ထိုပုဂ္ဂိုလ်ကြီးများနောက်တွင် လက်တင်စာပေသည် မှေးမှိန်စပြု လာလေ၏။ သို့သော် ဖော်ပြခဲ့သော ပုဂ္ဂိုလ်ကြီးများ၏စာပေများလောက် ထိပ်တန်းစားမဟုတ်သော်လည်း အတော်ပင်ကောင်းမွန်သေးသည့် စာပေများ ပေါ်ထွက်ခဲ့ရာ ထိုခေတ်သည် နီးရိုးဧကရာဇ်လက်ထက်မှ စတင်ခဲ့ပြီးလျှင် ဒုတိယတန်းစာပေ ထွန်းကားသည့်ခေတ်ဟု ခေါ်ဆိုကြပေသည်။ နီးရိုး၏ ဆရာဖြစ်ခဲ့သော ပညာရှိကြီး ဆီနီကာ (ဘီစီ ၄ ခန့် - အေဒီ ၆၅) သည် စတိုးဝစ်ဝါဒအရ ရေးသားထားသော ဒဿနိကဗေဒပညာ ကျမ်းများကို ပြုစု ခဲ့၏။ ထိုပညာရှိကြီးအပြင် ဖာဆာလိယာမော်ကွန်းကို ရေးသားခဲ့သော လူ ကန် (အေဒီ ၃ဝ - ၆၅)နှင့် သဘာဝကျသော ပုံပြင်ဝတ္ထုများကို ရေးသား သည့် ပီတြိုနီယပ် (အေဒီ ၆၆ လွန်) တို့လည်းပေါ်ထွက်ခဲ့လေသည်။ အေဒီ တစ်ရာစုနှင့်နှစ်ရာစု နှစ်များတွင် ထင်ရှားသော စာပေ ပညာရှိကြီးနှစ်ဦးမှာ အပြစ်ဖော်ထုတ်၍ ပြက်ရယ်ပြုသောကဗျာများ ရေးသား သည့် ဂျူဗီနယ်(အေဒီ ၆ဝ ခန့် - ၁၄ဝ)နှင့် နိုင်ငံသမိုင်း မှတ်တမ်းတင်သူ တက်စီတပ် (အေဒီ ၅၅ ခန့် - ၁၂ဝ)တို့ဖြစ်ကြ၏။ တက်စီတပ်သည် နိုင်ငံ့သမိုင်းကျမ်း အတော်များများပြုစုခဲ့ရာ သူ၏အရေးအသားမှာ အင်္ဂလိပ် နိုင်ငံ့သမိုင်းဆရာကြီး ကာလိုင်ရေးသားပုံနှင့် ဆင်ဆင်တူလေသည်။ ဂျူဗီ နယ်၏ ရေးပုံရေးနည်းကို အင်္ဂလိပ်စာဆိုတို့ အတုယူ၍ရေးသားကြ၏။ အခြားစာပေပညာရှိများမှာ ကဗျာတိုများရေးသားသူ မာရှယ် (အေဒီ ၉ဝ ခန့် - ၁၄ဝ) နှင့် လောကဓာတ်ကျမ်းများ ပြုစုခဲ့သူ ပလင်နီအကြီး (အေဒီ ၂၃ - ၇ဝ) တို့ဖြစ်ကြ၏။ ထို့ပြင် ဆောင်းပါးနှင့် မေတ္တာစာ၊ တရားစာ ရေးသူ ပလင်နီ အငယ် (အေဒီ ၆၂ ခန့် - ၁၁၄)၊ ဝေဖန်ချက်များရေးသူကွင်တီလီယန် (အေဒီ ၁၅ ခန့် - ၁ဝဝ)နှင့် ဆူတိုနီယပ် (အေဒီ ရ၅ ခန့် - ၁၆ဝ)အပြင် မော်ကွန်းစာဆို စတေးရှပ် (အေဒီ ၆၁ ခန့် - ၉၆) ဗလာရီယပ် ဖလက်ကပ်နှင့် ဆီလီယပ် ဣတာလီကပ်တို့ဖြစ်ကြ၏။ နှစ်ရာစုနှစ်၊ သုံးရာစုနှစ်များအတွင်း၌ကား ခရစ်ယန် စာရေးဆရာ များ ပေါ်ထွက်ခဲ့လေသည်။ လေးရာစုနှစ်များအတွင်းတွင် ကဗျာများ ခေတ် စားလာပြန်၍ အော်ဆိုနီယပ် (အေဒီ - ၃၁ဝ ခန့် - ၃၄ဝ) နှင့် ကလောဒီ ယန် (အေဒီ ၃၆၅ ဖွား) တို့အပြင် ခရစ်ယန်စာဆိုများဖြစ်သော ပရူဒင်းရှပ် (အေဒီ ၃၄၈ - ၄၁ဝ) နှင့် စိန်အမ်ဗရို့ (အေဒီ ၃၄ဝ - ၃၉ရ) တို့ ထင်ရှားခဲ့လေသည်။ ဂန္ထဝင်စာပေခေတ် ကုန်ဆုံး၍ အလယ်ခေတ်သို့ ရောက်လာလေရာ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုသူ စိန်ဂျရုမ်း (အေဒီ ၂၃၄ ခန့် - ၄၂ဝ)နှင့် ဘုရားမြို့တော်ကို ရေးသားသူ စိန်အော်ဂတ် စတင်း (အေဒီ ၃၄၅ - ၄၃ဝ) တို့ ထင်ရှားခဲ့လေသည်။ ထို့နောက် ရောမနိုင်ငံတော်ကြီး တဖြည်းဖြည်းပျက်စီး တိမ်းပါး သွားလေရာ လက်တင်စာပေမှာလည်း ပျောက်ကွယ်လုမတတ် ဆုတ်ယုတ်ခဲ့ လေသည်။ သို့သော် ဗရင်ဂျီဂိုဏ်းကြီးကမူ လက်တင်ဘာသာကို အလယ် ခေတ် တစ်ခေတ်လုံးနှင့် အလယ်ခေတ် ကျော်လွန်သည့်တိုင်အောင် ဆက် လက်သုံးစွဲခဲ့ကြ၏။ နိုင်ငံသမိုင်း၊ ဒဿနိကဗေဒနှင့် ဗြဟဒေဝဗေဒ ပညာ ရပ်များတွင် လက်တင်ဘာသာကိုပင် သုံးစွဲကြလေသည်။ ဉာဏ်သစ်အရေးပုံ တွင်ပင် လက်တင်ဘာသာကို စာပေပညာရှိကြီးများက ကမ္ဘာ့ဘာသာရပ်ကြီး တစ်ခုအနေဖြင့်အဆင့်အတန်း မြှင့်ထားလေသည်။ မိုး၊ ဗေကင်နှင့် မီလတန် တို့ကလည်း လက်တင်ဘာသာကိုအရေးတယူ အသုံးပြုခဲ့ကြလေသည်။ သို့ သော် လက်တင်စာပေမှာ ဥရောပတိုက်တွင် အော်ဂပ်စတပ်လက်ထက်က ကဲ့သို့ လျှမ်းလျှမ်းတောက် ထွန်းကားခြင်းကား မရှိတော့ချေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)