လင်းနေပင်
Sweet flag | |
---|---|
Sweet flag | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Monocots |
မျိုးစဉ်: | Acorales |
မျိုးရင်း: | Acoraceae |
မျိုးစု: | Acorus |
မျိုးစိတ်: | A. calamus
|
ဒွိနာမ | |
Acorus calamus L., 1753
| |
Synonyms[၂] | |
Calamus aromaticus Garsault |
လင်းနေပင်သည် အရေးစီအီး မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအမည်အားဖြင့် အက်ကိုရပ်ကာလာမတ်ဟုခေါ်သည်။ ရွှံ့ညွန်တွင်ပေါက်သော ပင်ပျော့မျိုးဖြစ်သည်။ အရွက်မှာ ဓားလွယ်ပုံသဏ္ဌာန် နှစ်ပေမှ သုံးပေအထိရှည်၍ ပြက်တစ်လက်မခန့်အထိရှိသည်။ အရွက်၏ အလယ်ဗဟိုတွင် အရင်းမှ အဖျားထိ ရွက်ကြောင်းတစ်ခု ဖြတ်သွားနေသည်ကို ကောင်းစွာမြင်ရသည်။ လင်းနေပင်ဥမှ အရွက်နှင့်တူသည့် ပင်စည် ထွက်လာပြီးလျှင် ယင်းအပွင့်များ ပွင့်သည်။ အရွက်များသည် စပါးလင်ပင်မှာကဲ့သို့ အစုလိုက်ထွက်ကြသည်။
လင်းနေပင်ဥသည် ရွှံ့ညွန်ထဲတွင် လျှောက်၍ပေါက်သွားတတ်ပြီးလျှင် အဆစ်များရှိသည်။ ဥနှင့်တကွ အရွက်ပါမကျန် တစ်ပင်လုံးမွှေးသည်။ လင်းနေဥအခြောက်သည် ဆေးဖက်ဝင်သည်။ မြန်မာဆေးကျမ်းအလိုအားဖြင့် လင်းနေမြစ်သည် လေကိုနိုင်၏။ အာဟာရအပုပ်ကို ကြေစေတတ်၏။ တေဇောဓာတ်ကို အားပေးနိုင်သည်။[၃] ရခိုင်လို လင်းညှီပင်ဟု ခေါ်သည်။ [၄]
ပုံသဏ္ဌာန် : အပင် ပင်ပျော့ ပင်ငယ် မျိုးဖြစ်၏။ အမြင့် ၃ ပေ ခန့်ထိ မြင့်သည်။ ပင်စည်မှာ မြေအောက် ပင်စည် ဖြစ်သည်။ အနံ့ ထင်ရှား သည်။ ပင်စည်သည် ဥတက် သဖွယ် ဖြစ်ကာ ဥများရှိ အဆစ်များ အဖြူရောင် ရှိသည်။ အရွက် အလျား ၃ ပေ ခန့်ထိ ရှည်သည်။ ရွက်ပြား သေးသွယ် ရှည်လျားပြီး ချောသည်။ ရွက်လယ်ကြော ထင်ရှား သန်မာသည်။ မြေအောက် ပင်စည်မှ မြေပေါ်သို့ ယပ်တောင် သဖွယ် ဖြန့်ထွက်သည်။ ရွက်ထိပ်သည် ဓားသွားဦး ကဲ့သို့ ပုံသဏ္ဌာန် ရှိသည်။ အပွင့် ရှည်လျားသော ပန်းခိုင် ပေါ်တွင် စိမ်းဝါရောင် အပွင့် များစွာ ပွင့်၏။ အဖူးခွံ အစိမ်းရောင် ရှိ၍ အရွက်နှင့် တူသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : မြေအောက်ပင်စည်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : အေးမြသော ရာသီဥတု ရှိသည့် ဒေသများရှိ အင်းအိုင် ချောင်းမြောင်း တစ်ဝိုက်တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက် သော်လည်း အိမ်သုံးဆေး အဖြစ် အသင့် အတင့် စိုက်ပျိုး ကြသည်။ စိုက်ပျိုးပုံ ချင်းပင် ကဲ့သို့ပင် စိုက်ပျိုး ရသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလိုအရ လင်းလေ သည်စူးရှ သော အနံ့ ရှိ၏။ ခါး၍ စပ်ဖျဉ်းဖျဉ်း အရသာ ရှိ၏။ နူးညံ့စွာ ဝမ်းသက် စေ၍ ဆီးရွှင်စေ၏။ လည်ချောင်း ကို အကျိုးပြု၏။ အညစ် အကြေးနှင့် ဆီးကို သန့်ရှင်းအောင် ပြုတတ်၏။ အသုံးပြုပုံ- မြေအောက်ပင်စည် ၁။ လင်းလေ အကြီး နှင့် အငယ် ရှိသည့် အနက် ဆေးသုံး အဖြစ် အကြီးကို သုံး၏။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။ ၂။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။ ၃။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။ ၄။ လင်းလေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။ ၅။ လင်းလေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။ ၆။ လင်းလေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။ ၇။ သူငယ်များ သန်ထသော် လင်းလေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။ ၈။ လင်းလေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။ ၉။ ဝက်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။ [၅]
ကိုးကား
ပြင်ဆင်ရန်- ↑ Lansdown, R.V. (2014). "Acorus calamus". IUCN Red List of Threatened Species 2014. IUCN. doi: .
- ↑ Acorus calamus L.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 17 December 2020 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
- ↑ မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 14 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2011 တွင် ပြန်စစ်ပြီး။