လယ်ထွန်မင်္ဂလာ
အာဒိစ္စနွယ်ဝင် ရှေးမင်းကောင်းမင်းမြတ်တို့၏ အစဉ်အလာအရ တိုင်းသူပြည်သားတို့၏ စီးပွားချမ်းသာ ဖြစ်ထွန်းစေခြင်းအကျိုးငှာ ဘုရင်မင်းမြတ်တို့ ကိုယ်တော်တိုင် မင်းပရိသတ်ခြံရံကာ သတ်မှတ်ထားသော လယ်တော်သို့ အခမ်းအနားနှင့် ထွက်တော်မူ၍ လယ်ထွန်မင်္ဂလာကို ဆင်ယင်ကျင်းပလေ့ရှိသည်။ ဤသို့ ဘုရင်မင်းမြတ်တို့ ကိုယ်တော်တိုင် လယ်ထွန်မင်္ဂလာကို စတင်ကျင်းပလိုက်ခြင်းအားဖြင့် နိုင်ငံတော်တွင် မိုးလေဝသမှန်ကာ ဆန်ရေစပါး ပေါကြွယ်ဝ၍ လူအများ ကိုယ်စိတ်နှစ်ဖြာချမ်းသာသည်ဟု ယုံကြည်ကြလေသည်။
သမိုင်း
ပြင်ဆင်ရန်လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်းကို ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ကပ်ဦးအစာ မဟာသမ္မတမင်းမှစ၍ အဆက်ဆက်ပြုမြဲအတိုင်း ကျင်းပခဲ့လေသည်။ အလောင်း တော်သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူပြီးနောက် တစ်လမြောက်သော နယုန်လပြည့်နေ့၌ လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်ကျင်းပရန် အလို့ငှာ မြို့အားလုံးကို နတ်ပြည်ကဲ့သို့ တန်ဆာဆင်၍ အလုံးစုံသော ကျွန်အမှုလုပ် အစရှိသူတို့သည် အစာမချေသော ပုဆိုးအဝတ်တို့ကို ဝတ်ကုန်လျက် နံ့သာပန်း အစရှိသည်တို့ဖြင့် တန်ဆာဆင်ကုန်လျက် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်တွင်း၌ စည်းဝေးကုန်၏။ သုဒ္ဓေါဒနမင်းကြီး၏ လယ်ထွန်အမှု၌ ထွန် တုံးတစ်ထောင်ကိုယှဉ်စေကုန်၏။ တစ်ခုဖြင့်ယုတ်သော နှစ်ရာသောထွန်တုံးကို နွားတို့၏ဦးချို ဆွဲကြိုးနှင့် တံတို့နှင့်တကွ ငွေပြားတို့ဖြင့် ရံအပ်ကုန်၏။ သုဒ္ဓေါဒနမင်းကြီး၏ ဆွဲကိုင်ရာထွန်တုံးကိုကား နီသောရွှေပြားဖြင့် ရံအပ်ကုန်၏။ နွားတို့၏ ဦးချိုဆွဲကြိုးနှင့် တံတို့ကိုလည်း ရွှေပြားဖြင့် ရံအပ်ကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည် တန်ဆာဆင်၍ အမတ်အပေါင်းခြံရံလျက် လယ်ထွန်ရာအရပ်သို့သွားလေ၏။ ထိုအရပ်၌ သုဒ္ဓေါဒနမင်းကြီးသည် ရွှေ ထွန်တုံးကိုကိုင်၏။ အမတ်တို့ကား တစ်ခုယုတ်သော နှစ်ရာသော ငွေထွန်တုံးကို ကိုင်ကုန်၏။ လယ်ထွန်သမား ယောကျာ်းတို့ကား ကြွင်းသောထွန်တုံးကို ကိုင်ကုန်၏။ မင်းအစရှိသော သူတို့သည် ထွန်တုံးကိုကိုင်၍ ထိုမှ ဤမှ ထွန်ကုန်၏။ သုဒ္ဓေါဒနမင်းကြီးသည်ကား ဤမှာဘက်မှ ထိုမှာဘက်သို့ နှင်သွား၏။ ထိုမှာဘက်မှသည် ဤမှာဘက်သို့ နှင်လာ၏။ ထိုသို့ထွန်ရာ၌ များစွာရှုဖွယ်သော စည်းစိမ်ဖြစ်၏။
လယ်ထွန်မင်္ဂလာကျင်းပကြသော ဘုရင်အဆက်ဆက်တို့သည် နယုန်လပြည့်နေ့ လပြည့်ကျော် တစ်ရက်နေ့များတွင် ဤသို့သော အခမ်းအနားများကို ကျင်းပမြဲဖြစ်သည်။ သို့သော် ဘုရင်တိုင်းလည်း လယ်ထွန်မင်္ဂလာကို မကျင်းပခဲ့ပေ။ လယ်ထွန်မင်္ဂလာကျင်းပသည့် ဘုရင်တိုင်းလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့မရှိပေ။ အချို့ပညာရှိများက ဘုရင်မင်းမြတ်တို့ လယ်ထွန်မင်္ဂလာကျင်းပခြင်းသည် တိုင်းပြည်အတွင်း မိုးလေဝသမှန်ကန်၍
ကျီပြည့်စပါး ထွန်းကားပေါများ မင်္ဂလာနိမိတ်ယူခြင်းဖြစ်သည်ဟုဆိုသည်။ အချို့သောပညာရှိများကမူ လယ်ထွန်မင်္ဂလာကို ဗေဒင်ကိန်းခန်းအရကျင်းပသည်။ ဗေဒင်ကိန်းခန်းအရ ဤသည့်နှစ်တွင် ကမ္ဘာလောကကြီးကို
တောင်သူကြီး မင်းမူလိမ့်မည်ဟု ဟောကိန်းရှိအံ့၊ ထိုဟောကိန်းကို ကျိန်းချေသော သဘောဖြင့် ဘုရင်မင်းမြတ်တို့က လယ်ထွန်မင်္ဂလာကျင်းပခြင်းဖြစ်သည်ဟု ဆိုလေသည်။ စင်စစ်အားဖြင့် တိုင်းသူပြည်သား လူအများတို့၏ လယ်ယာကိုင်းကျွန်းလုပ်မှုသည် တိုင်းခြေပြည်မြစ်ဖြစ်၏။ ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်သော ဘုရင်မင်းတို့က လယ်သမားတို့အား လယ်လုပ်ချင်စိတ်ပေါ်လာအောင် (ဝါ) ဇွဲလုံ့လဖြင့် ထွန်ယက် လုပ်ကိုင်ချင်လာအောင် စံပြနမူနာ
အဖြစ် လယ်ထွန်မင်္ဂလာ ပြု၍ပေးခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ လယ်ထွန်မင်္ဂလာကျင်းပရန် ဘုရင်မင်းမြတ်တို့ထွက်တော်မူလျှင် ထွက်တော်မူကြီး ထွက်တော်မူလေ့ရှိသည်။ ထွက်တော်မူကြီး ထွက်တော်မူ
သည်ဆိုသည်မှာ ရှေ့ဆုံးမှ စမြောင်၊ ထိုနောက် ရှေ့ခြောက်တပ်၊ အလယ်မှ ဘုရင့်တပ်မတော်ကြီး၊ ထို့နောက်မှ နောက်ခြောက်တပ်၊ ဝင်းတော်မှူး အစုံအလင်နှင့် ထွက်မြဲဖြစ်သည်။
အသုံးအနှုန်း
ပြင်ဆင်ရန်လယ်ထွန်ပွဲကို ပိဋကတ်ကျမ်းများတွင် ဝပ္ပမင်္ဂလာ ဟူ၍ လာရှိသည်။ မြန်မာတို့က လယ်ထွန်မင်္ဂလာ ဟူသော စကားလုံး သုံးနှုန်းခဲ့ကြသည်။ လယ်ထွန်မင်္ဂလာကို မဇ္ဈိမဒေသတွင် သာကီဝင်မင်းမျိုးတို့ မပျက်မကွက် လုပ်လေ့ ရှိသည်။ မြန်မာမင်းတို့သည် သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသည်ဟု ခံယူကြသဖြင့် အဆင်အလာမပျက် မင်းအဆက်ဆက် ကျင်းပခဲ့သည်မှာ သီပေါမင်း နန်းကျသည်အထိ ပွဲမပျက်ခဲ့ဟု သိရှိရသည်။
ရည်ရွယ်ချက်
ပြင်ဆင်ရန်မြန်မာမင်းတို့သည် စားသောက်မှု အာဟာရ ရှာဖွေခြင်းသည် အရေးအကြီးဆုံး အခြေခံလည်း ဖြစ်သည်ကို သဘောပေါက်နားလည်သဖြင့် အာဟာရဖြစ်အောင် လုပ်ဆောင်ရာတွင် ဆင်းရဲသားတို့နှင့် အတူတကွ မိမိလည်း လယ်သို့ဆင်း၍ ထွန်မည်ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း၊ အားပေးထိုက်သော ကိစ္စကို ဂုဏ်ရှိအောင် အားပေးခြင်း အားဖြင့်လည်းကောင်း၊ မိမိကိုယ်တိုင်က ကြီးမှူးဆောင်ရွက်၍ ညီညီဖြဖြ လေးစားလိုက်နာကြမည်ကို ရည်မျှော်၍လည်းကောင်း ကိုယ်တိုင် လယ်ထွန်ခြင်း၊ နန်းတွင်းသူများကို ရွှံ့ညွန်သို့ဆင်း၍ ကောက်စိုက်စေလိုသော ရည်ရွယ်ချက်များဖြင့် လယ်ထွန်မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပခဲ့ခြင်း ဖြစ်သည်။
လယ်ထွန်မင်္ဂလာကို မင်္ဂလာသဘင်တစ်ခု ပြုလုပ်၍ တိုင်းသူပြည်သားတို့အား စိတ်ပါဝင်စားစေလျက် ကောင်းသောကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း ဟူသော သမ္မာအာဇီဝမှုကို ပြီးမြောက်စေသည်။ မြန်မာမင်းတို့သည် မိမိလယ်ထွန်သကဲ့သို့ တိုင်းသူပြည်သားတို့အားလည်း လယ်ထွန်ကြရမည် ဟူ၍ အမိန့်တော် ထုတ်ပြန်တော်မူသည်။
လယ်ယာလုပ်ငန်းခွင်အတွက် ပြင်ဆင်ပုံ
ပြင်ဆင်ရန်လယ်ထွန်မင်္ဂလာပွဲကို ဇေဋ္ဌနက္ခတ်နှင့် စန်းယှဉ်သော နယုန်လပြည့်နေ့ကို သတ်မှတ်၍ ကျင်းပရသည်။ သို့ဖြစ်၍ လယ်ထွန်သီချင်းကို - မိုးယံမှာလေ ကြယ်ဇေဋ္ဌ၊ သီတာကူ ဘာရိန်၊ နှစ်နန်း ငယ်ချိန်၊ ထိန်ထိန်ရံဝန်းခသည်နှင့် လေး။ ဟူ၍ စပ်ဆိုထားပါသည်။ မိုးဦးကျစ လယ်များလုပ်ချိန်နှင့် ကိုက်ညီသော နက္ခတ်များကို ရွေးချယ်သတ်မှတ်ထားခြင်း ဖြစ်သည်။ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကြမ္မာဖတ် ဟူရားဖြူ၊ ဟူးရားညို၊ သမားဖြူ၊ သမားညိုတို့က လာမည့်နှစ် တစ်နှစ်လုံးအား လပေါင်းများစွာကပင် တင်ကြို တွက်ချက်ထားရသည်။ ယင်းသို့ တွက်ချက်ရာတွင် ဥတုရာသီ မည်သို့ဖြစ်မည်၊ ကောက်ပဲသီးနှံ မည်သို့ဖြစ်မည်၊ ကိန်းခန်းအလျောက် မြေဩဇာများ မည်သို့ဖြစ်မည်၊ ပျိုးကြဲရန် ချိန်ခါ၊ ကောက်ပဲစိုက် ချိန်ခါ ရက်ငင်သင့် မသင့်၊ လထပ်သင့် မသင့် စသော အကြောင်းအရာများကို ပညာရှိတို့ အစုံအညီ ညှိနှိုင်းတွက်ချက် သဘောတူ အတည်ဖြစ်စေသည်။ ထို့နောက် သာသနာပိုင် ကြီးမှူးသော သာသနာပြု အဖွဲ့သို့ တင်ပြပြီးလျှင် သာသနာပိုင်အဖွဲ့က ထပ်မံအတည်ပြု သဘောတူညီမှု ယူရသည်။ ပြီးလျှင် မင်းဧကရာဇ်ထံ တင်သွင်းရသည်။
အကယ်၍ ပညာရှိများ ဝိဝါဒကွဲပြားမှု ရှိခဲ့လျှင် သာသနာပိုင်က ဆုံးဖြတ်ရသည်။ မင်းဧကရာဇ်ထံ ရောက်ရှိပြီးနောက် လွှတ်တော်က ရွက်ဆောင်ရန် ရှိသည်များကို ဆက်လက်ဆောင်ရွက်ရသည်။ ရဟန်းသံဃာတို့နှင့် တကွ တနိုင်ငံလုံးရှိ ပြည်သူပြည်သား လယ်သမားတို့ကလည်း အသေအချာ စောင့်မျှော် နားထောင်ကြပြီးနောက် ပညာရှိတို့ တွက်ချက်ထုတ်ပြန်လိုက်သည့်အတိုင်း ယုံယုံ ကြည်ကြည် လိုက်နာကြရသည်။ ယင်းစာတမ်းကို နောင်အခါ သင်္ကြန်စာ ဟူ၍ ခေါ်ဆိုခြင်း ဖြစ်သည်။
ကျင်းပပုံ
ပြင်ဆင်ရန်ညောင်ရမ်းမင်းတရားလက်ထက်
ပြင်ဆင်ရန်သေနာပတိ နေမျိုးမဟာဓမ္မ၏ တင်လွှာတွင် ကောက်စပါးအမျိုးမျိုးတို့ အကြောင်းလည်း ဖော်ပြပါရှိသည်။ [၁]
ဗဒုံမင်းလက်ထက်
ပြင်ဆင်ရန်ဘိုးတော်မင်းတရားကြီးသည် ၁၁၅၂ ခုနှစ် နယုန်လပြည့်ကျော် (၁)ရက် သောကြာနေ့ ကန်တိလိ (ခေါ်) အောင်ပင်လယ်ကန်တော်အနီး သဘင်နန်း ကြီးစွာဆောက်တော်မူ၍ ရွှေထွန်၊ ငွေထွန်၊ ရွှေထမ်းပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့နှင့် သားတော်အိမ်ရှေ့မင်း၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ သူဌေးသူကြွယ်အပေါင်းခြံရံလျက် လယ်ထွန်မင်္ဂလာသဘင်ပြုတော်မူသည်။ ထိုအခါ အိမ်ရှေ့အိမ်တော် ရွှေတိုက်စာရေး မောင်မင်းအောင်ကို အိမ်ရှေ့မိဖုရား အမိန့်တော်နှင့်ဆင့်၍ မောင်မင်းအောင် ရေးရသည့် လယ်ထွန်မင်္ဂလာ တျာသံသီချင်းမှာ ဤသို့ဖြစ်သည်။
လယ်တော်ထွန်စ နေ့ကျော်မှာ၊ လမိုင်းတံခွန် တွင်းဝန်တည့် မတ်လိမ်မာ။
သည့်ပြင်မှာငယ်လေ ပြည်ဦးကင်း။
မြောက်ဘက်ကယ် တိုက်ဝန်၊ ရွှေနန်းစဉ်ကျွန်။ ရွှေထွန်ကြီး တစ်စင်းငယ်နှင့်လေး။ ။
ဇမ္ဗူပိုင်ထိပ်နင်း ရှေ့တော်မှာ၊ အစဉ်မကွဲ
လက်ဝဲနှင့် လက်ယာ၊ ဘုန်းဧရာငယ်လေ ကိုယ်လုံးဝင်း၊ ရွှေသားငယ် မျဉ်းတိုတွင်၊ ချပ်မိန်ညိုဆင်၊
နေလုလင်ပြိုင်နှုန်း ကင်းရလေး။ ။
လယ်တော်တွင်းငယ်မှာ၊ ကြယ်မင်းငယ်ဥက္ကာ၊
နားလှာကျသို့လေ၊ သောက်ရှူးတော် ရွှေကုံးနှင့်၊
တိမ်လုံးပြည့်လျှပ်နွယ်၊ အံ့ဖွယ်များလှလေး။ ။
မဟာ သမ္မတ ဆက်စဉ်လာ၊ လယ်ထွန်အောင်ခန်း၊
ရွှေနန်းမင်္ဂလာ၊ ထွန်တော်သိင်္ဂါမှာ ရန်မျိုးပ၊ နန်းလုံးငယ် မျက်ရှင်၊ ရွှေးစက်တော်တင်၊
စမ္ပယ်ရှင် ရှဉ်းစုံကသည်နှင့်လေး။ ။
ရွှေနန်းငယ်ရံသ၊ နတ်ဣန္ဒာ၊
ရွှေထွန်တော်ကြီး၊ အနီးဝေးမကွာ၊ သည့်နောက်တော်မှာလေ
မင်းသားကြီး၊ တော်ဒူးငယ် စနည်၊ ရာထူးလည်၊ စဉ်စီရွှေထွန်စီးပါလို့လေး။ ။
လယ်တော် ကြီးငယ်မှာ၊ ရွှေထယ်နှင့်သာ၊ စံကာ မြန်းတော့သည်၊ မျဉ်းရှည်တော်ရွှေသားနှင့် တိမ်ကြားက နတ်နှယ်၊ သွယ်သွယ်ဆန်းလှသည်။ ။
ရွှေဘိုမင်း(သာယာဝတီမင်း)လက်ထက်
ပြင်ဆင်ရန်ထို့နောက် ဘိုးတော်နှင့် နောင်တော်တို့၏ အရိုက်အရာကို ဆက်ဆံစိုးစံတော်မူသော ရွှေဘိုမင်း(သာယာဝတီမင်း)သည် ၁၂ဝ၂ ခုနှစ်တွင် အောင်ပင်လယ်ကန်၏အနီး၌ မင်းတဲကြီးစွာ ဆောက်လုပ်တော်မူကာ စစ်အင်္ဂါလေးပါး ခြံရံလျက် အရှင်မိဖုရားခေါင်ကြီးနှင့်တကွ ထွက်တော်မူ၍ ရွှေထွန်၊ ငွေထွန်၊ ရွှေထမ်းပိုး၊ ငွေထမ်းပိုး၊ ရွှေကြိုး၊ ငွေကြိုး၊ ရွှေနှင်တံ၊ ငွေနှင်တံတို့ဖြင့်သားတော် ညီတော်၊ ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်၊ ဗိုလ်မှူးတပ်မှူး၊ သူဌေးသူကြွယ်အပေါင်း ခြံရံလျက် ကြီးကျယ်ခမ်းနားစွာဖြင့် လယ်ထွန်မင်္ဂလာကို ဆင်ယင်ကျင်းပတော်မူသည်။ ထိုသို့ လယ်ထွန်မင်္ဂလာပြုသည့်အခါ အထက်လယ်ထွန်မင်္ဂလာသီချင်းကို နှစ်သက်တော်မမူသဖြင့် မောင်စ အသစ်လုပ်၍ ဆက်ရမည်ဟု တောင်ဥယျာဉ် စံနန်းတော်တွင် အမိန့်တော်ရှိ၍ ဝန်ကြီးမြဝတီမြို့စားဟောင်း ဦးစ ဆက်သွင်းရသည့် ရွှေဘိုမင်းတရား၏ လယ်ထွန်မင်္ဂလာပွဲ ဘွဲ့မှာ-
ဆဒ္ဒန်ပိုင် ဘုန်းမြင့် နရိန္ဒာ။ လယ်ထွန်အောင်ခန်း၊ ရွှေနန်းစဉ် မင်္ဂလာ။
မိုးယံမှာလေ၊ ကြယ်ဇေဋ္ဌ။ သီတဂူ တာရိန်။ နှစ်နန်း ငယ်ချိန်၊
ထိန်ထိန်ရံဝန်းခသည်နှင့်လေး။ ။
စပါယ်ဖြူ ဥဿဘ၊ ဟန်လှငယ်ရှဉ်းစုံ။ ရွှေထွန်တော်ကြီး၊
ညီးညီးအံ့ရာပုံ။ ဇေယျခုံငယ်လေ - သာသန့်ရှင်း။ အမရဝေယန်၊ ရွှေဗိမာန်၊
ဧသန် မြေဦးကင်းဝယ်ပလေး။ ။
ပြည် ပြည်ထောင်သနင်း၊ မင်းမင်းများ သခင်။
စက်စုံတော်တင်မြန်း၊ ရစ်သန်းလှည့်ကာနှင်။ ရှေ့တော်တွင်မှာလေ၊ မှူးမတ်ကြီး။
လက်ဝဲငယ် လက်ယာ၊ တင့်မောစွာ၊ ဆက်ကာ ဝေးမနီးငယ်ကလေး။ ။
ရွှေထွန်စီးပါလို့၊ လွန်တင့်တယ်၊ လေးမည်ရန်တား၊ နတ်လားထင်မိဖွယ်။
ဘုန်းပွင့်လျာ နေနွယ်လေ၊ ရာမင်းမင်းဖျား။ မောက်တိုတော်ရတနာ၊ ကိုးမျက်ရောင်ဖြာ၊ အံ့ရာ အခြားခြားငယ်နှင့်လေး။ မျဉ်းရှည်တော် ညံ့ထွား၊ ပတ္တမြားငယ်လှိုင်ချွန်။ မျဉ်းတိုရောင်ကြွား၊ ပြယားဝေသဝဏ်။
တိုင်းထွတ်စွန်၊ ရှေးလွန်မကြုံတောင်းငယ်တည့်လေး။ ။
တော်ကြီးငယ်ဆင်၊ ဧယာဉ်ရေမြေပြောင်းမျှလေး။ ။
နတ်ဌာန်ငယ် ကျော်သောင်း၊ ထက်စည်ငယ် ညံညောင်းဆော်တယ်ကို။
ရာဝင်တော်စုံ ဖွေဖော်ထူးသည်နှင့်၊ ချီးကျူးခွင့်မကုန်ပါလို။ ရစ်သန်းငယ်ရောင်စိုလေ၊ ထိန်ဝင်းလို့ညီး။
ထွန်ရေးငယ်ဖြန့်ရာ၊ နောက်တော်ကမှာ၊ စီစဉ်ကာ မင်းသားကြီးငယ်နှင့်လေး။ ။
ဇမ္ဗူရွှေမှည့်သီး၊ ထီးချက်ကယ်ပြိုပြောင်။
မောက်တိုရွှေသား၊ ပတ္တမြားမျက်စိန်တောင်။ မှူးကြီးငယ်မတ်ခေါင်လေ၊ အခြားခြား။
အိမ်ချပ်ကယ်ပုံပြင်၊ နတ်စောသွင်၊ ဆင်ယင်ရွှေ ဝတ်စားငယ်နှင့်လေး။ ။
မိုးယံငယ် တစ်လွှား၊ မိုးသားငယ် လှိုက်ဝှန်၊ ကြယ်သွန်နှိုးတော့သည်။ ကောက်နှံငယ် ဆင့်ပွား၊ ကောက်သားငယ် ကြွယ်ကုံ၊ တောင်ပုံဖြိုးတော့သည်။ ။
ဟူ၍ ဖြစ်လေသည်။
မန္တလေး ရတနာပုံမြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် အရှင်မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင်လည်း အောင်ပင်လယ်ကန်တော် သရက်ကုန်းရွာ၏ မြောက်ဘက်နှစ်ဧကခန့်ရှိသော လယ်တော်၌ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူ၍ မိမိကား ရတနာမကိုဋ် ဒုရင်တော်သုံးဆင့်တပ်ကို ဆင်မြန်းလျက် ထီးဖြူတော်နှစ်လက်ဖြန့်မိုးကာ မင်းညီးမင်းသား မှူးမတ်တို့မှာမူကား မိမိတို့ဆိုင်ရာ အဆင်တန်ဆာများဖြင့် ဆင်ယင်ဝန်းရံလျက် လယ်ထွန်မင်္ဂလာသဘင်ကို ဆင်ယင်ကျင်းပလေသည်။ လယ်ထွန်မင်္ဂလာသဘင်ကို ထိုင်းနိုင်ငံ၊ ကမ္ဗောဇနိုင်ငံ၊ လောနိုင်ငံတို့တွင် ရှေးအစဉ်အလာမပျက် ယခုတိုင် ဆက်လက်ကျင်းပလျက်ရှိလေသည်။[၂]