လာဘဲနွက်ဇူ (ပြင်သစ်: La Belle Noiseuse) သည် ဒါရိုက်တာ ဂျာကူ ရီဗက် (Jacques Rivette) ရိုက်ကူးသည့် ၁၉၉၁ ခုထုတ် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ မိုက်ကယ် ပစ်ကိုလီ (Michel Piccoli)၊ ဂျိန်း ဘာကင် (Jane Berkin) နှင့် အီမာနျူရယ် ဘီရာ့ (Emmanuelle Beart) တို့ ပါဝင်သရုပ်ဆောင်ကြသည်။ ဇာတ်ကားခေါင်းစဉ်၏ အဓိပ္ပာယ်မှာ ပြဿနာမ ခပ်လှလှ ဟူသည်။


ဇာတ်လမ်းအကျဉ်း ပြင်ဆင်ရန်

လူကြောက်သော နာမည်ကြီးပန်းချီဆရာ ဖရန်ဟိုဖာ (Frenhofer) မှာ လန်ဂဒေါ့ ရူစီလွန် (Languedoc-Roussillon) အစွန်ရှိ ရဲတိုက်တစ်ခုတွင် ဇနီး၊ သရုပ်ပြမယ်ဟောင်း (Liz) တို့နှင့် ပျော်ပျော်ကြီးနေထိုင်လျက်ရှိသည်။ လူငယ်အနုပညာရှင် နစ်ကိုလတ် (Nicolas) နှင့် သူ့ရည်းစား မာရီရန် (Marianne) တို့ လာရောက်လည်ပတ်သည့်အခါ လက်စမသတ်ဘဲ ကာလများစွာပစ်ထားသော ဂျူလီယန်အား ကိုယ်ဟန်ပြစေခဲ့သည့် "လာဘဲနွက်ဇူ" ပန်းချီအား မာရီရန်အား ကိုယ်ဟန်ပြစေပြီး ရုပ်လုံးပြန်ဖော်ရန် နစ်ကိုလတ်က တိုက်တွန်းလာသည်။ ဖရန်ဟိုဖာကလည်း လက်ခံလိုက်သည်။

မိမိသဘောအား မတိုင်ပင်သည့်အတွက် နစ်ကိုလတ်အား ရန်တွေ့ခဲ့သော်လည်း နောက်နေ့တွင်မူ ဖရန်ဟိုဖာဆီသို့ မာရီရန်က စိတ်လိုလက်ရ သွားရောက်သည်။ အစပိုင်းတွင် တစ်ဦးနှင့်တစ်ဦး ရှိန်နေရာ ပုံကြမ်းပင် ဆွဲမရ ဖြစ်ရသည်။ နောင်သော် ကိုယ်ဟန်ထုတ်တတ်သော မာရီရန်ကြောင့် ပုံကြမ်း အတော်များများထွက်လာသည်။ တတိယမြောက်နေ့ မာရီရန့်ခံစားချက်များကိုပါ ပိတ်စပေါ်တင်နိုင်လာသည့်အခါ လိုချင်သောပန်းချီကို ဆွဲနိုင်လာတော့သည်။

ထိုအခိုက်တွင် နစ်ကိုလတ်မှာ စိုးရိမ်စိတ်နှင့် သဘောထားကြီးမှုတို့အကြား လွန်ဆွဲနေသည်။ မာရီရန်မှာလည်း နစ်ကိုလတ်၏ စိုးရိမ်စိတ်ကို အထင်သေးရကား ဖရန်ဟိုဖာထံ တွင်တွင်ကြီးသွားနေသည်။ သို့သော်လည်း လစ်ဇ်နှင့်ဆုံမိချိန်၌ ဆွဲပြီးသည့်နောက် ပန်းချီကားအား မကြည့်ရန် မာရီရန်အား သတိပေးပြန်သည်။

ပန်းချီပြီးသည့်အခါ ဖရန်ဟိုဖာက လာကြည့်ရန်ပြောသည်။ ကြည့်မိသည့်အခိုက်ပြန် ဝုတ်ခနဲ ဒေါသထွက်သွားသော်လည်း တစတစ်နှင့် သူ့အရိပ်စစ်ကို မြင်ရသလို ဖြစ်လာသည်။ ဖရန်ဟိုဖာက ပန်းချီကို အိမ်ဖော်အား လုံခြုံစွာ သိမ်းလိုက်စေပြီး လူအများအကြည့်ခံရမည့် "လာဘဲနွက်ဇူ" အား ထပ်ရေးသည်။ မာရီရန်ရော လစ်ဇ်ပါ ထိုပန်းချီစစ်အား လူအများမတွေ့စေသည့်အတွက် ဝမ်းမြောက်ကြသလို သံသယကိုယ်စီငင်သည့် စုံတွဲများလည်း ပြန်အစေးကပ်သွားတော့သည်။

ဆုတံဆိပ်များ ပြင်ဆင်ရန်

၁၉၉၁ ခု ကိန်းရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံးဇာတ်ကားဆု ရသည်။ အကောင်းမြင်ဝေဖန်ချက်များရသကဲ့သို့ ဘီရာ့၏ အဝတ်မဲ့မြင်ကွင်း ကြာရှည်မှုမှာလည်း ပြောစမှတ်ဖြစ်ခဲ့သည်။

ချီကာဂိုဆန်းတိုင်းမ် (Chicago Sun-Times) မှ ရုပ်ရှင်ဝေဖန်သူ ရော်ဂျာအက်ဘက် (Roger Ebert) က ၂၀၀၉ ခု၊ ဧပြီလတွင် သူ၏ ဇာတ်ကားကောင်းများစုစည်းမှု ၌ ဤရုပ်ရှင်အား ထည့်သွင်းလိုက်သည်။

ဇာတ်ဆောင်နေရာများ ပြင်ဆင်ရန်

  • ဖရန်ဟိုဖာ အဖြစ် မိုက်ကယ် ပစ်ကိုလီ
  • လစ်ဇ် အဖြစ် ဂျိန်း ဘာကင်
  • မာရီရန် အဖြစ် အီမန်နျူရယ် ဘီရာ့
  • ဂျူလီယန် အဖြစ် မာရီရန် ဒန်နီကော့ (Marianne Denicourt)
  • နစ်ကိုလတ် (Nicolas) အဖြစ် ဒေးဗစ် ဘာစတိန်း (David Bursztein)
  • ပန်းချီဆရာလက် နေရာတွင် ဘားနက်ဒူဖူ (Bernard Dufour)